News

POST TYPE

EDITORIAL

တို့ထိ၍ မရခဲ့သည်များ တို့ထိခွင့်ရပါမှ . . . (Daily, Vol-7/No-97)
01-Aug-2019
တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ သမီးနှင့်ချွေးမတို့ အနုပညာနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ အချိန်တိုကာလအတွင်း ထိပ်ပိုင်းနေရာသို့ ရောက်ရှိလာသည့်အကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုက ဆောင်းပါးတစ်ပုဒ်ရေးသားဖော်ပြခဲ့ပြီး ယင်းဆောင်းပါးကို ယမန်နေ့ထုတ် ကျွနု်ပ်တို့ The Voice Daily တွင် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြဖြစ်ခဲ့ပါသည်။ လူမှုကွန်ရက် စာမျက်နှာများတွင် လူအတော်များများ စိတ်ဝင်တစား ဖတ်ရှုကြသည့် ဆောင်းပါးတစ်ပုဒ် ဖြစ်ခဲ့သည်ကိုလည်း တွေ့ရပေသည်။

စာဖတ်သူစိတ်ဝင်စားသည့် ဆောင်းပါးဖြစ်ခဲ့သည်မှာလည်း အဆန်းတော့ မဟုတ်ပေ။ ယခင်ခေတ်ကာလကဆိုလျှင် ထိုသို့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၊ စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်ဘက်အရာရှိကြီးများ၏ ပုဂ္ဂိုလ်ရေးကိစ္စ၊ မိသားစုစီးပွားရေးကိစ္စ အစရှိသည်တို့ကို ယခုလိုဆောင်းပါးရေးရန် မဆိုထားနှင့် သတင်း သို့မဟုတ် ဆောင်းပါးများထဲတွင် ရိပ်ဖမ်းသံဖမ်းထည့်၍ပင် လုံးဝဖြစ်နိုင်ခြေမရှိခဲ့ပေ။ 
တကယ်တော့ မြန်မာနိုင်ငံရေးကို(စစ်တပ်နှင့် ဗိုလ်ချုပ်ကြီးများအကြောင်းကို) စိတ်ဝင်စားသူအားလုံးလည်း အသိပင်ဖြစ်သည်။ တပ်မတော်ထိပ်ပိုင်း Level မှ ဗိုလ်ချုပ်ကြီးများ၏ ပုဂ္ဂိုလ်ရေးကိစ္စ၊ မိသားစုစီးပွားရေးကိစ္စ၊ ဥစ္စာဓန ပိုင်ဆိုင်မှုကိစ္စမှာ တို့ထိ၍ မရနိုင်သောကိစ္စ၊ တစ်နည်းအားဖြင့် Untouchable Issue များဖြစ်ခဲ့ပြီး တို့ထိမိပါကလည်း တို့ထိရေးသားသူတို့သာ ပြဿနာ အကြီးအကျယ် တက်မည်သာပင်။ အရပ်ဘက် အစိုးရအရာရှိကြီးများအကြောင်းပင် ဖော်ထုတ်ရေးသား၍မရသော ခေတ်ကာလကို ဖြတ်သန်းခဲ့ကြရသည် မဟုတ်ပါလော။

ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သည့် သမ္မတဦးသိန်းစိန်လက်ထက် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် စတင်လာချိန်တွင် နိုင်ငံတော်သမ္မတ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၏ ပိုင်ဆိုင်မှုကို ပြည်ထောင်စုလွှတ်တော် နာယကထံတင်ပြရသည့် စည်းမျဉ်းဥပဒေသများ ပေါ်ထွက်လာခဲ့သည်။ ထိပ်ပိုင်းအရာရှိကြီးများအနေနှင့် အလွဲသုံးစားမှုများ မပြုလုပ်နိုင်ရန် ပဏာမအဆင့် စတင် ကြပ်မတ်ခြင်းဖြစ်ပေသည်။

ထိုမှတစ်ဆင့် ယခုဒီမိုကရေစီအစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ သာမက အစိုးရအရာရှိကြီးများ၏ ပိုင်ဆိုင်မှုနှင့် မိသားစုဝင်များ၏ စီးပွားရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများမှတစ်ဆင့် နိုင်ငံတော်သမ္မတထံ တင်ပြထားရသည့် စည်းမျဉ်းဥပဒေသများ ထပ်တိုးလာသည်။ ကာလကြာရှည်စွာ မတို့ရ၊ မထိရဆိုသော ကိစ္စများကိုတို့၍ ထိ၍ရလာအောင် တစ်ဆင့်ချင်း ဖန်တီးယူလာသည့်သဘော ဖြစ်ပေသည်။

ယနေ့တပ်မတော်ထဲတွင် ယင်းသို့ ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများနှင့် စစ်ဘက်အရာရှိကြီးများ၏ ပိုင်ဆိုင်မှုများအကြောင်း အသိပေးတင်ပြခြင်းမျိုးနှင့်ပတ်သက်၍ မည်သို့သော စည်းမျဉ်းဥပဒေသများ ပြဋ္ဌာန်းညွှန်ကြားထားသည်ကို မသိရသော်လည်း နောင်အနာဂတ်တွင် မလွဲမသွေ ပေါ်ပေါက်လာလိမ့်မည်ဟု ယူဆရပေသည်။ အကြောင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို စတင်လမ်းဖွင့်ပေးခဲ့သည့် တပ်မတော်အနေနှင့် ပွင့်လင်းမြင်သာမှုကိစ္စကို အရပ်သားအစိုးရအဖွဲ့များအတိုင်းပင် မဖြစ်မနေ အလေးပေးရမည့် တာဝန်ရှိနေသောကြောင့်ပင်။

“ယခုရေတွင်းတူး ယခုရေကြည်သောက်မရ”၊ “ရောမအင်ပါယာကြီးကို တစ်ရက်တည်းဖြင့်တည်ဆောက်မရ”ဆိုသည့် ဆိုရိုးတွေလိုပါပင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟူသည်မှာလည်း တစ်ဆင့်ချင်း၊ တစ်ရစ်ချင်း ပုံမှန် အကောင်အထည်ဖော်ယူရသည့် ဖြစ်စဉ်တစ်ခုပင်။ အရေးကြီးသည်မှာ သက်ဆိုင်သူ အားလုံးက ကာလကြာရှည်စွာ မှားယွင်းခဲ့သည်၊ ပျက်ယွင်းခဲ့သည်များကို စနစ်တကျ ပြုပြင်လိုစိတ် ကိုယ်စီရှိကြပြီး အရွေ့ကောင်းများ ဆက်လက်ပေါ်ပေါက်လာအောင် ဝိုင်းတွန်းကြရန်သာဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၁-၈-၂၀၁၉)