News

POST TYPE

EDITORIAL

ငြိမ်းချမ်းရေး ဆုံမှတ်နှင့် လွဲနေသူများသို့ (Daily, Vol-7/No-124)
02-Sep-2019

ငြိမ်းချမ်းရေး ဆိုသည်မှာ မြန်မာနိုင်ငံတွင် သာမက တိုက်ပွဲများ၊ စစ်ပွဲများ ဖြစ်ပွားနေသည့် မည်သည့်အရပ်ဒေသတွင်ရှိနေသူမဆို လိုလိုလားလား ရှိကြသည့်အရာဖြစ်ပါသည်။ မငြိမ်းချမ်းချင်သော၊ မတည်ငြိမ်ချင်သောသူဟူ၍ ရှိမည်မဟုတ်ပေ။

ငြိမ်းချမ်းရေးစကားတို့၊ ငြိမ်းချမ်းရေးစကားဝိုင်းတို့၊ ငြိမ်းချမ်းရေး ဒိုင်ယာလော့ခ်တို့ဆိုလျှင် အခြားသောခေါင်းဆောင်များမဆိုထားနှင့်၊ သဘောထားခက်ထန်လှသည့် စစ်ဘုရင် Warlord များသည်ပင် လိုလိုလားလားရှိပါကြောင်း တုံ့ပြန်ပြောဆိုကြမည်သာပင်။

စစ်ဘက်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ကူးပြောင်းခဲ့သည့် ၂၀၁၁ ခုနှစ်မှစတင်ကာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ဦးတည်သည့်လမ်းကြောင်းကြီးတစ်ခု နှစ်ပေါင်းများစွာအတွင်း ထူးထူးခြားခြား ပေါ်ထွက်လာခဲ့ပါသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ အံ့အားသင့်လောက်အောင် ဖြစ်ခဲ့ရသည့် အဆိုပါပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးနှင့်အတူ ပေါ်ပေါက်လာသော ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အခွင့်အလမ်းများကို ယနေ့အချိန်အထိ ဖမ်းဆုပ်နိုင်စွမ်းမရှိခဲ့ကြခြင်းပင်။

မည်သည့်နိုင်ငံတွင်မဆို အသွင်ကူးပြောင်းမှု (ပြုပြင်ပြောင်းလဲမှု) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်တိုင်း စိန်ခေါ်မှုနှင့် အခွင့်အလမ်းဟူသည် ပေါ်ပေါက်စမြဲပင်။ သို့သော် ပြုပြင်ပြောင်းလဲမှုလုပ်တိုင်း အခက်အခဲနှင့် ကြုံတွေ့ကြရသည်မှာ အခွင့်အလမ်းထက် စိန်ခေါ်မှုများက ပို၍ထင်သာမြင်သာရှိခြင်းကြောင့်ဖြစ်ပေသည်။

အမှန်တွင် ငြိမ်းချမ်းရေး၊ ဖွံဖြိုးရေး အစရှိသည်တို့နှင့်ဆိုင်ရာ အခွင့်အလမ်းများဟူသည် ဉာဏ်အမြော်အမြင်ရှိသော၊ မြင်တတ် ကြည့်တတ် နားလည်သဘောပေါက်တတ်သည့်သူတို့သာ အမိအရဖမ်းဆုပ်ကာ ရလဒ်ကောင်းတစ်ခုဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိကြပေသည်။

တစ်ဖက်ပိတ်ဈေးဆစ်သည့် အလေ့အထနှင့် “မရလျှင်အရှင်း ရလျှင်ဆီထမင်း”ဆိုသည့်သဘောတရားများကြီးစိုးသည့် မြန်မာ့နိုင်ငံရေးတွင်မူ အခက်အခဲနှင့် စိန်ခေါ်မှုများထဲတွင် ပုံဖျက်ပြီးရှိနေသည့် အခွင့်အလမ်းများကိုတွေ့နိုင်သူ မြင်နိုင်သူနည်းပါးခြင်းကြောင့်သာ ငြိမ်းချမ်းရေးမှာ ဝေးသည်ထက်ဝေးသလို ခံစားနေကြရခြင်းပင်ဖြစ်ပါသည်။

တစ်မျိုးပြောရလျှင် အခွင့်အလမ်းများကို အခက်အခဲများဟုသာမြင်ပြီး စိတ်ပျက်လက်လျှော့ကာ ပိုနေမြဲကျားနေမြဲ အနေအထားတွင်သာ ဆက်နေရန် ဆုံးဖြတ်သူများကြောင့် ဝေးသည်ထက်ဝေးနေခြင်းပင်ဖြစ်သည်။

များစွာသေချာသည့်အချက်မှာ ငြိမ်းချမ်းရေးဟူသည် မိမိမဟုတ်သည့် အခြားသူ တစ်ဦးတစ်ယောက်၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ပေးသနားပါမှရနိုင်သည့် အရာမျိုးမဟုတ်ဘဲ မိမိကိုယ်တိုင်နှင့် မိမိလူ့အဖွဲ့အစည်းတွင် နေထိုင်သူများက တစ်ဦးနှင့်တစ်ဦးလက်တွဲ ဖော်ဆောင်မှရနိုင်သည့်အရာပင်ဖြစ်ပေသည်။

မတူကွဲပြားမှုများအပေါ် စာနာနားလည်နိုင်စွမ်း မတူညီသော အင်အားစုများအကြား ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းကြီးမားလေ ညီညွတ်လေသာဖြစ်ပြီး ငြိမ်းချမ်းရေးဟူသည့် ရုပ်လုံးလည်း ပိုမိုပီပြင်လာမည်သာပင်ဖြစ်ကြောင်းနှင့် တစ်ဦးပေါ်တစ်ဦး အသာစီးရလိုမှုသာ အလေးပေးနေမည်ဆိုပါက လူကြားကောင်းအောင် ဒိုင်ယာလော့ခ်များ မည်သို့ပင် ပြုလုပ်နေစေကာမူ ငြိမ်းချမ်းရေးဆုံမှတ်နှင့် လွဲနေကြရဦးမည်သာဖြစ်ကြောင်း ပြောလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၂-၉-၂၀၁၉)