News

POST TYPE

EDITORIAL

သတင်းမီဒီယာများကို စိန်ခေါ်နေသည့် လက်သည်မပေါ်သော ပစ်ခတ်သံများ (Daily, Vol-7/No-123)
01-Sep-2019

ယမန်နေ့က ပြည်ထောင်စုအစိုးရနှင့် KIA, TNLA, MNDAA နှင့် AA စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှမ်းပြည်နယ်ကျိုင်းတုံမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးမှုစတင်နေစဉ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အနီး တိုက်ပွဲများဖြစ်ပွားပြီး လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သားငါးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရမှုဖြစ်ပွားခဲ့ပေသည်။ ယင်းဖြစ်ရပ်တွင် သေဆုံးခဲ့သော လသားအရွယ်ကလေးငယ်၏ဓာတ်ပုံ လူမှုကွန်ရက်ပေါ် တွင်ပျံ့နှံ့သွားရာ မြင်တွေ့လိုက်ရသူ ပြည်သူတိုင်း စိတ်နှလုံးလွန်စွာထိခိုက်ခဲ့ကြရပါသည်။

ကွတ်ခိုင်မြို့တစ်နေရာတွင် အပြစ်မဲ့ လူမမည်ကလေးငယ်တစ်ဦး ယခုလို အဖြစ်ဆိုးနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရခြင်းအတွက် လက်နက်ကြီးကို ပစ်ခတ်ခဲ့သည့် (မည်သူမည်ဝါမှန်း မသိသော) အုပ်စုကိုလည်းကောင်း၊ မြန်မာပြည်၏ သက်ဆိုးရှည်နေသော ပြည်တွင်းစစ်ကြီးကိုလည်းကောင်း မြန်မာပြည်သူလူထု၏ စက်ဆုပ်ရွံရှာမှုမှာလည်း ယခင်ကထက် ပို၍ပင် ဒီဂရီမြင့်တက်လာပေသည်။

ထို့အတူ လက်ရှိဖြစ်ပွားနေသော အရပ်သားပိုင် မော်တော်ယာဉ်များ မီးရှို့ခံရ၊ အကူအညီပေးသည့် ကြက်ခြေနီများ ပစ်ခတ်ခံရ၊ အပြစ်မဲ့ အရပ်သားများ သေကြေပျက်စီးရ၊ လမ်းပန်းဆက်သွယ်ရေး စသည့်အခြေခံအဆောက်အဦများ ပျက်စီးရ အစရှိသည့်ကိစ္စများအတွက် အဓိက တာဝန်ရှိသူ မည်သူမည်ဝါဆိုသည်မှာလည်း အရေးတကြီး ဆွေးနွေးစရာ အကြောင်းကိစ္စတစ်ခုဖြစ်လာပေသည်။

လောလောဆယ်အနေအထားတွင် ယင်းတိုက်ပွဲများနှင့်ပတ်သက်၍ ပြည်တွင်းသတင်းမီဒီယာများ (Mainstream မီဒီယာများ) အားလုံးနီးပါးအနေနှင့်လည်း မည်သူမည်ဝါပစ်ခတ်သောကြောင့် အရပ်သားများ သေဆုံးရသည်ဆိုသော အချက်ကို ဖော်ထုတ်ရေးသားနိုင်သည့် အနေအထား မရှိသည်ကို သတိပြုမိပါသည်။ ထိုသို့ မဖော်ထုတ်နိုင်သည့် အဓိကပြဿနာမှာလည်း အမှန်တကယ်တိုက်ပွဲများ ဖြစ်နေသည့် (ပစ်ခတ်မှုများရှိနေသည့်) နေရာ၊ တစ်နည်းအားဖြင့် Field ထဲသို့ ကွင်းဆင်းသတင်းယူနိုင်သည့် အခြေအနေမရှိ၊ သို့မဟုတ် စိတ်ချယုံကြည်ရသည့် သတင်းရင်းမြစ်မရှိခြင်းကြောင့်ပင်ဖြစ်ပါသည်။ သတင်းမီဒီယာများ အဓိက အားထားနေရသည့် သတင်းရင်းမြစ်မှာ ယင်းဒေသသို့သွားရောက်ကာ လူသားချင်း စာနာထောက်ထားသော အကူအညီများ ပေးနေသည့် စေတနာ့ဝန်ထမ်းများနှင့် ပြည်တွင်း အန်ဂျီအိုများသာ ဖြစ်နေပေသည်။

ထို့ပြင် တိုက်ပွဲဖြစ်သည့် နယ်မြေများမှ ဒေသခံအများစုဘက်က ၎င်းတို့၏ လုံခြုံရေးအရ အတိအကျ ထုတ်ဖော်ပြောဆိုရဲမှု မရှိခြင်းကလည်း တိကျခိုင်မာသည့် သတင်းရင်းမြစ်ကို ကိုးကားဖော်ပြနိုင်သော သတင်းများဖန်တီး၍ မရနိုင်သလို ဖြစ်နေပေသည်။ သတင်းစာပညာ လေ့လာဖူးသူတိုင်း သိကြသည့်အတိုင်းပင် သတင်းတစ်ပုဒ်ရေးသားရာ၌ ကျင့်ဝတ်နှင့်အညီ သတင်းရရှိရာ အရင်းအမြစ်များကို စနစ်တကျ ရေးသားဖော်ပြရသည်ဖြစ်ရာ “သိရှိရသည်”ဆိုရုံမျှဖြင့် သတင်းအစအန ကြားရုံမျှသဘောမျိုးကို သတင်းအဖြစ် သတ်မှတ်ရေးသား၍မရပေ။

သတင်းမီဒီယာများအနေနှင့် တိုက်ပွဲဖြစ်နေသည့်နယ်မြေထဲသို့ ကိုယ်တိုင်ကွင်းဆင်းကာ အသေးစိတ် ထုတ်ဖော်ရေးသားခြင်းမျိုး (First Hand Account သတင်းမျိုး) ကို ဖော်ထုတ်ရေးသားနိုင်သည့် အခြေအနေမရှိသည်မှာ မှန်သော်လည်း လက်ရှိ အနေအထားသည် “မည်သည့်အုပ်စုက ပစ်ခတ်ပါသည်”ဟု တိကျခိုင်မာသော အထောက်အထားဖြင့် တစ်ဖန်ပြန်လည်ပြောပြသည့် Second Hand Account သတင်းမျိုး (သတင်းရင်းမြစ်မျိုး)ကိုပင် ရေးသားနိုင်သည့် အခြေအနေတွင်မရှိသည်မှာ အားမလို အားမရဖြစ်စရာပင်။

သို့အတွက်ကြောင့် လက်ရှိ အရပ်သားများ သေဆုံးမှု၊ အခြေခံအဆောက်အဦများ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက ၎င်းတို့ လက်ချက်မဟုတ်ကြောင်း အလွယ်တကူ ငြင်းချက်ထုတ်၍ရနေပေရာ ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲခံနေရသည့် ပြည်သူလူထုမှာ ဗြောင်လိမ်ဗြောင်စား လုပ်တာကို သိလျက်နှင့် ငြိမ်ခံနေရသည့် အခြေအနေသို့ သူ့အလိုလို ရောက်ရှိသွားပေသည်။

မည်သို့ပင်ဆိုစေ သတင်းမီဒီယာများ လက်ရှိကြုံတွေ့နေရသော အခက်အခဲသည် မြန်မာပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် အရေးအကြီးဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်ရုံမျှမက ဒီမိုကရေစီ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော တာဝန်ယူမှုနှင့် တာဝန်ခံမှုသာမက လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်ရှိသည့် သတင်းမီဒီယာများ မကွယ်ပျောက်သွားရေးအတွက်ပါ စမ်းသပ်ချက်တစ်ရပ် ဖြစ်နေကြောင်း သတိပေးထောက်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၁-၉-၂၀၁၉)