News

POST TYPE

EDITORIAL

အတွေ့အကြုံ ဝေမျှချင်သည့် ဝါရင့်၊ သမ္ဘာရင့်များ(Daily, Vol-7/No-112)
19-Aug-2019

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန်ပြည်ထောင်စု၏ သက်တမ်းရင့် မဂ္ဂဇင်းတစ်စောင်ဖြစ်သော The Atlantic က ယခင်အမေရိကန်သမ္မတအိုဘားမား လက်ထက်က Deputy National Security Advisor အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်သူ ဘန်ရုတ်စ် (Ben Rhodes) ရေးသားသော ဆောင်းပါးရှည်တစ်ပုဒ်ကို ဖော်ပြသွားပါသည်။ ဆောင်းပါးနာမည်က “What happened to Aung San Suu Kyi” ဟူ၍။ ခေါင်းစဉ်မြင်ရုံနှင့်ပင် အတော့်ကို စိတ်ဝင်စားသွားမိပါသည်။

ဖတ်ကြည့်သည့်အခါ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကြီးနှင့် ခေတ်သစ်မြန်မာ့သမိုင်းကြောင်းများကို နောက်ခံကားချပ်အဖြစ် ထည့်သွင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို အဓိက အလေးပေး ရေးသားထားသည့် ဆောင်းပါးဖြစ်နေပေသည်။ အရေးအသားမှာ ဖြစ်ရပ်မှန်ကို အခြေခံထားသည့် ဝတ္ထုပုံစံမျိုးပင်။

NLD ပါတီ၊ ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့တပ်မတော် စသည့် မြန်မာ့ နိုင်ငံရေး၏ အရေးပါသော ပလေယာကြီးများ (Key Player)ကို ဘေးမှ ရပ်ကြည့်နေသူတစ်ဦးနေရာမှနေကာ ဝေဖန်ထောက်ပြထားရာ “ဘက်”၊ “အုပ်စု” စသည့် အစွဲဖြင့်ဖတ်လျှင် ဘက်အလိုက်၊ အုပ်စုအလိုက် ကျေနပ်နိုင်ကြမည်မဟုတ်ပေ။ 

NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူရော၊ တပ်မတော် ထောက်ခံသူများပါ သဘောတွေ့နိုင်မည့် ဆောင်းပါးမဟုတ်သော်လည်း မြန်မာ့ ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ အမေရိကန်အစိုးရ၏ ထိပ်ပိုင်း အဆင့်မြင့်အရာရှိတစ်ဦး၏ အဖိုးတန်သော အတွေ့အကြုံများပါဝင်ရာ နိုင်ငံရေးလေ့လာသူများ သာမက စာဖတ်သူများ ဖတ်ရှုသင့်သည်ဟု ယုံကြည်သောကြောင့် အခန်းဆက်ပုံစံဖြင့် ဘာသာပြန်ဆိုဖော်ပြရန် The Voice Daily အယ်ဒီတာအဖွဲ့က ဆုံးဖြတ်ခဲ့ပါသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ခဲ့ချိန်၊ စာပေကင်ပေတိုင်အဖွဲ့ဟု စာနယ်ဇင်း လောကသားများ၏ သမုတ်ခြင်းခံခဲ့ရသော စာပေစိစစ်ရေး လုပ်ငန်းစဉ် မရှိတော့ချိန်ကစ၍ ယနေ့လို ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ ခေတ်ကာလတွင် ယခင်အမှောင်ခေတ်ကာလကထက် စာရေးသူများ ပိုမိုပေါများလာသည်။ လူငယ်၊ လူရွယ်များလည်း ပါလာသည်။

အချို့ဆိုလျှင် စာနယ်ဇင်းလောကထဲမှ မဟုတ်ဘဲ အခြားနယ်ပယ်ထဲမှ ဖြစ်ကြသည်။ ထိုသို့ စာရေးလာသူများထဲတွင် ပန်းချီလောက၊ ဂီတလောက၊ ရုပ်ရှင်လောကတို့မှ နာမည်ကျော် အနုပညာရှင် အမြောက်အမြားလည်း ပါဝင်လာသည်မှာ ထူးထူးခြားခြားပင်။ ဥပမာ - ကျားပေါက်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဂီတာနိုင်ဇော်၊ မောင်မျိုးမင်း၊ ညိုမင်းလွင်၊ ငြိမ်းချမ်းဆု စသည်ဖြင့်။

စာရေးရာတွင် တစ်ဦးနှင့်တစ်ဦး ရည်မှန်းချက်ချင်းတော့ တူညီကြလိမ့်မည် မဟုတ်ပေ။ အချို့က နာမည်ကြီးလို၍၊ အချို့က ဖက်ရှင်ဖြစ်လို၍၊ အချို့က မိမိအတွေ့အကြုံနှင့် မိမိအတွေးအမြင်များကို အများသူငါ သိအောင် ချပြလို၍ စသည်ဖြင့် ရှိကြပေမည်။ စာရေးဆရာလောကတွင်မူ တတ်၍ရေးသူ၊ ဝင်ငွေလို၍ရေးသူ၊ အမြတ်အစွန်းရှိ၍ ရေးသူစသည်ဖြင့် စာရေးသူ အမျိုးအစားများ ခွဲခြားသတ်မှတ်ထားကြပြီး တတ်၍ရေးသူကို ပို၍အထင်ကြီးကြသည်။ တစ်နည်းအားဖြင့် သမ္ဘာနုပေမယ့် ပညာမနုသော စာရေးသူကို တလေးတစား ရှိကြသည်ကို သတိပြုမိပေသည်။

မြန်မာစာပေလောကတွင် စာရေးသူ သို့မဟုတ် မိမိကိုယ်မိမိ စာရေးဆရာအဖြစ် ခံယူထားသူ အမြောက်အမြား ရှိနေသော်လည်း ဘန်ရုတ်စ်ကဲ့သို့ နိုင်ငံရေးနယ်ပယ်မှ အထင်ကရ ခေါင်းဆောင်များနှင့် အနီးကပ်တွေ့ ကြုံခဲ့ရသော အတွေ့အကြုံများကို ပြန်လည် ဝေမျှရေးသားသည့် စာရေးသူများမှာ လက်ချိုးရေတွက်လျှင် လက်ဆယ်ချောင်းထက် ပိုမည်မဟုတ်ပေ။

အထူးသဖြင့် အထင်ကရဖြစ်သော မြန်မာနိုင်ငံရေး အလှည့်အပြောင်းကြီးများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့သူများ၊ အစိုးရအရာရှိကြီးများ ကိုယ်တိုင် ရေးသားသည့် စာများမှာမူ ရှားပါးနေဆဲဖြစ်ပေသည်။

အပိတ်ခေတ်၊ အကြောက်တရားဖြင့် ဖိနှိပ်အုပ်ချုပ်သည့်ခေတ်ကို ဖြတ်သန်းခဲ့ရသောကြောင့် ခေတ်စကားဖြင့် “ရှော့ရှိသည့်ကိစ္စ”ဟု ခေါက်ရိုးကျကျ တွေးကြလိမ့်မည်မှာ မှန်သော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ခုတည်းအတွက် သာမက နိုင်ငံတည်ဆောက်ရေးအတွက် အဖိုးတန် အတွေးအခေါ်နှင့် အတွေ့အကြုံ များစွာ လိုအပ်နေသည့် သည်ဘက်ခေတ်တွင် ဝါရင့်၊ သမ္ဘာရင့်နှင့် ပညာရင့်သော ရှေ့မီနောက်မီပုဂ္ဂိုလ်များ ရေးသားသည့်စာများ ထွက်ပေါ်လာရန် အထူး လိုအပ်ပါကြောင်း မေတ္တာရပ်ခံပန်ကြားလိုက်ရပေသည်။

အယ်ဒီတာ (၁၉-၈-၂၀၁၉)