News

POST TYPE

EDITORIAL

သက်တမ်းမကုန်သည့် ခေါင်းဆောင်ကောင်း (Daily, Vol-7/No-101)
06-Aug-2019
အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက ဒေါ်နယ်ထရမ့်လက်ထက် အမေရိကန် လူ့အဖွဲ့အစည်းအတွင်း လူမျိုးရေး၊ ဘာသာရေးနှင့် အသားအရောင် ခွဲခြားဆက်ဆံသည့် သဘောတရားများ မြင့်တက်လာမှုနှင့်ပတ်သက်၍ သတိပေးစကားများ ပြောလာသည်ကို ထူးထူးခြားခြားတွေ့ရပေသည်။

အိုဘားမားက အာဃာတတရားပါသော စကားပြောသည့် ခေါင်းဆောင်များနှင့် လူမျိုးရေး၊ ဘာသာရေးနှင့် အသားအရောင် ခွဲခြားဆက်ဆံမှုကို ဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ် တစ်ခုသဖွယ် သဘောထားပြောဆိုတတ်သည့် ခေါင်းဆောင်မျိုးကို အမေရိကန်ပြည်သူများအနေနှင့် ဆန့်ကျင်ကြရန် သတိပေးသွားခြင်းဖြစ်ပေသည်။ 

ဒေါ်နယ်ထရမ့်လက်ထက် ရွှေ့ပြောင်းအခြေချသူများ အမေရိကန်ပြည်ထောင်စုထဲသို့ ဝင်ရောက်မှုဆန့်ကျင်သည့် အပြောအဆိုများကြောင့် သေနတ်ကိုင်ကာ ပစ်ခတ်တိုက်ခိုက်မှုများ မြင့်တက်လာချိန်၊ ပြီးခဲ့သည့်လက ကွန်ဂရက်လွှတ်တော်က အမျိုးသမီး အမတ်လေးဦးကို လူမျိုးရေးခွဲခြားပြောဆိုမှုကြောင့် သမ္မတထရမ့်ကို ဝေဖန်မှုများ မြင့်တက်နေချိန်၌ အိုဘားမားက သူ၏နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက် စိုးရိမ်တကြီး သတိပေးခဲ့ခြင်းဖြစ်ဟန်ရှိပေသည်။

နိုင်ငံနှင့် နိုင်ငံသားများကို အိုဘားမား၏ ပြောပုံဆိုပုံများ၊ အထူးသဖြင့် အမေရိကန်လူ့အဖွဲ့အစည်းတွင်း လူမျိုးရေးနှင့် ဘာသာရေး ခွဲခြားဆက်ဆံသည့် သဘောတရားများ ကြီးထွားလာမည်ကို စိုးရိမ်တကြီး သတိပေးပြောဆိုသွားပုံမှာ လက်ရှိတာဝန်ထမ်းဆောင်နေသည့် သမ္မတတစ်ဦး သို့မဟုတ် ခေါင်းဆောင်တစ်ဦး အလားထင်မှတ်နေရဆဲပင်။

အိုဘားမားသည် မြန်မာနိုင်ငံကို နှစ်ကြိမ်တိတိ လာရောက်လည်ပတ်ခဲ့ဖူးပြီး မြန်မာခေါင်းဆောင်များနှင့်သာမက လူငယ်လူရွယ်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများကို တလေးတစား တွေ့ဆုံသွားသည့် ထူးထူးခြားခြား အမေရိကန်သမ္မတဖြစ်သည်။ လူငယ်များနှင့်တွေ့သွားရာတွင်လည်း မြန်မာလူငယ်တွေမေးမြန်းသမျှကို ချက်ကျလက်ကျဖြင့် အလေးအနက်ထားဖြေသွားခဲ့သည်မှာ အမှတ်တရဖြစ်စရာပင်။

အိုဘားမားဆိုသူသည် မြန်မာတွင်သာမက အခြားကမ္ဘာ့နိုင်ငံများက လူ့အဖွဲ့အစည်းများတွင်ပါ ခင်မင်စရာကောင်းသူ၊ တစ်နည်းအားဖြင့် တစ်ဖက်သားအကျိုး၊ အများအကျိုးလိုလားသူအဖြစ် အသိအမှတ်ပြုခြင်းခံရသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။

တစ်မျိုးထပ်ပြောရမည်ဆိုလျှင် ၎င်းသည် အမေရိကန်သမ္မတဟူသည့် ရာထူးလက်ဝယ်မရှိတော့သော်လည်း သူ၏လူ့အဖွဲ့အစည်းမှ အရေးတကြီးရှိလှသော ပြဿနာများကို မဆိုင်သလိုနေတတ်သည့် ပုဂ္ဂိုလ်မျိုးမဟုတ်ပေ။ ရာထူးမယူတော့သော်လည်း ပြောသင့် ပြောထိုက်၊ သတိပေးသင့် သတိပေးထိုက်သည့်ကိစ္စကို ပြောရမည့်တာဝန်ရှိသည်ဟု မှတ်ယူထားသော ပုဂ္ဂိုလ်ဖြစ်သည်။

မှန်ပါသည်။ ခေါင်းဆောင်ကောင်းတို့ဟူသည် မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း တစ်ခုသာမက၊ လောကလူ့ဘောင်တစ်ခုလုံး၏ အကျိုးစီးပွားကို အမြဲထည့်တွက် စဉ်းစားသူဖြစ်ပြီး လောကကို အမှောင်မဖုံးသွားရန် မည်သူမျှတာဝန်မပေးဘဲ မိမိဘာသာတာဝန်ယူ ကြိုးပမ်းတတ်ကြသူများသာဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပါသည်။

အယ်ဒီတာ (၆-၈-၂၀၁၉)