News

POST TYPE

EDITORIAL

သူတည်းတစ်ယောက်အတွက်ကြောင့် သူအများ မပျက်စီးစေဖို့ (Daily, Vol-7/No-104)
10-Aug-2019
တစ်ဦးတစ်ယောက် မကောင်းခြင်းကြောင့် လူအများစုပါ နာမည်ပျက်ကြရတဲ့အဖြစ်နဲ့ပတ်သက်ပြီး မြန်မာစကားပုံတွေထဲမှာ “ငါးခုံးမတစ်ကောင်ကြောင့် ...”ဆိုတဲ့ စကားပုံဟာ နီးနီးစပ်စပ်ရှိလှတဲ့ သာဓကတစ်ခု ဖြစ်တယ်လို့ဆိုရပါမယ်။

ဆွမ်းဆန်ထဲ ကြွက်ချေးရောတို့၊ စပါးပင်ထဲက ပေါင်းပင်တို့ စတာတွေက ငါးခုံးမဆိုတဲ့ ဥပမာလောက် ထိထိရောက်ရောက် မရှိလှဘူးလို့လည်း ထင်မြင်မိပါတယ်။ လူတစ်ဦး၊ သို့မဟုတ် လူနည်းတစ်စု မဟုတ်မဟတ် လုပ်မိတာကြောင့် အကုန်လုံး နာမည်ပျက်ရ၊ သိက္ခာကျရဖြစ်တာတွေအတွက် တကယ့်ကိုခြုံငုံမိတဲ့ စကားပုံပါပဲ။

အဲဒီလို ငါးခုံးမကိစ္စလို ပြဿနာမျိုးတွေ ဖြစ်လာတိုင်း ဆိုင်ရာ ဆိုင်ရာ အသိုင်းအဝိုင်းတွေထဲမှာ ဘယ်သူမှ စိတ်မချမ်းသာကြတော့ပါဘူး။ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ပရော်ဖက်ရှင်နယ်၊ ကိုယ့်နယ်ပယ်အတွက် ဘယ်လောက်ပဲ ကြိုးစားခဲ့ပေမယ့် တော်စွလျော်စွအဆင့်မျှပင် သတ်မှတ်မခံရနိုင်လောက်အောင်အထိ ဖြစ်နိုင်တဲ့အတွက် ငါးခုံးမကိစ္စမျိုးကို ဘယ်သူမှ မတွေ့ကြုံချင်ကြပါဘူး။

အဲဒါကြောင့်လည်း “ဝါးလုံးရှည်နဲ့ သိမ်းကျုံးမရမ်းပါနဲ့”ဆိုတဲ့ သတိပေးစကားတွေပေါ်လာပြီး မကောင်းတဲ့သူ၊ ပြဿနာပေးတဲ့သူရှိသလို ကောင်းတဲ့သူတွေလည်း ရှိပါတယ်ဆိုတဲ့သဘောမျိုး ပြောလာကြတာကိုလည်း စာဖတ်သူများ သတိထားမိကြမှာပါ။

ဒါပေမဲ့လည်း အတော်များများက အဲဒီလို တစ်ဦးတစ်ယောက်၊ လူနည်းစုတစ်စုကြောင့် အရှက်ရစရာကိစ္စမျိုး ဖြစ်လာတော့မယ်၊ ဖြစ်လာခဲ့တယ်ဆိုရင် အဲဒီကိစ္စကို လူသိရှင်ကြား အဖြစ်မခံချင်ကြဘဲ ဝိုင်းဝန်းဖုံးကွယ်ပေးဖို့ ကြိုးစားလေ့ရှိကြပါတယ်။ တကယ်ဆို အဲဒီလိုလုပ်တာမျိုးဟာ ပိုပြီး အရှက်ရ၊ သိက္ခာကျစေနိုင်တဲ့ လမ်းစဉ်လို့ပဲဆိုရမှာပါပဲ။

ဥပမာ - သံဃာအဖွဲ့အစည်းထဲမှာ သံဃာယောင်ဆောင်ထားတဲ့ သင်္ကန်းခြုံ ပုဂ္ဂိုလ်တစ်ယောက်က ဝိနည်းတော်ကိုဆန့်ကျင်ပြီး မဟုတ်မဟတ်တာတွေ လုပ်နေတဲ့ကိစ္စ၊ စစ်ဘက်အရာရှိတစ်ယောက် စစ်စည်းကမ်းဖောက်တဲ့ကိစ္စ၊ အမှန်တကယ် ဆ.မ ရထားတဲ့ ဆရာဝန်တစ်ယောက်က ဆရာဝန်ကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ကိစ္စ၊ သတင်းစာဆရာ၊ စာရေးဆရာ စသည်ဖြင့် အမည်ခံထားပေမယ့် သတင်းစာကျင့်ဝတ်၊ စာပေကျင့်ဝတ်နဲ့ ကိုက်ညီမှုမရှိတဲ့ ရေးသားဟောပြောချက်တွေလုပ်နေသူ တစ်ယောက်ရဲ့ကိစ္စ စတာတွေကို ဖော်ထုတ်အရေးမယူဘဲ ဆိုင်ရာဂိုဏ်းတူ ပုဂ္ဂိုလ်တွေက ဝိုင်းဝန်းဖုံးကွယ်ပေးနေတာ ကောင်းလား၊ မကောင်းဘူးလားဆိုတာ အလေးအနက် စဉ်းစားကြည့်သင့်ပါတယ်။

တချို့တွေရှိပါတယ်၊ အဲဒီလို သင်္ကန်းဝတ်တွေ ဝိနည်းနဲ့ မညီတဲ့ကိစ္စကို ဖော်ထုတ်တဲ့သူ၊ ပြောဆိုတဲ့သူဆိုရင် သာသနာတော်ကို ဆန့်ကျင်တဲ့သူအဖြစ် တံဆိပ်ကပ်တတ်ကြပါတယ်။ တကယ်ဆိုရင် အဲဒီလို မဟုတ်မဟတ်ပုဂ္ဂိုလ်တွေကို ဖော်ထုတ်ပစ်နိုင်လေ ကိုယ်ချစ်တဲ့ ကိုယ်တန်ဖိုးထားတဲ့ သာသနာတော် ပိုမိုသန့်စင်ပြီး အခြားသူတွေရဲ့ ကြည်ညိုလေးစားမှုလည်း ရရှိလေဆိုတာကို အထူးသတိထားသင့်ပါတယ်။

အခြားပရော်ဖက်ရှင်နယ် နယ်ပယ်တွေလည်း အလားတူပါပဲ။ ကိုယ်နဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တူညီနေလို့၊ နယ်ပယ်တူနေလို့၊ နိုင်ငံရေးပါတီချင်းတူနေလို့ဆိုပြီး ဖုံးကွယ်ဖို့ကြိုးစားတာ၊ သို့တည်းမဟုတ် ဖော်ထုတ်တဲ့သူတွေကို ရန်သူလို သဘောထားပြီး ဆန့်ကျင်တာဟာ ကိုယ့်နယ်ပယ် ကိုယ့်ပရော်ဖက်ရှင်နယ် သိက္ခာကျအောင် လုပ်တာမျိုးပဲဖြစ်တယ် ဆိုတာကို သိစေချင်ပါတယ်။ အဲဒီလိုပဲ နယ်ပယ်တစ်ခုမှာ အပုပ်နံ့ထွက်လို့ အားလုံးကို မကောင်းတဲ့သူပဲဆိုပြီး ဝါးလုံးရှည်နဲ့ မရမ်းမိဖို့ဆိုတာလည်း အရေးကြီးပါတယ်။

ဘယ်လိုနယ်ပယ်ထဲပဲမှာပဲဖြစ်စေ ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူဆိုတာ ရှိကြစမြဲပါ။ တစ်ဦးတစ်ယောက်အတွက်ကြောင့် အများကို မပုတ်ခတ်မိဖို့နဲ့ အများသိက္ခာကျ အရှက်ရမှာ စိုးတဲ့အတွက် မကောင်းတဲ့ တစ်ဦးတစ်ယောက်ကို ကွယ်ဝှက်မထားမိဖို့ဘဲ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။

အယ်ဒီတာ (၁ဝ-၈-၂၀၁၉)