News

POST TYPE

EDITORIAL

စိတ်ဝင်စားစရာ အမေရိကန် မဘသ များ (Daily, Vol-7/No-99)
04-Aug-2019
မနေ့က အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်က အယ်လ်ပါဆိုမြို့မှာရှိသော ကမ္ဘာကျော် WALMART စတိုးဆိုင်ကြီးထဲကို လူငယ်တစ်ယောက်က ဝင်ရောက်ပစ်ခတ်သွားရာ အနည်းဆုံးလူ ၂၀ ခန့် သေဆုံးသွားရသည်ဟု မီဒီယာများက ဖော်ပြသွားကြပါသည်။

ယင်းသတင်းတွင် CCTV က ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံ၌ လူငယ်တစ်ဦး AK-47 ဟု ယူဆရသည့်သေနတ်ကြီးကိုကိုင်ပြီး အဆိုပါစတိုးဆိုင်ကြီးထဲသို့ ဝင်ရောက်လာပုံများလည်း ပါဝင်ပေသည်။ လူငယ်မှာ အသက် ၂၀ကျော်မျှသာရှိသေးသည့် လူဖြူတစ်ဦးဖြစ်ပြီး လက်တင်အမေရိကဘက်မှ ရွှေ့ပြောင်းအခြေချသူတွေ အမေရိကထဲသို့ ဝင်ရောက်လာခြင်းကို မကျေနပ်၍ ဈေးဝယ်သူထောင်နှင့်ချီ၍ရှိသော WALMART ကို ရွေးချယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

အဆိုပါသတင်းကို The Voice Daily အပါအဝင် အခြား မြန်မာပြည်တွင်းမီဒီယာများကလည်း ဖော်ပြခဲ့ကြသောကြောင့် အဆိုပါသတင်းအကြောင်း ဤနေရာတွင် အသေးစိတ် မရှင်းပြလိုတော့ပေ။

သို့သော် အမေရိကန်နိုင်ငံသား၊ အထူးသဖြင့် လူဖြူတစ်ဦးတစ်ယောက် သေနတ်ကိုင်ကာ လူအမြောက်အမြားကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အခါတိုင်း အမေရိကန်နှင့် အနောက်မီဒီယာများ၏ ရေးသားတင်ပြချက်များနှင့်ပတ်သက်၍ အနည်းငယ်ပြောလိုပါသည်။

ယင်းအချက်ကို နိုင်ငံတကာသတင်း စိတ်ဝင်တစား ဖတ်ရှုလေ့လာသူများလည်း သတိပြုမိလိမ့်မည်ဟု ထင်ပေသည်။ အမေရိကန်အာဏာပိုင်များနှင့် အမေရိကန်မီဒီယာများသည် အရှေ့အလယ်ပိုင်းနှင့် အာရပ်အနွှယ်လူမျိုးများ၊ အထူးသဖြင့် မွတ်ဆလင်များကျူးလွန်သည့် တိုက်ခိုက်မှုအများစုကို “Terrorism” အဖြစ် သတ်မှတ်ဖော်ပြလေ့ရှိပြီး ယင်းသို့တိုက်ခိုက်သူကို “Terrorism” (အကြမ်းဖက်သမား)အဖြစ် ပြောဆိုရေးသားလေ့ ရှိကြပေသည်။

ယခု လူ ၂၀ ခန့် သေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရရှိသွားသည့် တက္ကဆပ် သေနတ်ပစ်မှုကြီးကိုလည်း မီဒီယာအချို့က “Mass Shooting” (အမြောက်အမြား ပစ်ခတ်ခံရမှုကြီး)ဟုဆိုပြီး အချို့က “Hate Crimes” (အမုန်းတရားဖြင့် ကျူးလွန်သည့် ရာဇဝတ်မှု) ဟုဖော်ပြကြသည်။ သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်သည်ပင် “Terrible Shootings” (ကြောက်စရာကောင်းသည့် ပစ်ခတ်မှု) ဟု ဆိုသွားသည်ကိုတွေ့ရပေသည်။

ယင်းကိစ္စမှာလွန်စွာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ အမေရိကန်နှင့် အနောက် မီဒီယာများ သာမက အာဏာပိုင်များသည် ဒေသခံများ၊ အထူးသဖြင့် လူဖြူများ၏ တိုက်ခိုက်မှုကို အဘယ့်ကြောင့် အကြမ်းဖက်မှု သို့မဟုတ် အကြမ်းဖက်သမားများအဖြစ် မသတ်မှတ်နိုင်ဘဲ ဖြစ်ရသနည်း။ လူအမြောက်အမြားကို သေကြေဒဏ်ရာရရှိအောင် တိုက်ခိုက်သတ်ဖြတ်ခြင်းသည် အကြမ်းဖက်မှု (Terrorism) ဟုမဆိုလျှင် အခြားဘာဟုဆိုရမည်နည်း။

ဒီမိုကရေစီရေးမှာ ချန်ပီယံ၊ လူ့အခွင့်အရေးတွင် ချန်ပီယံ၊ အသားအရောင် ခွဲခြားဆက်ဆံရေးတွင် ချန်ပီယံ၊ မီဒီယာလွတ်လပ်ခွင့်နှင့် ဘက်လိုက်ရေးသားခြင်း ကင်းသည့်နေရာတွင် ချန်ပီယံ စသည်ဖြင့် ချန်ပီယံနေရာကို ရယူထားသော အမေရိကန် အစိုးရအာဏာပိုင်များနှင့် အမေရိကန်မီဒီယာများ ဖြစ်နေသည့်အတွက် ပို၍ပင်အံ့ဩရပေသည်။

အကြောင်းမှာ တစ်ကမ္ဘာလုံးကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပရိုမိုးရှင်းပြုလုပ်ခဲ့ပြီး သတင်းစာ လွတ်လပ်မှု၊ တရားမျှတမှုတို့အကြောင်း တစ်စိုက်မတ်မတ် လုပ်ခဲ့သူများတွင် လူမျိုးရေး၊ ဘာသာရေးနှင့် အသားအရောင် ခွဲခြားသည့် သဘောတရားများ နက်နက်ရှိုင်းရှိုင်း ကျန်ရှိနေသေးသည်ကို တွေ့ရသည်မှာလည်း များစွာ စိတ်မကောင်းစရာပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အကြမ်းဖက်ဝါဒ၊ အစွန်းရောက် မျိုးချစ်ဝါဒ အစရှိသည့် အစွန်းရောက်မှုများ ခေါင်းထောင်မည့် အန္တရာယ်နှင့်ကြုံတွေ့နေရသောခေတ်ထဲတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ချန်ပီယံသရဖူကို ဂုဏ်သိက္ခာရှိစွာ ဆက်လက် ဆင်မြန်းလိုသူ မည်သူမဆို၊ မည်သည့်နိုင်ငံနှင့် အဖွဲ့အစည်းမဆို မိမိက ရှေ့က ဖြောင့်ဖြောင့်မတ်မတ်မသွားပြဘဲ နောက်လူများကို ဖြောင့်ဖြောင့်မတ်မတ်ပြုမူရန် ဆော်ဩနေမည်ဆိုပါက အများ၏ပျက်ရယ်ပြုခြင်းသာ ခံရဖွယ်ရှိကြောင်း ဖော်ပြလိုက်ရပေသည်။

အယ်ဒီတာ (၄-၈-၂၀၁၉)