News

POST TYPE

EDITORIAL

အဓိပ္ပာယ်ရှိသော လူ (Daily, Vol-7/No-128)
07-Sep-2019
ယနေ့ခေတ်အခါမှာ Google ရဲ့ Search Engine ဟာ ဘယ်လောက် အတိုင်းအတာအထိ အသုံးဝင်သလဲဆိုတာ ထွေထွေထူးထူး မိတ်ဆက်နေစရာမလိုဘူးလို့ထင်ပါတယ်။ Google  ပေါ်စက စာရေးဆရာကြီး မောင်စူးစမ်း (ကွယ်လွန်)က ရှာစက်ဆိုပြီး ဘာသာပြန်ဖူးခဲ့ပါတယ်။ တချို့စာရေးဆရာတွေက “လိုတရ”လို့ တောင်တင်စားခဲ့ကြပါသေးတယ်။

ဘာရှာချင်သလဲ၊ အဲဒီ Google ရှာစက်ကြီးထဲမှာ အတော်များများ မရှာနိုင်တာဆိုလို့ မရှိသလောက်ပါပဲ။ အောမလက်ကြက်ဥကြော်နည်းကစလို့ ပေါက်ကွဲစေတတ်တဲ့နည်းပညာ (ဗုံးလုပ်နည်း)အထိ ရှာလို့ရပါတယ်။

အဲဒီတော့ Google  ရှာစက်ကြီးထဲမှာ What do People Want in Life ဆိုပြီး ရိုက်ထည့်ကြည့်မိပါတယ်။ (စာဖတ်သူတွေလည်း ရိုက်ရှာကြည့်လို့ရပါတယ်။ ကွန်ပျူတာနဲ့ဆို ပိုကောင်းပါတယ်) ဘဝမှာ လူသားတွေ အလိုချင်ဆုံးအရာတွေလို့ ဆိုရမှာပါပဲ။ Search ကို နှိပ်လိုက်တဲ့အခါမှာ ထုံးစံအတိုင်း ရှာစက်ကြီးက Top Result တွေကို ထိပ်ဆုံးက ပြပါတယ်။ ရှာတာနဲ့ အနီးစပ်ဆုံး အဖြေတွေကို ပြတာပါ။ လူသားစိတ်ပညာနဲ့ပတ်သက်တဲ့ သုတေသန ဖောင်ဒေးရှင်းကြီးတွေ၊ အဖွဲ့ကြီးတွေက ပြုလုပ်ထားတဲ့ သုတေသနတွေထဲက အချက်တွေကို ထိပ်ဆုံးမှာတင်ပြီးပြပေးတာလည်းဖြစ်ပါတယ်။

Result တွေထဲမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အလိုချင်ဆုံး အရာတွေကို ခွဲပြပါတယ်။ ရုပ်ပိုင်းမှာတော့ အိမ်ကြီးဂေဟာတို့၊ အကောင်းစားကားတို့၊ အကောင်းစား အဝတ်အစားတို့၊ ဈေးဝယ်ထွက်ဖို့ ပိုက်ဆံတို့၊ ဆွဲဆောင်မှုနဲ့ ကြင်နာမှုရှိတဲ့ အိမ်ထောင်ဖက်တို့က အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ မဆန်းဘူးလို့ပဲ ဆိုရမှာပါ။ အကောင်းစားပစ္စည်း မလိုချင်တဲ့သူဆိုတာ ခပ်ရှားရှားပါ။

စိတ်ပိုင်းဆိုင်ရာတွေထဲမှာ စစ်မှန်တဲ့ မိတ်ဆွေကောင်း ရှိချင်တာရယ်၊ ကိုယ့်ရန်သူနဲ့ ပြန်လည် သင့်မြတ်လိုတာရယ်က ထိပ်ဆုံးမှာ ရှိနေတာကို ထူးထူးခြားခြား တွေ့ရပါတယ်။ တတိယအဆင့်မှာတော့ မိမိမရှိတော့တဲ့နောက် မိမိကို အကောင်းမြင်တဲ့စိတ် (ချစ်တဲ့စိတ်)နဲ့ အောက်မေ့ အမှတ်ရနေစေချင်ကြတာကို တွေ့ရပါတယ်။

ကျွန်တော်တို့ လူသားတွေဟာ တိုက်ကြီးကြီး၊ ကားကောင်းကောင်း ဆိုတာထက် တကယ်တမ်းတော့ မိတ်ဆွေ အပေါင်းအသင်းကောင်း (စစ်မှန်တဲ့ အဆွေခင်ပွန်းကောင်း)ကို လိုချင်ကြတာ မငြင်းနိုင်ပါဘူး။ ဘုရား၊ ရဟန္တာမဟုတ်ကြတဲ့ ပုထုဇဉ် လူသားဆိုတာ တစ်ယောက်တည်း မနေချင်ကြပါဘူး၊ ဘယ်သူနဲ့မှ စကားမပြောဘဲ နေတဲ့အချိန် နည်းနည်းလေး ကြာလာရင်ကိုပဲ တစ်မျိုးတစ်မည်တွေ ဖြစ်လာတတ်ကြတယ်မဟုတ်ပါလား။ (ယခုလို ဖေ့စ်ဘွတ်ခ် သုံးတဲ့ခေတ်မှာဆိုရင် သည်ကနေ့ လူတစ်ယောက်နဲ့ အပြင်မှာ သိကျွမ်းခွင့်ရ၊ စကားတွေ ကောင်းကောင်းပြောခွင့်ရပြီးတာနဲ့ သူ့ကိုအဲဒီ ဖေ့စ်ဘွတ်ခ်မှာ ရှာကြတော့တာပဲ မဟုတ်လား။ Friend ဖြစ်အောင် ကြိုးစားကြတယ် မဟုတ်လား)

နောက်ပြီးတော့ ဘဝမှာ တစ်ချိန်တစ်ခါက ပြဿနာတက်ခဲ့ဖူး၊ ရန်ဖြစ်ခဲ့ကြဖူးပေမယ့် ဖြစ်နိုင်ရင် အဲဒီလူတွေ ကိုယ့်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံလာတာ၊ ဂရုတစိုက် လုပ်လာတာ၊ မေတ္တာထားလာတာကို လိုချင်ကြတာချည်းပါပဲ။ တစ်ခုခက်နေတာက ကိုယ်ကစပြီး မေတ္တာထားဖို့၊ လက်ဆွဲနှုတ်ဆက်ဖို့၊ မိတ်ဆွေကောင်းဖြစ်တယ်ဆိုတာကို ထုတ်ပြဖို့ ဝန်လေးနေလို့သာ (အရပ်စကားနဲ့ပြောရရင်) ရန်ဖြစ်ပြီး ပြန်မချစ်နိုင်တော့တဲ့ အနေအထားနဲ့ပဲ ဆက်နေသွားကြရတာပါ။

အာရှစကားပုံတစ်ခု ရှိပါတယ်၊ “မိတ်ဆွေတစ်ရာနဲ့ ရန်သူတစ်ယောက်ရှိတယ်ဆိုရင် ရန်သူတစ်ယောက်က တစ်ရာထက်များတယ်”လို့ဆိုပါတယ်။ အဲဒီတော့ ကိုယ်နဲ့ မသင့်မတင့် ဖြစ်ထားတဲ့သူတွေ ရန်ဖြစ်ထားတဲ့သူတွေ ရှိခဲ့မယ်ဆိုရင် ကိုယ့်ဘက်ကစပြီး အကောင်းမြင်စိတ်လေးမွေးပြီး လက်ဆွဲနှုတ်ဆက်ဖို့၊ ဖြစ်ပြီးခဲ့တာတွေအတွက် တောင်းပန်ဖို့ဆိုတာကို မဖြစ်မနေ ကြိုးစားကြည့်သင့်တယ်လို့ ထင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ လူတွေက သူတို့မရှိတော့တဲ့နောက် သူတို့ကို ကျန်ခဲ့တဲ့သူတွေက ချစ်တဲ့စိတ်လေးနဲ့ အောက်မေ့နေတာကို လိုချင်ကြတယ်ဆိုတာပါ။ လူတိုင်းနီးပါး အဲဒီလို တွေးတောကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ခက်နေတာက ဘဝမှာ ရှင်သန် ရုန်းကန်နေတုန်း၊ နေထိုင်ခွင့်ရတုန်း ကိုယ်က သူ့ကိုဘာပေးရမလဲ ဆိုတာထက် ကိုယ့်အတွက် သူဘာပေးမလဲဆိုတဲ့ စဉ်းစားပုံ စဉ်းစားနည်းက ခေါက်ရိုးကျိုးနေခဲ့ ကြာတာချည်းပဲ မဟုတ်လား။ ကိုယ်က “ပေး”တဲ့ဘက်မှာ ပျော်မွေ့သူဖြစ်နေမယ်ဆိုရင် တိုင်းပြည်ခေါင်းဆောင်ဖြစ်ဖြစ်၊ ထင်ရှားကျော်ကြားတဲ့ ဆယ်လီဖြစ်ဖြစ်၊ သာမန်အညတရ ပြည်သူတစ်ယောက်ပဲဖြစ်ဖြစ် အားလုံးက သူ့အကြောင်းပြောတိုင်း ချစ်ခြင်းမေတ္တာတွေ တိုးပွားနေမှာပဲဖြစ်တယ်လို့ ပြောလိုပါတယ်။

Google ရှာစက်ကတွေ့တဲ့ လူသားတွေ အလိုချင်ဆုံးအရာတွေထဲက ကောက်နုတ်ချက်တချို့ကို ဖတ်ရှုပြီး စာဖတ်သူတွေလည်း ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာတွေကို စနစ်တကျရှာပြီး ဘဝမှာ အဓိပ္ပာယ်ရှိရှိ နေထိုင်သွားတတ်လိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ။

အယ်ဒီတာ (၇-၉-၂၀၁၉)