News

POST TYPE

EDITORIAL

မွန်ဂျေအင်းခရီးစဉ်နှင့်အတူ အရှိန်ပြန်တင်ရမည့် နိုင်ငံတကာဆက်ဆံရေး (Daily, Vol-7/No-127)
05-Sep-2019

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း ပထမဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်ခဲ့ရာတွင် မြန်မာအစိုးရက နွေးထွေးပျူငှာစွာ ကြိုဆိုခဲ့ပြီး ခရီးစဉ်အတွင်း ပညာရေး၊ စက်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေး အစရှိသည်တို့အပါအဝင် နားလည်မှု စာချွန်လွှာများကိုလည်း မြန်မာ - တောင်ကိုရီးယားနှစ်နိုင်ငံ ရေးထိုးနိုင်ခဲ့သည်ကို တွေ့ရပေသည်။

မြန်မာနှင့် (တောင်) ကိုရီးယားဟူသည် များစွာ မစိမ်းသောနိုင်ငံများဖြစ်ပြီး ထူးခြားသည့် မေ့မရနိုင်သော သမိုင်းဝင် အမှတ်တရများလည်းရှိသည့် နိုင်ငံများဖြစ်သည်။ ၁၉၈၃ ခုနှစ်၊ ထိုစဉ်က သမ္မတချန်ဒူးဝမ် မြန်မာပြည်သို့လာရောက်လည်ပတ်ခဲ့စဉ်ကဆိုလျှင် မြောက်ကိုရီးယားမှအေးဂျင့်များကြောင့် ရန်ကုန်မြို့ အာဇာနည်ကုန်း၌ ရုပ်ဆိုးအကျည်းတန်သည့် လုပ်ကြံမှုကြီး ပေါ်ပေါက်သည်အထိဖြစ်ခဲ့ရဖူးသည်။

သို့သော် မြန်မာရော တောင်ကိုရီးယားအစိုးရတို့က ကြိုးပမ်းချက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ပုံမှန်အတိုင်းပင် ချစ်ကြည်ရင်းနှီးမှုရှိခဲ့သည်မှာ ယနေ့အချိန်အထိဖြစ်ပေသည်။ ယခုခရီးစဉ်တွင် အာဇာနည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုရုံမက တစ်ချိန်က အာဇာနည်ဗိမာန် ဗုံးခွဲခံရမှုတွင် သေဆုံးခဲ့ရသော တောင်ကိုရီးယားနိုင်ငံသားများ၏ အောက်မေ့ဖွယ် အထိမ်းအမှတ်အဆောက်အအုံသို့လည်း သမ္မတမွန်ဂျေအင်းအနေနှင့် သွားရောက်ဂါရဝပြုသည်ကိုတွေ့ရပါသည်။

(တောင်) ကိုရီးယားသည် မြန်မာတို့နှင့် မစိမ်းသောနိုင်ငံဟုပင်ဆို၍မရနိုင်ပေ။ မြန်မာလူငယ်လူရွယ်များအပေါ်သာမက မြန်မာပြည်သူအတော်များများကို ယဉ်ကျေးမှုအရ လွှမ်းမိုးထားနိုင်သော ထူးခြားသည့်နိုင်ငံဖြစ်သည်။ မြန်မာအများစု အထင်ကြီးအားကျသည့် ဂျပန်နိုင်ငံသည်ပင် ယဉ်ကျေးမှုအရ တောင်ကိုရီးယားလောက် မြန်မာတို့အပေါ် လွှမ်းမိုးနိုင်ခြင်းမရှိပေ။ ကင်မ်ချီအစားအစာမှသည် K-Pop အထိ မြန်မာပရိသတ်အခိုင်အမာရအောင် လုပ်ထားနိုင်သည် မဟုတ်ပါလော။

(တောင်) ကိုရီးယားတို့သည် ယခင်တပ်မတော်အစိုးရလက်ထက် ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးရန် ပြင်ဆင်ချိန်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် တံခါးဖွင့်ပေးချိန်ကတည်းက မြန်မာနိုင်ငံ၏ နယ်ပယ်အတော်များများတွင် စီးပွားရေး ဝင်ရောက်လုပ်ကိုင်လာသူများဖြစ်ကြသည်။ မြန်မာတွေ ကိုရီးယားအကြောင်း စိတ်ဝင်တစားရှိသလို ကိုရီးယားလုပ်ငန်းရှင် အတော်များများလည်း မြန်မာအကြောင်း ကောင်းကောင်းသိကြပေသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် အံ့မခန်းပြုပြင်ပြောင်းလဲရေး ခြေလှမ်းများကြောင့် နိုင်ငံတကာစင်မြင့်ပေါ်သို့ မျက်နှာပန်းလှစွာ တက်ရောက်နိုင်ခဲ့သော်လည်း ၂၀၁၆-၁၇ လောက်ကစပြီး ရခိုင်အရေးကိစ္စကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၌ မျက်နှာညှိုးငယ်ခဲ့ရသည်။ ကံကောင်းထောက်မ၍သာ အပယ်ခံဘဝသို့ ပြန်မရောက်ခဲ့ခြင်းပင်ဖြစ်သည်။

ယခုလို သံခင်းတမန်ခင်းဖြင့် နိုင်ငံတကာဆက်ဆံရေး အရှိန်မြှင့်တင်ရန် အထူးလိုအပ်နေချိန်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းလာရောက်လည်ပတ်မှုမှာ အထူးကြိုဆိုရမည့်ကိစ္စပင်။

နိုင်ငံတကာဆက်ဆံရေး မြှင့်တင်ရန်ဟုဆိုရာတွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန တစ်ခုတည်းကိုသာမဆိုလိုဘဲ အရေးကြီးသော အစိုးရ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ အားလုံးသည် နိုင်ငံတကာ ဆက်ဆံရေးအမြင်ရှိရန်လိုကြောင်း ဆိုလိုရင်းဖြစ်သည်။

နိုင်ငံအခြေအနေချင်း၊ အရွယ်အစား၊ စီးပွားရေးစသည့်အချက်များ မတိမ်းမယိမ်းရှိလျှင်ပင် နိုင်ငံတကာ ဆက်ဆံရေးအားကောင်းသောနိုင်ငံက မိမိအကျိုးစီးပွားကို ပိုမိုထိရောက်စွာ ဖော်ဆောင်နိုင်ကြောင်း နယ်ခြားများ ကင်းမဲ့လာကာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပိုမိုနီးကပ်လာနေသည့် ၂၁ ရာစုခေတ်အခါတွင် ပိုမိုသိသာ ထင်ရှားလာသည်ကိုတွေ့ရပေသည်။

နိုင်ငံကြီးများသည် နိုင်ငံတကာနှင့်ဆက်ဆံရန် လိုချင်မှလိုမည်ဖြစ်သော်လည်း အရွယ်အစားသေးငယ်သော၊ အဘက်ဘက်မှ အားနည်းသော နိုင်ငံများသည် မိမိနိုင်ငံကြီးပွားတိုးတက်အောင် စွမ်းဆောင်နိုင်ရေးအတွက် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် အားသွန်မကြိုးပမ်းဘဲ မည်သို့မျှမဖြစ်နိုင်ပေ။ မြန်မာနိုင်ငံမှာမူ သေးငယ်သလို အားနည်းသည့်အပြင် နိုင်ငံကြီးများစွာ မြန်မာနိုင်ငံတွင် ခြေပြိုင်နေခြင်း၊ နိုင်ငံတကာ မီးမောင်းအောက်တွင် ကျရောက်နေခြင်း၊ နိုင်ငံတကာ ဆက်ဆံရေးအမြင် အားယုတ်ခဲ့ခြင်းဟူသော အင်္ဂါရပ်များပါ အပိုဆောင်းရှိနေသောကြောင့် နိုင်ငံတကာ ဆက်ဆံရေးကို အရှိန်တင်သင့်ပြီဖြစ်ကြောင်း အကြံပြုလိုရင်းဖြစ်ပါသည်။

အယ်ဒီတာ (၅-၉-၂၀၁၉)