News

POST TYPE

EDITORIAL

ဝါတွင်း ဝါပ ဗုဒ္ဓဘာသာဝင် (Daily, Vol-7/No-83)
16-Jul-2019

ယမန်နေ့က ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) ဖြစ်သည့် အားလျော်စွာ ရွှေတိဂုံနှင့် မဟာမြတ်မုနိအပါအဝင် မြို့အသီးသီးရှိ ဘုရားစေတီပုထိုးများနှင့် ဘုန်းကြီးကျောင်းများတွင် ဗုဒ္ဓဘာသာဝင်မြန်မာများ ဝါဆိုသင်္ကန်းကပ် ကောင်းမှုကုသိုလ်ပြုကြသည်ကိုတွေ့မြင်ရပေသည်။

အခါကြီးရက်ကြီးတိုင်း ဘုရားသွား ကျောင်းတက်ကာ ဒါန၊ သီလ၊ ဘာဝနာ အစရှိသည့် ကုသိုလ်ကောင်းမှုများပြုလုပ်လေ့ရှိသည့် ဗုဒ္ဓဘာသာဝင်မြန်မာတို့အတွက် ဝါဆိုလပြည့်နေ့မှာမူ အခြားသော အခါကြီးရက်ကြီးထက် ပို၍လေးနက်နေသကဲ့သို့ ရှိပေသည်။ အကြောင်းမှာ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့က စတင်မည့် ဝါတွင်း သုံးလတာကာလသည် အခြားကာလများထက် ကုသိုလ်ကောင်းမှုများပိုလုပ်ကြရသည့် အလေ့အထကြောင့်ပင်ဖြစ်ပေသည်။

အချို့က ယင်းသုံးလတာကာလတွင် သက်သတ်လွတ် စားကြပြီး အချို့က ဥပုသ်နေ့တိုင်း သီတင်းသီလဆောက်တည်ကြသည်၊ သံဃဒါနဆွမ်းလောင်းလှူကြသည်။ ယမကာမှီဝဲတတ်သူအချို့ပင် ယင်းဝါတွင်းကာလ၌ မသောက်သုံးဘဲ ဖြတ်ထားလေ့ရှိကြသည်မဟုတ်ပါလော။ မြန်မာတို့သည် အခြားကာလများထက် ထိုဝါတွင်းသုံးလတွင် ကုသိုလ်ပိုရလေ့ရှိသည်ဟုပင် ဆိုနိုင်ပေသည်။

ကုသိုလ် ဟူသော ပါဠိသက်စကားကို မြန်မာဘာသာဖြင့် ကောင်းသောအမှုဟု ဖွင့်ဆိုနိုင်သည်။ ထို့ကြောင့် မြန်မာလူမှုနယ်ပယ်တွင် အဓိပ္ပာယ်တူ ဝေါဟာရနှစ်ခုတွဲကာ ရူပကအလင်္ကာမြောက်သည့် ကုသိုလ်ကောင်းမှုဟု ယှဉ်တွဲပြောဆို သုံးနှုန်းလေ့ရှိကြပေသည်။ ကုသိုလ်၏ ဆန့်ကျင်ဘက်မှာ အကုသိုလ်ဖြစ်ပြီး မည်သူမျှ မလိုချင်သောအရာဟု ဆိုလျှင်လည်းမှားမည်မဟုတ်ပေ။

မြန်မာတို့သည် မိမိတို့သည်သာ အကုသိုလ်နည်းကာ ကုသိုလ်အများဆုံးရသော ဘာသာတရားတစ်ခုကို ကံကောင်းထောက်မစွာဖြင့် ကိုးကွယ်ခွင့်ရရှိထားသည်ဟု ယေဘုယျထင်မှတ်လေ့ရှိသည်။ အမှန်တွင် ယင်းသဘောတရားမှာ မြန်မာတို့တင်မကပေ၊ ပုထုဇဉ်လူသားတို့၏ သဘောသဘာဝကိုက မိမိတို့ ကိုးကွယ်ဆည်းကပ်သော ဘာသာကိုသာ လောကတွင် အမြတ်ဆုံး၊ အမှန်ဆုံး၊ အကောင်းဆုံးဟုယူဆကာ အခြားဘာသာများကို ဒိဋ္ဌိဟုထင်မှတ်နေလေ့ရှိကြပေသည်။

ဗုဒ္ဓဘာသာဝင်မြန်မာတို့အတွက်မူ ထိုသဘောရှိနေပါက မြတ်ဗုဒ္ဓ၏ အစစ်အမှန် ဓမ္မနှင့် လက်တွေ့ ပွားများကျင့်ကြံအားထုတ်မှုများနှင့် အလှမ်းဝေးသွားတတ်သည်ကို အထူးသတိပြုအပ်ပေသည်။ အကြောင်းမှာ မြတ်ဗုဒ္ဓ၏ ဓမ္မအစစ်အမှန်များကို အယူစွဲဒိဋ္ဌိအမြင်ဖြင့် ကြည့်ပါများလွန်းလျှင် မိမိနှင့်ဘာသာမတူသူများအပေါ် ဆန့်ကျင်သည့်အမြင် အစွန်းရောက်သည့်အမြင်ဖြင့် ရှုကြည့်နိုင်သည့် အန္တရာယ်ရှိနေသောကြောင့်ဖြစ်ပေသည်။

ဤသို့သော ရှုမြင်ချက်သည် ဗုဒ္ဓဘာသာဝင်များနည်းတူ အခြားဘာသာဝင်များအနေနှင့်လည်း မိမိနှင့်မတူသူများအပေါ် ဆန့်ကျင်လိုသည့်၊ ကုသိုလ်ကောင်းမှု မပြုလိုသည့် စိတ်အခြေအနေဘက်သို့ ရောက်သွားနိုင်ပေသည်။ တစ်နည်းဆိုပါက မည်သူ့ကိုမဆို အစွန်းရောက်အမြင်၊ အစွန်းရောက် အယူဝါဒများ ပေါက်ဖွားဖြစ်ပေါ်စေနိုင်သည့် အဓိက အကြောင်းအရင်းတစ်ခုဟုဆို၍ရပေမည်။

ဗုဒ္ဓဘာသာဝင် မြန်မာတို့အတွက်မူ ဝါတွင်းဖြစ်စေ၊ ဝါပဖြစ်စေ သုစရိုက် တရားများ ထုံမွှမ်းပြီး ဒုစရိုက်တရားများ ကင်းဝေးအောင် အစဉ်ကြိုးပမ်းသင့်သလို (ဗုဒ္ဓဘာသာစကားနှင့်ပြောလျှင်) လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် စောင့်ဆိုင်းပြီးမှ ကြားလာရသည့် သွန်သင်ဆုံးမမှုများနှင့် လမ်းညွှန်မှုများကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ အလေးအနက်ထားပြီး စနစ်တကျလေ့လာ ဆည်းပူးသင့်ပါကြောင်း မေတ္တာရှေ့ထားကာ တိုက်တွန်းလိုက်ရပေသည်။

အယ်ဒီတာ (၁၆-၇-၂၀၁၉)