News

POST TYPE

EDITORIAL

သမိုင်းမှာကျန်ရစ်မည့် ဂုဏ်သိက္ခာ (Daily, Vol-7/No-137)
17-Sep-2019

လတ်တလော ရက်ပိုင်းများအတွင်း မွတ်စလင်ဆေးရုံနှင့် အစ္စလာမ်ဗလီများ အပါအဝင် နိုင်ငံတွင်းရှိ မတူကွဲပြားသည့် ဘာသာရေး အဖွဲ့အစည်းများနှင့် ဘာသာရေး အဆောက်အအုံများသို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်သွားရောက်ပြီး ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံကာ အလှူအတန်းများ ပြုလုပ်လျက်ရှိသည့် သတင်းများကို ထူးထူးခြားခြား တွေ့ရမြင်ရပေသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ရခိုင်အရေး၊ ဘင်္ဂါလီအရေးကိစ္စ၊ အထူးသဖြင့် ဘာသာရေးကိစ္စနှင့်ပတ်သက်၍ ပြင်းထန်စွာ ဝေဖန်ခံနေရရုံမက ယင်းကိစ္စအတွက် ဒဏ်ခတ်အရေးယူမှုများနှင့်ပင် ရင်ဆိုင်နေရသည့် တပ်မတော်ခေါင်းဆောင်တစ်ဦးအနေနှင့် ပြည်တွင်းမှ မတူကွဲပြားခြားနားသော ဘာသာရေး အဖွဲ့အစည်းများကို အလေးအနက်ထားကာ နွေးထွေးစွာ ဆက်ဆံခြင်းသည် ဒီမိုကရေစီ တည်ဆောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထူးအရေးကြီးသည့် လုပ်ဆောင်ချက်တစ်ရပ်ကို လုပ်ပြလိုက်ခြင်းဖြစ်သည်ဟုပင် ရှုမြင်မိပါသည်။

အမှန်အတိုင်းပြောရလျှင် ယခုလိုလုပ်ဆောင်ချက်မျိုးကို ဟိုးအစကတည်းက လုပ်ခဲ့သင့်သည်သာပင်ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ကောင်းသောအလုပ်၊ တစ်နည်းအားဖြင့် ဒီမိုကရေစီထူထောင်ရေးအတွက် အထောက်အပံ့ဖြစ်သော လုပ်ရပ်မျိုးဟူသည် နောက်ကျသည်မရှိပေ။

အရေးကြီးသည်မှာ လူမျိုးရေး ပြဿနာနှင့် စိတ်ဝမ်းကွဲပြားမှုများကြောင့် အခက်ကြုံနေရသည့် မြန်မာ့ဒီမိုကရေစီရေးအတွက် စည်းလုံးညီညွတ်မှု မြှင့်တင်ပေးနိုင်မည့် လုပ်ဆောင်ချက်မျိုး ပိုမိုလုပ်ဆောင်ပေးသွားရန်ပင်ဖြစ်သည်။

သို့မှသာ တပ်မတော်သည် မြန်မာ့ဒီမိုကရေစီ ရှင်သန်းရေးအတွက် ကြီးမားသည့် အတားအဆီးဖြစ်နေသော လူမျိုးရေးပြဿနာနှင့် စိတ်ဝမ်းကွဲပြားမှုများ ပေါ်ပေါက်အောင် လုပ်ဆောင်နေသည့် အဖွဲ့အစည်းမဟုတ်ဘဲ ဒီမိုကရေစီ ခိုင်ခိုင်မာမာ ရှင်သန်နိုင်ရေးအတွက် ကြီးမားသည့်အထောက်အပံ့ပေးနေသူအဖြစ် ပြည်တွင်းရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွင်ပါ ဂုဏ်သိက္ခာမြင့်တက်စေနိုင်မည်ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကြီးကို နိဒါန်းပျိုးပေးခဲ့သည့် တပ်မတော်သည် အများထင်သလို အစွန်းရောက် အမျိုးသားရေးအင်အားစုများကို မွေးထုတ်ပေးနေသူမဟုတ်ဘဲ မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ပေးနေသူဖြစ်ကြောင်း တဖြည်းဖြည်းချင်း အလုပ်ဖြင့်သက်သေထူသွားရန်ဖြစ်ပေသည်။

အခြားဘာသာရေးခေါင်းဆောင်များနှင့် အဖွဲ့အစည်းများအနေနှင့်လည်း နိုင်ငံရေး အမြတ်ထွက်ရေး တစ်ခုတည်းကိုသာ ကြည့်တတ်သည့် အင်အားစုအချို့၏ အသုံးချမှုများကို လိမ္မာပါးနပ်စွာ ရှောင်ရှားတတ်ရန် အထူးအရေးကြီးပေသည်။ လတ်တလော လေး၊ ငါးနှစ်အတွင်း ကြုံတွေ့ခဲ့ရသော လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခအချို့ကို စနစ်တကျ လေ့လာကာ သင်ခန်းစာကောင်းများ ယူသင့်လှပေသည်။

တပ်မတော်၏ ဖခင်ကြီးလည်းဖြစ်၊ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးလည်းဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် လေးစားမှတ်သားဖွယ် စကားတစ်ခွန်းရှိပေသည်။ ယင်းမှာ . . . “ဟေ့ကောင်တွေ မင်းတို့ကို ငါပြောသလို ငါကိုယ်တိုင်လည်းလုပ်တယ်ကွ”ဟူ၍ပင်။ ဗိုလ်ချုပ်၏ အတွင်းစိတ်နှင့် စရိုက်ကို ကောင်းစွာ ထင်ဟပ်နေသည့် မှတ်သားဖွယ်စကားလည်းဖြစ်ပေသည်။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေးတွင် အရေးပါသောနေရာမှ ပါဝင်မည့်သူများအနေနှင့် မိမိ လုပ်နေသည့်အတိုင်းပြောသလို ပြောသည့်အတိုင်းလည်း လုပ်ကြပါမှ သမိုင်းမှတ်တမ်းတွင် ဂုဏ်သိက္ခာအပေါင်းနှင့် ခညောင်းမည်ဖြစ်ကြောင်း မေတ္တာရှေ့ထားကာ အသိပေးလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၁၇-၉-၂၀၁၉)