News

POST TYPE

EDITORIAL

မြန်မာတွေ ဖွင့်တဲ့ စားသောက်ဆိုင် (Daily, Vol-7/No-80)
13-Jul-2019

သည်ကနေ့ ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေသာမက အစားအသောက် အမျိုးမျိုး ရောင်းချနေကြတဲ့ ဆိုင်ကြီးဆိုင်ငယ် အမျိုးမျိုးကိုကြည့်မယ်ဆိုရင် တချို့တလေကလွဲလို့ အတော်များများကို ဝေဖန်ရမယ်ဆိုရင် စားသောက်သူတွေကို အမှန်တကယ် အလေးထားတဲ့ စိတ်နေစိတ်ထား မရှိသလောက်ဖြစ်နေတယ်လို့ပဲဆိုရမှာပါပဲ။ ဘာတွေအလေးမထားသလဲဆိုရင် အစားအသောက်ရောင်းတဲ့ လုပ်ငန်းတစ်ခုအတွက် အခြေခံကျကျလိုအပ်တဲ့ သန့်ရှင်းသပ်ရပ်မှုနဲ့ ဝန်ဆောင်မှုဆိုတာပါ။ 

တကယ်တော့ အစားအသောက် ရောင်းတယ်ဆိုတာ အင်မတန် တာဝန်ကြီးလေးတဲ့ အလုပ်တစ်ခုဖြစ်သလို၊ ကိုယ့်ဘက်က အကျိုးအမြတ်တစ်ခုတည်းထက် တစ်ဖက်သား စားသုံးသူတွေအပေါ် စေတနာလေးတွေပါ ဖြည့်စွက်ပေးမယ်ဆိုရင် သာမန်ဈေးရောင်းတဲ့သူမဟုတ်တော့ဘဲ သိပ်ကိုတန်ဖိုးရှိတဲ့ လုပ်ငန်းရှင်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခက်နေတာက ရပ်ကွက်တွင်း တစ်နိုင်တစ်ပိုင်ဖွင့်ကြတဲ့ စားသောက်ဆိုင်လေးတွေနဲ့ လက်ဖက်ရည်ဆိုင်လေးတွေကအစ စားသောက်ဆိုင်ကြီး အတော်များများဟာ ကိုယ့်ရဲ့တန်ဖိုးကို အမှန်တကယ် မြှင့်တင်ပေးနိုင်မယ့် အကြောင်းအရာလေးတွေကို အမှုမဲ့၊ အမှတ်မဲ့ သဘောထားနေကြတုန်းပါပဲ။ အဲဒါကြောင့်လည်း ဆိုင်တွေအတော်များများဟာ ရေရှည်လုပ်ငန်းမလည်ပတ်နိုင်တော့ဘဲ လမ်းတစ်ဝက်မှာပဲ အောင်ဖျာလိပ်ကြရတာက များသလိုဖြစ်နေတာပါ။ (ဆိုင်ငှားရမ်းခ ကြေးကြီးလွန်းတဲ့ကိစ္စကတော့ မပါပါဘူး)

စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်လုပ်ငန်းတွေ ရေရှည်အောင်မြင်ဖို့ဆိုတဲ့ကိစ္စမှာ နံပါတ် ၁ လိုအပ်တာက စားသုံးသူတွေရဲ့ ယုံကြည်မှု(Trust) အပြည့်အဝရဖို့ပါ။ ယုံကြည်မှုရမှလည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ လုပ်ငန်းကြီးတစ်ခုအဖြစ်ရပ် တည်နေနိုင်မှာပါ။ မြန်မာ့လူမှုဝန်းကျင်မှာ ပြောစမှတ်စကားတစ်ခုရှိပါတယ်၊ “အစတော့ ကောင်းပါရဲ့ နာမည်လေးလည်းရလာရော လုပ်ချင်တာလုပ်ကုန်ရော”။ စားသောက်ကုန်လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ အောင်မြင်လာတာနဲ့အမျှ အရည်အသွေးညံ့ဖျင်းလေ့ ရှိလာတာကိုပြောတဲ့စကားပါပဲ။

တကယ်တော့ အောင်မြင်တဲ့စားသောက်ဆိုင်လုပ်ငန်းဆိုတာ နေ့စဉ်နဲ့အမျှ စားသုံးသူတွေအတွက် ချက်၊ ပြုတ်စီမံရောင်းချမယ့် အစားအစာတွေ သန့်ရှင်းလတ်ဆတ်မှု ရှိ၊ မရှိဆိုတဲ့အချက်ရယ်၊ စားသုံးသူတွေနဲ့ ထိတွေ့ရတဲ့ စားပွဲထိုးဝန်ထမ်းတွေရဲ့ အပြုအမူအပြောအဆိုကအစ သူတို့ကို လုပ်ငန်းခွင်မှာပျော်ရွှင်အောင်၊ တက်တက်ကြွကြွရှိအောင် ဘယ်လောက်အတိုင်းအတာအထိ လေ့ကျင့်သင်ကြားပေးထားတယ် ဆိုတဲ့အချက်ရယ် စတာတွေကို အမြဲတမ်း အာရုံစိုက်အလေးထားတဲ့ဆိုင်တွေကို ဆိုတာပါ။

လက်ဖက်ရည်ဆိုင်ဖွင့်တာဖြစ်စေ၊ စားသောက်ဆိုင်ဖွင့်တာဖြစ်စေ ဆိုင်ကိုလာတဲ့သူအတွက် အခမဲ့တိုက်တဲ့ရေတစ်ခွက်နဲ့ စားပွဲထိုးဝန်ထမ်းတွေရဲ့ ယဉ်ကျေးပျူငှာတဲ့ဆက်ဆံရေးဟာ သိပ်ကိုအရေးကြီးလွန်းလှသလို ကိုယ်တောင်မှမစားရဲတဲ့ အစားအသောက်ကို စားသုံးသူတွေကိုရောင်းနေတဲ့ အနေအထားမျိုးမဖြစ်ဖို့လည်း အထူးလိုအပ်လွန်းလှပါတယ်။ ဆိုလိုတာက စားသုံးသူတွေကို ရေတစ်ခွက် တိုက်တာကုသိုလ်ဖြစ်သလို စားသုံးသူတွေ အန္တရာယ်ဖြစ်စေမယ့် ဆီတွေနဲ့ ဓာတုဗေဒပစ္စည်းတွေမသုံးဘဲ ကိုယ်ရောင်းတဲ့အစားအစာကို စားသုံးသူတွေ စိတ်ချလက်ချ စားနိုင်အောင်လုပ်နိုင်မယ်ဆိုရင်လည်း ကုသိုလ်ရတယ်ဆိုတာပါပဲ။ ယုတ်စွအဆုံး ယမကာရောင်းသည့်ဆိုင်ဖွင့်သည်ဆိုဦး၊ အရက်အတုတွေ၊ အရည်အသွေး ညံ့ဖျင်းတဲ့အရက်တွေ စားသုံးသူတွေရဲ့ဗိုက်ထဲ မရောက်အောင် အမြဲဂရုစိုက်နေမယ်ဆိုရင်တောင် ကုသိုလ်ဆိုတာဖြစ်မှာပါပဲ။

ဒါပေမဲ့ခက်တာက ကျွန်တော်တို့နိုင်ငံသားတွေအများစုဟာ ကုသိုလ်ဆိုတာကို ဘုန်းကြီးကျောင်းသွား၊ ဘုရားတက်၊ အလှူကြီးပေးပြမှ ရတတ်တဲ့အရာလို့ ထင်တတ်ကြတယ်မဟုတ်လား။ တကယ်တော့ စားသောက်ကုန်လုပ်ငန်းလုပ်ရင်း၊ စားသောက်ဆိုင်ဖွင့်ရင်း စားသုံးသူတွေရယ်၊ ဆိုင်ကိုမှီခိုနေကြတဲ့ ဝန်ထမ်းတွေရယ်နဲ့ပတ်သက်ပြီး အပေါ်မှာပြောခဲ့တဲ့ကိစ္စလေးတွေကို အလေးအနက် ထားတတ်မယ်ဆိုရင် တန်ဖိုးရှိတဲ့ စားသောက်ဆိုင်လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာမယ်ဆိုတဲ့အချက်ကို ပြောလိုတာပဲဖြစ်ပါတယ်။ 

အယ်ဒီတာ (၁၃-၇-၂၀၁၉)