News

POST TYPE

EDITORIAL

Taboo ဆိုတာကို နားလည်ကြည့်ခြင်း (Daily, Vol-7/No-126)
04-Sep-2019

Taboo (တဗူး) ဆိုသည့် စကားလုံးကို အင်္ဂလိပ်စာစိတ်ဝင်စားသူများနှင့် ဘဝဒဿန အတွေးအခေါ် အယူအဆပိုင်းဆိုင်ရာ တော်လှန်လိုသူအတော်များများ သိကြပေသည်။ ဘာသာရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် Taboo နှင့်ဆိုင်သောကိစ္စများ ပိုများနေလေ့ရှိသည်ကိုလည်းတွေ့ရပါမည်။

“ဆောင်ရန်ထက် ရှောင်ရန်တားမြစ်ပိတ်ပင်ထားသောအမှု” သို့မဟုတ် ရှောင်ကြဉ်ရန် လူအများက သဘောတူလက်ခံထားသည့်အရာအဖြစ်လည်းကောင်း၊ မပြောအပ်၊ မပြုအပ်သောကိစ္စအဖြစ် အများကသတ်မှတ်ထားသည့်အရာအဖြစ်လည်းကောင်း အဘိဓာန်များက Taboo ကိုအဓိပ္ပာယ်ဖွင့်ကြပေသည်။

လိင်မှတစ်ဆင့်ကူးစက်နိုင်သည့်ရောဂါများ (STDs) ဘေးအန္တရာယ်ကြောင့် ကွန်ဒုံးအသုံးပြုမှုမြင့်တက်စေရန် မိတ်ဆွေအပေါင်းအသင်းချင်း၊ ဆရာ-တပည့်ချင်း သတိပေးပြောဆိုမှုများမှာ ရှေးယခင်က Taboo ကိစ္စများဖြစ်ခဲ့သော်လည်း ယနေ့ခေတ် ယနေ့အခါတွင်မူ အထူးအဆန်းမဟုတ်တော့ပေ။

လူအများစု၏ သတ်မှတ်ချက် (ဝါ) လူ့အဖွဲ့အစည်း၏ စံတန်ဖိုးများကြောင့် မပြောရဲ၊ မဆိုရဲ၊ မလှန်လှောရဲလောက်အောင် အရှက်တရားရော၊ အကြောက်တရားဖြင့်ပါ ချုပ်ထိန်းထားသည့်ကိစ္စတို့သည် Taboo များပင်ဖြစ်ပေသည်။

“အားနာခြင်း”ဆိုသည့် ဓလေ့စရိုက်ရှိသော မြန်မာ့လူ့အဖွဲ့အစည်းအတွက်မူ Taboo ကိစ္စက အခြားလူ့အဖွဲ့အစည်းများထက် ပို၍ပင် Taboo ကိစ္စတွေများ ပြားနေမည်မှာအသေအချာပင်။

မကြာသေးခင်က ကမ္ဘာ့အမွေအနှစ်စာရင်းထဲသို့ ပုံဂံဒေသထည့်သွင်းခံရခြင်းအပေါ် မြန်မာတို့ကြည်ညိုလေးစားသည့် ဆရာတော်ကြီးတစ်ပါး၏ မှတ်ချက်နှင့်ပတ်သက်၍ ဝေဖန်ပြောဆိုရန် သင့်၊ မသင့် စဉ်းစားချင့်ချိန်ရခြင်းမျိုးမှာလည်း Taboo ကိစ္စနှင့်သက်ဆိုင်နေပေသည်။ ဘာသာရေးခေါင်းဆောင်တစ်ဦးဦး သို့မဟုတ် သင်္ကန်းဝတ်ထားသူတစ်ဦးဦးကို ကြည်ညိုသော်လည်း ၎င်းတို့၏ ပြုမူပြောဆိုချက်အချို့ကို သဘောမတူသောကြောင့် ဝေဖန်မိလျှင် ငရဲကြီးနိုင်သလားဆိုသည်မှာ ဆန်းစစ်ကြည့်စရာကောင်းလှသည့် Taboo ကိစ္စပင်။

ကိုယ့်အပေါ်ကျေးဇူးပြုဖူးသူ၊ လူအများနှင့် တိုင်းပြည်၏အကျိုးကိုပြုနေသူများဖြစ်သော်ငြား No One is Perfect ဆိုသည့် သဘောအရ ၎င်းတို့အမှားပြုမိသောအခါ ဝေဖန်မိလျှင်လည်းကောင်း၊ သူတို့၏လွဲမှားမှုအချို့ကို ဝေဖန်ထောက်ပြလျှင်သော်လည်းကောင်း အားနာတတ်သည့် မြန်မာတို့အနေနှင့် Taboo ဖြစ်၊ မဖြစ် လွန်စွာဆန်းစစ်ကြည့်သင့်ပေသည်။

နိုင်ငံရေးတွင်လည်း Taboo များစွာရှိပေသည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးကို နောက်လိုက် နိုင်ငံရေးရဲဘော်ရဲဘက်များ မဝေဖန်ရဲ၊ မထောက်ပြရဲဖြစ်ခြင်းကြောင့် တော်လှန်ရေးကာလနောက်ပိုင်း ပြန်လည်တည်ဆောက်ရေးဘက်၌ ပြဿနာများစွာတက်ကြရသော သာဓကများ ကမ္ဘာ့နိုင်ငံအတော်များများတွင်ရှိကြပေသည်။

အသွင်ကူးပြောင်းနေဆဲကာလဖြစ်သောကြောင့် သက်ဆိုင်ရာ အင်စတီကျူးရှင်းများ မခိုင်မာသေးချိန်၊ နယ်ပယ်အသီးသီး၌ ပရော်ဖက်ရှင်နယ်ဆန်သူများ နည်းပါးနေသေးချိန်တွင်၊ တစ်နည်းအားဖြင့် မူဝါဒများကောင်းသည်ထက်ပိုကောင်းအောင် တည်ဆောက်ရယူဆဲကာလတွင် မြန်မာတို့အနေနှင့် မူဆိုတာထက် လူဆိုသော ခေါင်းဆောင်ကောင်းများကိုသာ အားကိုးရဦးမည်ဖြစ်ရာ အဆိုပါ ခေါင်းဆောင်များကို အပြုသဘောဆောင်စွာ ယဉ်ကျေးစွာဖြင့် ဝေဖန်ထောက်ပြရင်း Taboo ကိုလည်းမထိခိုက် ဒီမိုကရေစီစံနှုန်းများလည်း မလျော့ပါးစေဘဲ လမ်းဆက်လျှောက်ကြရမည်ဖြစ်ကြောင်း ပြောလိုရင်းဖြစ်ပါသည်။

အယ်ဒီတာ (၄-၉-၂၀၁၉)