News

POST TYPE

EDITORIAL

တောင်သူဦးကြီးတွေပေးမယ့် စိုက်ပျိုးရေးအမွေ (Daily, Vol-7/No-130)
09-Sep-2019



မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားအဖွဲ့ချုပ် (AFFM) က မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ သုံးသပ်ပြောဆိုမှုမှာ လွန်စွာမှ စိုးရိမ်စရာကောင်းလှပေသည်။

“လယ်ယာစိုက်ပျိုးရေးကျဆင်းလာပြီး အခြားစီးပွားရေးများ ပြောင်းလဲလုပ်ကိုင်လာခြင်းက စိုက်ပျိုးရေးကဏ္ဍ ရေရှည်တိုးတက်ရေးလမ်းကြောင်းအတွက် ကြီးမားသောစိန်ခေါ်မှုဖြစ်သည်”ဟူ၍ပင်။

ဘိုးစဉ်ဘောင်ဆက် ထွန်ယက်စိုက်ပျိုးသည့်အလုပ်နှင့် မွေ့လျော်ခဲ့ကြသည့် တောင်သူလယ်သမားကြီးများဖြစ်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင်သတ်မှတ်ခံခဲ့ရသော နိုင်ငံတစ်နိုင်ငံအတွက် AFFM ၏ အသိပေးချက်ကိုကြားရသည်မှာ ဝမ်းနည်းစရာပင်ကောင်းလှပါသည်။

တောင်သူကြီးများ၏ မျိုးဆက်သစ်လူငယ်တွေ လယ်ယာစိုက်ပျိုးရေးကိစ္စကို စိတ်မဝင်စားကြတော့ဘူးလား။ တောင်သူလယ်သမားဆိုသည့်ဂုဏ်ပုဒ်ကို လူငယ်တွေ အထင်မကြီးကြတော့တာလား။ အဘယ့်ကြောင့် လယ်ယာစိုက်ပျိုးရေးထက် အခြားစီးပွားရေးကို ပြောင်းလဲလုပ်ကိုင်သွားကြသနည်း စသည်ဖြင့် မေးခွန်းများစွာ မေးချင်စရာပင်။

ဒေသတွင်း ဗီယက်နမ်၊ ထိုင်း၊ လာအိုစသည့်နိုင်ငံများတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် နောက်ဆုံးပေါ်နည်းပညာများ၊ ခေတ်မီနည်းစနစ်များ အသုံးပြုပြီး အရည်အသွေးမြင့်မားသည့် ထွက်ကုန်များဖြင့် ကမ္ဘာ့ဈေးကွက်တွင် အပြိုင်အဆိုင် နေရာရယူရန် ကြိုးပမ်းနေစဉ် မြန်မာတွင်မူ လယ်ယာမြေမူဝါဒကိစ္စ၊ လယ်ယာမြေ သိမ်းခံရသည့်ကိစ္စ၊ သဘာဝဘေးအန္တရာယ်ကိစ္စ၊ စစ်ဘေးရှောင်ရသည့်ကိစ္စစသည့် အကြောင်းအမျိုးမျိုးကြောင့် တောင်သူအလုပ်မှာ ဝင့်ကြွားစရာမဟုတ်သော အလုပ်တစ်ခုသဖွယ်ဖြစ်လာနေရပေသည်။

ဤအချက်မှာ ဝမ်းနည်းစရာကောင်းလှသလို ရှက်စရာလည်းကောင်းပါသည်။ မြန်မာနိုင်ငံသို့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ရန် လာရောက်လေ့လာသော နိုင်ငံခြားလုပ်ငန်းရှင်အတော်များများ၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများမှ လုပ်ငန်းရှင်များ၏ ယေဘုယျတူညီသော မှတ်ချက်တစ်ခုရှိပါသည်။ ယင်းမှာ မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် စိတ်ပါလက်ပါလုပ်နေသူနည်းပါးသည်ဆိုသော မှတ်ချက်ပင်။

သူတို့၏အကဲဖြတ်ချက်မှာ မှန်လည်းမှန်နေပါသည်။ တကယ်တော့ ခေတ်အဆက်ဆက် တောင်သူလယ်သမားများကို အကာအကွယ်ပေး မူဝါဒကောင်းများမရှိခဲ့ခြင်း၊ မြေယာနှင့်ပတ်သက်သော တိကျခိုင်မာသည့် အာမခံချက်မရှိခဲ့ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများအပေါ် အာမခံပေးနိုင်သည့်စနစ်များ မရှိခြင်းတို့ကြောင့် နောက်ဆုံးတွင် မျိုးဆက်သစ်လူငယ်များအနေနှင့် လယ်ယာစိုက်ပျိုးရေးအလုပ်ကို စိတ်မဝင်စားလာကြခြင်းဖြစ်သည်။

တောင်သူဦးကြီးများကိုယ်တိုင်သည်ပင် သူတို့၏ရင်သွေးငယ်မျိုးဆက်များကို အာမခံချက်မရှိသည့် အလုပ်မျိုး အမွေဆက်ခံခွင့်မပြုလိုတော့သည့် သဘောထားများဖြစ်လာဟန်ရှိပေသည်။

အမှန်တွင် ဤအချက်သည် မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ရေရှည်တိုးတက်ရေးဆိုသည့် အရေးကိစ္စတစ်ခုတည်းအတွက်သာမက ပြည်တွင်း စားနပ်ရိက္ခာ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာမည့် စိန်ခေါ်မှုကြီးလည်းဖြစ်ရာ အစိုးရအနေနှင့် တောင်သူလယ်သမားကြီးများ အပါအဝင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ဖြစ်ပေါ် ကြုံတွေ့နေရသည့် အခက်အခဲများကို အမျိုးသားရေး အခက်အခဲအဖြစ် သတ်မှတ်ကာ စနစ်တကျ ဖြေရှင်းပေးရုံမက ရေရှည်ဖွံ့ ဖြိုးတိုးတက်မှုရှိစေမည့်မူဝါဒများ ချမှတ်နိုင်ရန်လည်း စတင်ကြိုးပမ်းသင့်ပေသည်။

ထို့အတူ လယ်ယာစိုက်ပျိုးရေးပညာရှင်များ၊ လယ်ယာစီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သော သက်ဆိုင်ရာ အသင်းအဖွဲ့များကလည်း မြန်မာ့လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာရေးအတွက် အချင်းချင်း လက်တွဲကာ ဦးနှောက်မုန်တိုင်းဆင်ကြရပါမည့်အကြောင်း မေတ္တာရပ်ခံလိုရင်းဖြစ်ပါသည်။

အယ်ဒီတာ (၉-၉-၂၀၁၉)