News

POST TYPE

EDITORIAL

ခြေ/ဥ ပြင်တာ လွယ်သလား၊ ခက်သလား (Daily, Vol-7/No-136)
17-Sep-2019
ယမန်နေ့က တရားဥပဒေကောင်းများဟူသည် နိုင်ငံသားများအတွက် မိဘကဲ့သို့အရေးကြီးသည့်နေရာတွင်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။ 

မြန်မာပြည်တွင် တရားဥပဒေစိုးမိုးမှုမရှိခြင်းအကြောင်းကိုပြောလျှင် နိုင်ငံရေးဟူသည့် ဘူတာဟောင်းကြီးဆီသို့သာ မဆိုက်ချင်လည်း ပြန်ဆိုက်ရမည် ဖြစ်သည်။ ပါတီကြီးများအကြား နိုင်ငံရေး၊ စစ်တပ်နှင့် ဒီမိုကရေစီအင်အားစုတွေကြားက နိုင်ငံရေး၊ တိုင်းရင်းသားလက်နက်ကိုင်များအကြား နိုင်ငံရေး စသည်ဖြင့် နိုင်ငံရေးတွေ ဒုနှင့်ဒေးပင်။ 

မြန်မာ့နိုင်ငံရေးနယ်ပယ်သည် ဥပဒေပြဿနာထက် နိုင်ငံရေးပြဿနာက ပိုအဓိကကျကြောင်း ဒီမိုကရေစီအရေးတော်ပုံကြီးတွင် နှစ်ပေါင်းများစွာပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင်များ၊ တစ်နည်းအားဖြင့် နိုင်ငံရေးခေါင်းဆောင်များက မှတ်ချက်ပေးခဲ့ဖူးသည်ကို မှတ်မိနေပါသည်။ 

တကယ်တော့ နှစ်များစွာ Institution ခေါ် ဥပဒေ၊ မူဘောင်များ အားနည်း လာခဲ့သောကြောင့် နိုင်ငံရေးမှ လူပုဂ္ဂိုလ်ကြီးစိုးသော သို့မဟုတ် လူပုဂ္ဂိုလ်စွဲကြီးမားသော နိုင်ငံရေးမျိုးကို ဆိုလိုသည့်သဘောဖြစ်ပေသည်။ 

ပြီးခဲ့သည့် နှစ် ၅၀ ကျော်ကာလကို သမိုင်းမှတ်တမ်းများမှတစ်ဆင့် ပြန်ကြည့်မည်ဆိုပါက အာဏာအသီးသီး၊ နယ်ပယ်အရပ်ရပ်နှင့်သက်ဆိုင်သော အင်စတီကျူးရှင်းများ တိကျစွာပြဋ္ဌာန်းမှု၊ ထိုအင်စတီကျူးရှင်းများအတိုင်း စိုးမိုး၊ ထိန်းကွပ်မှုလုံးဝမရှိခဲ့သည်ကို တွေ့ရပေမည်။ သို့အတွက်ကြောင့် ၈ နှစ်ကျော်ကြာမြင့်လာသော အချိန်အထိပင် မိမိတို့ကိုယ်စီ၏ တာဝန်၊ လုပ်ပိုင်ခွင့်များ စနစ်တကျပိုင်းခြား မသတ်မှတ်နိုင်ဘဲဖြစ်နေကြဆဲပင်။ 

တစ်မျိုးထပ်ပြောပါက လူပုဂ္ဂိုလ်တစ်ဦး၊ အင်စတီကျူးရှင်းတစ်ခု အကြိုက် သို့မဟုတ် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှဖြစ်ခြင်းစသည်တို့ကို ကန့်သတ်ပိတ်ပင်ရန် ရေးဆွဲပြဋ္ဌာန်းသော ဥပဒေများ၏ အောက်သို့ နိုင်ငံနှင့် နိုင်ငံသားများ ရောက်ရှိနေမည်ဆိုပါက ပုဂ္ဂိုလ်ရေးဗဟိုပြုသည့် နိုင်ငံရေးပင်ဖြစ်ပေမည်။ 

ယနေ့ စက်တင်ဘာ ၁၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မူကြမ်းတစ်ရပ်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့က တင်သွင်းမည်ဟု သိရပါသည်။ “ဘာတွေပြင်ရန် ဘာတွေတင်မှာလဲ” ဆိုသည်ကို မသိရသေးသော်လည်း ခြေ/ဥပြင်ဆင်ရေးအပေါ် တပ်ဘက်က ပထမဆုံး ခြေလှမ်းဖြစ်သည့်အတွက် အလေးအနက်ထားစောင့်ကြည့်ရမည့်ကိစ္စဟု ဆိုရပေမည်။ 

လွှတ်တော်နိုင်ငံရေးစင်မြင့်ပေါ်တွင် အာဏာရပါတီ NLD နှင့် တပ်မတော်အကြား အပြန်အလှန်ထိုးနှက်ပြောဆိုမှုများစွာ ပေါ်ပေါက်စေခဲ့သော အဆိုပါ အခြေခံဥပဒေပြင်ဆင်ရေးသည် တကယ်တမ်းပြောရလျှင် နှစ်ဖက်စလုံးအတွက် များစွာခက်ခဲနေသည့် ကိစ္စမဟုတ်ပေ။ 

သို့သော် မည်သည့်အခန်း၊ မည်သည့်ပုဒ်မများကို ပထမဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယဦးစားပေး စသဖြင့် အဆင့်ဆင့် ပြင်ဆင်ကြမည်နည်းဟု မေးခွန်းထုတ်ကြည့်ပါက ဥပဒေပြဿနာနှင့် ပုဂ္ဂိုလ်ရေးပြဿနာ မည်သည်က ပိုအဓိကကျကြောင်း ပေါ်လွင်လာမည်သာပင်။ 

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်သာ လက်ရှိနိုင်ငံရေးကစားပွဲ၏ ကစားပွဲစည်းမျဉ်း စည်းကမ်းဖြစ်နေသောကြောင့် ယင်းကခွင့်ပြုထားသည့် စည်းကမ်းများအတိုင်း လိုက်နာပြင်ဆင်ကြမည်လော သို့မဟုတ် ယင်းစည်းကမ်းများသည်ပင် ပြုပြင်ရန် လိုအပ်သလောဆိုသော မေးခွန်းကို အာဏာရပါတီနှင့် တပ်မတော်တို့ညှိညှိနှိုင်းနှိုင်းအဖြေရှာကြရန် အထူးအရေးကြီးပေသည်။ 

မည်သို့ပင်ဖြစ်စေ “မူ” ထက် “လူပုဂ္ဂိုလ်” ၏ လွှမ်းမိုးမှုကြီးမားသော၊ လူပုဂ္ဂိုလ် နိုင်ငံရေးအားကောင်းခဲ့သော အစဉ်အလာရှိသည့် နိုင်ငံတွင် Institution ကောင်းများ၊ ဥပဒေကောင်းများကို လူပုဂ္ဂိုလ်ကောင်းများ၊ ခေါင်းဆောင်ကောင်းများ အားကိုးဖြင့် တည်ဆောက်နိုင်စေကြောင်းနှင့် ယင်းခေါင်းဆောင်ကောင်းများက လက်ရှိအကျပ်အတည်းများမှ ထွက်ပေါက်ကို ရှာဖွေတွေ့ရှိအောင် စွမ်းဆောင်နိုင်ကြစေကြောင်း ဆန္ဒပြုလိုက်ရပေသည်။ 

အယ်ဒီတာ (၁၆-၉-၂၀၁၉) 


  • VIA