News

POST TYPE

EDITORIAL

အနှစ်သာရရှိသည့် အတိုက်အခံ (Daily, Vol-7/No-106)
12-Aug-2019
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ယခင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဝရမ်းထုတ်လိုက်သည် ဆိုသောသတင်းကို စာဖတ်သူများဖတ်လိုက်ရမည်ဟု ထင်ပါသည်။

ယခင်အစိုးရလက်ထက်ကတည်းက ထူးထူးခြားခြား စကားလုံးများဖြင့် ပြောဆိုတတ်ခြင်းကြောင့် လူသိများလာသော အဆိုပါလွှတ်တော်ကိုယ်စားလှယ်ကို ယခုဒီမိုကရေစီအစိုးရလက်ထက်တွင် အတိုက်အခံနိုင်ငံရေးသမားအဖြစ် မြင်တွေ့ကြရလိမ့်မည်ဟု နိုင်ငံရေးစိတ်ဝင်စားသူအချို့က ထင်ကြေးပေးပြောဆိုခဲ့သည်အထိ ရှိခဲ့ကြသည်ကိုလည်း မှတ်မိပါသေးသည်။

သို့သော် ၎င်းဖမ်းဝရမ်း ထုတ်ခံရသည့်ကိစ္စနှင့်ပတ်သက်သည့် သတင်းများနှင့်ဗီဒီယိုဖိုင်များကို ပြန်ကြည့်သောအခါ အစိုးရကိုပုတ်ခတ်ပြောဆိုရုံမျှမက ဘာသာတရားတစ်ခုကိုလည်း ပုတ်ခတ်ပြောဆိုနေသည်ကို တွေ့မြင်ရသည်မှာ လွန်စွာရှက်စရာကောင်းသည်ဟုပင် ဆိုရပေမည်။ အစိုးရကို ပြောချင်တိုင်းပြော ဆဲချင်တိုင်းဆဲတိုင်း၊ မိမိနိုင်ငံတွင် ကိုးကွယ်သူနည်းပါးသော ဘာသာတရားကို ပုတ်ခတ်ချင်တိုင်း ပုတ်ခတ်ပြမှ အတိုက်အခံနိုင်ငံရေးသမား ဖြစ်သလားဟုပင် မေးရမလိုဖြစ်သွားပေသည်။ 

ဤကိစ္စမှာ အရေးကြီးပါသည်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် ပေမီဒေါက်မီ အတိုက်အခံကောင်းများ ပေါ်ထွန်းလာရမည့်အစား စည်းလွတ် ဝါးလွတ် ပြောချင်တိုင်းပြော ဆဲချင်တိုင်းဆဲတတ်သူများသာ ပေါ်ပေါက်နေမည်ဆိုပါက မြန်မာတို့၏ ဒီမိုကရေစီသည် အနှစ်သာရမဲ့သည့် နိုင်ငံရေးဖြစ်စဉ်တစ်ခုသဖွယ်ဖြစ်နေပေလိမ့်မည်။ 

အာဏာရပါတီနှင့် အစိုးရကလည်း အတိုက်အခံနိုင်ငံရေးသမားများကို တလေးတစား ဂရုတစိုက် ဆက်ဆံတော့မည်မဟုတ်ပေ။ ပြည်သူများ၏ ထောက်ခံမှုဆိုသည်မှာလည်း ဝေးသည်ထက်ဝေးဖို့ပင် ရှိနေပေလိမ့်မည်။

ထို့ပြင် အစိုးရဘာလုပ်လုပ် ဆန့်ကျင်နေရန်၊ ဆဲဆိုနေရန်သာ အရေးကြီးသည် ဆိုသော အတွေးအခေါ်မျိုး ဖြန့်ဝေနေသကဲ့ ဖြစ်နေမည်ဆိုပါက နိုင်ငံတည်ဆောက်ရေး၊ လူ့အဖွဲ့အစည်းကောင်းတစ်ရပ် တည်ဆောက်ရေးအတွက် များစွာ အနှောင့်အယှက် ဖြစ်စေမည်ကို သတိပြုသင့်ပေသည်။

ယခင် မ.ဆ.လ အစိုးရလက်ထက်က “ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးပစ်မှ အသစ်ရ”ဆိုသည့် အဖျက်သမားဆန်သည့် အတွေးအခေါ်မျိုးကို လူငယ်မျိုးဆက်တွေထဲ ပျံ့နှံ့အောင် လုပ်ဆောင်ခြင်းကို အစိုးရဆန့်ကျင်ရေး၊ တစ်နည်းအားဖြင့် အာဏာရှင်ဆန့်ကျင်ရေးလုပ်သယောင် အမှတ်မှားခဲ့သည်ကို ပြန်ပြောင်းသတိရ ဆင်ခြင်အပ်ပေသည်။ ရလဒ်မှာ နိုင်ငံပိုင်၊ အများပိုင်ပစ္စည်းဆိုလျှင် တန်ဖိုးမထားတတ်သည့် မျိုးဆက်များ မွေးထုတ်မိအောင် တွန်းအားပေးလိုက်သလိုဖြစ်ခဲ့သည်ကို ထိုခေတ် ထိုအခါက အာဏာရှင်ဆန့်ကျင်ရေးဆိုသူများ သတိပြုမိလိမ့်မည်မဟုတ်ပေ။

ထိုနည်းတူစွာပင် မိမိမထောက်ခံသည့် အစိုးရကို ဘာသာရေးမှိုင်းတိုက်ကာ ဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်ရန်ကြိုးစားခြင်း၊ လူ့အဖွဲ့အစည်းတွင်းအခြား ကိုးကွယ်သူနည်းပါးသည့် အခြားဘာသာတရားတစ်ခုခု သို့မဟုတ် ယဉ်ကျေးမှုတစ်ခု၊ လူမျိုးတစ်စုကို ခုတုံးလုပ်ရန်ကြိုးပမ်းခြင်းသည် မ.ဆ.လ လက်ထက် ပြည်သူပိုင်ပစ္စည်းကိစ္စထက်ပင် ကြီးမားသည့် အန္တရာယ်ရှိသည်ကို ယနေ့ခေတ် အဆဲသန်သည့် အစိုးရဆန့်ကျင်ရေးဆိုသူများ အထူးသတိထားဆင်ခြင်အပ်ပေသည်။

မိမိတိုင်းပြည်၊ မိမိလူ့အဖွဲ့အစည်း၏ အကျိုးကိုဆောင်မည့် ဝေဖန်ထောက်ပြမှုများ၊ သုံးသပ်ပြောဆိုမှုများ ပြုလုပ်ခြင်းဖြင့်သာ လက်ရှိအစိုးရ၊ အာဏာရနိုင်ငံရေးသမားများ၏ အားနည်းချက်ကို စနစ်တကျထောက်ပြပြောဆိုရန် ကြိုးပမ်းသင့်ပေသည်။ 

လိုရင်းပြောရမည်ဆိုလျှင် အစိုးရလုပ်လျှင် (နိုင်ငံရေးလုပ်လျှင်) မည်မျှပင် ကောင်းအောင်လုပ်သည်ဖြစ်စေ အတိုက်အခံပြုမှု၊ ဝေဖန်မှုတို့နှင့် မလွဲမသွေကြုံတွေ့ရမည်ဖြစ်ကြောင်းနှင့် ထိုနည်းတူစွာပင် (အစိုးရမူဝါဒ သို့မဟုတ် လုပ်ဆောင်ချက်များအပေါ်) အတိုက်အခံကောင်းတို့၏ တုံ့ပြန်ဝေဖန်မှုဆိုသည်မှာလည်း ယင်းအစိုးရ၏ လုပ်ဆောင်ချက်များကို အစဉ်အမြဲ အကူအညီအထောက်အပံ့ ဖြစ်ထွန်းစေကြောင်း အကြံပြုလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၁၂-၈-၂၀၁၉)