News

POST TYPE

EDITORIAL

လူ့အဖွဲ့အစည်းတစ်ခု ပျက်သုဉ်းခြင်း
11-Jul-2019

ခုတစ်လော မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးသတင်းတွေ ကြားရတာ မကောင်းလှပါဘူး။ မှုခင်းတွေ များလာသလို မီတာခ၊ ကုန်ဈေးနှုန်းတွေလည်း လိုက်တက်လာပါတယ်။ နိုင်ငံရေးကလည်း သေချာရေရာမှုမရှိပါဘူး။ အမှန်တော့ အရင်ကတည်းက ဒီလိုသတင်းမျိုးတွေနဲ့ မြန်မာနိုင်ငံသားတွေ ရင်းနှီးနေနှင့်ပြီးသားဖြစ်ပါတယ်။ လူတွေဟာ သတင်းတစ်ခုကို ဝေဖန်တဲ့အခါမှာ ပုံစံအမျိုးမျိုးနဲ့ ဝေဖန်ကြပါတယ်။ တချို့က ဘက်လိုက်တယ်။ တချို့က မျှတတယ်။ တချို့ကလည်း ဘာသိဘာသာနေကြတယ်။ မည်သို့ပင် အမြင်သဘောထားတွေ ကွဲပြားပါစေ ဒီနိုင်ငံကို ချစ်ခင်မြတ်နိုးတဲ့သူ၊ ဒီနိုင်ငံရဲ့ အကြောင်းကိစ္စတွေကို စိတ်ဝင်စားတဲ့သူ အားလုံးရဲ့စိတ်ထဲမှာတော့ လက်ရှိ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို စိုးရမ်ပူပန်နေကြပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ပိုပြီး အနုတ်သဘော ရှုမြင်လာနေကြပါတယ်။ မြန်မာနိုင်ငံကတော့ သွားပြီ၊ မြန်မာ့လူ့အဖွဲ့အစည်းကတော့ ပြင်လို့မရတော့ဘူး၊ တိုးတက်ချင်ရင် ဒီမှာမနေနဲ့ နိုင်ငံခြားသွားပါ ဆိုတာမျိုး အစဉ်အဆက် ပြောဆိုလာခဲ့ကြပြီး အခုတော့ အဲဒီအသံတွေ ပိုပြီးကျယ်လောင်လာနေလေရဲ့။ လူ့အဖွဲ့အစည်းတစ်ခု ပျက်သုဉ်းခြင်းဆိုတာ ဒါပဲလား။ ကျွန်တော်တို့ နည်းနည်း လေ့လာကြည့်ရအောင်။

မြန်မာနိုင်ငံ ဘာကြောင့် ဆင်းရဲရသလဲ၊ ဘာကြောင့် မငြိမ်းချမ်းရသလဲ၊ ဘာကြောင့် မဖွံ့ဖြိုးမတိုးတက်ရသလဲဆိုတဲ့အကြောင်း ဆွေးနွေးပြောဆိုကြပြီဆိုရင် လူတွေက အရင်တပ်မတော်အစိုးရ အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ဝန်းကျင်ဆီ ပြန်ပြောင်းပြောဆိုတတ်ကြတယ်။ တစ်ချိန်က ဒေသတွင်းမှာ အထိုက်အလျောက် ချမ်းသာကြွယ်ဝခဲ့တဲ့ မြန်မာနိုင်ငံဟာ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ဆင်းရဲမွဲတေသွားတယ်ပေါ့။ ဆင်းရဲမွဲတေတယ်ဆိုတဲ့အထဲမှာ လူတွေ အကျင့်စာရိတ္တပျက်ပြားတာ၊ လာဘ်ပေးလာဘ်ယူမှု ထူပြောတာ၊ ယုံကြည်မှုပျောက်ဆုံးတာ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတာ အားလုံးပါတယ်ပေါ့။ အဲဒီတော့ အဲဒီလို ၁၉၆၂ ဝန်းကျင်ကာလတွေဆီကို ပြစ်တင်ပြောဆိုတာ မှန်သလားဆိုတော့ မှန်ပါတယ်။ အဲဒီတုန်းက ၁၉၆၂ ကနေ ၁၉၈၈ အထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ အင်မတန် ညံ့ဖျင်းခဲ့လို့ ၁၉၈၈ လူထုအုံကြွမှု အရေးအခင်းကြီး ဖြစ်ခဲ့တာပေါ့။ သို့သော် အဲဒီအရေးအခင်းကြီး အောင်မြင်သလားဆိုတော့ မအောင်မြင်ဘူး။ ၁၉၈၈ မှာ နောက်ထပ် တပ်မတော်အာဏာသိမ်းမှုနဲ့ ကြုံခဲ့ရတယ်။ ၁၉၈၈ ကနေ ၂၀၁၀ အထိ ဆိုပါတော့ဗျာ။ ၂၀၁၀ နောက်ပိုင်းမှာ ပြည်ခိုင်ဖြိုးပါတီက ဦးသိန်းစိန်အစိုးရ တက်လာတယ်။ အခုတော့ အန်အယ်လ်ဒီ ဒေါ်အောင်ဆန်းစုကြည် အစိုးရပေါ့ဗျာ။

ဒီတော့ လူ့အဖွဲ့အစည်း ပျက်သုဉ်းခြင်းဆိုတဲ့ ခေါင်းစဉ်ဆီ ပြန်သွားမယ်ဆိုရင် မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းက ၁၉၆၂ ကတည်းက စတင်ပျက်သုဉ်းလာခဲ့တယ်ဆိုတာ အမှန်ပဲ။ ဒါကို ဘယ်သူမှငြင်းလို့မရဘူး။ ပျက်သုဉ်းတယ် ဆိုတာ တဖြည်းဖြည်း ဆုတ်ယုတ်လာတာပေါ့။ အာဏာသိမ်းတာကို အပြစ်မပြောလိုဘူး။ သိမ်းပြီးရင် တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ရမယ်။ မလုပ်နိုင်ခဲ့ဘူး။ ဆိုရှယ်လစ်သဘောတရားတွေသာ ကြီးကြီးကျယ်ကျယ် လျှောက်ပြောနေတာ အမှန်လက်တွေ့မှာ ဆင်းရဲ၊ ချမ်းသာကွာဟမှုက ကြီးမားလာခဲ့တယ်။ နောက်ဆုံး ၈၈ အရေးအခင်းနဲ့ ဆိုရှယ်လစ်စနစ် နိဂုံးချုပ်ခဲ့တယ်။ ဆိုရှယ်လစ်ဆိုရင် လူတွေက မကြားချင်၊ မမြင်ချင်လောက်အောင် ဖြစ်သွားခဲ့တယ်။

ဘာကြောင့် ဆိုရှယ်လစ်စနစ် ကျဆုံးခဲ့ရသလဲ။ ပြန်ကြည့်ပါ။ စနစ်ကြောင့် မဟုတ်ဘူး။ လူတွေကြောင့်ဖြစ်တယ်။ အုပ်ချုပ်တဲ့သူတွေ၊ ခေါင်းဆောင်တွေကြောင့် နိုင်ငံဆင်းရဲသွားခဲ့ရတယ်။ ခေါင်းဆောင်တွေဟာ အစပိုင်းမှာတော့ အလုပ်သမား၊ တောင်သူလယ်သမား အကျိုးစီးပွားတွေ မြှင့်တင်ပေးမယ်ဆိုပြီး စကားတွေ အများကြီးပြောခဲ့တယ်။ တကယ် အဲဒီလူတန်းစားတွေ အမှန်တကယ် တိုးတက်ခဲ့သလားဆိုတော့ မတိုးတက်ခဲ့ပါဘူး။ အဲဒီအစား အစိုးရအာဏာပိုင်တွေ၊ ပါတီနဲ့ နီးစပ်သူတွေသာ ကြီးပွားသွားခဲ့တယ်။ လုပ်ရင်းကိုင်ရင်း မှားသွားပြီ၊ မှားနေပြီးဆိုရင်လည်း အချိန်မီ ပြန်လည်ပြင်ဆင်ရမယ်။ ပြင်ဆင်ခဲ့သလား။ မပြင်ဆင်ခဲ့ဘူး။ ၁၉၆၂ ကနေ ၁၉၈၈ အထိ အချိန် ၂၆ နှစ် ရခဲ့တယ်နော်။ ပြင်လည်း မပြင်ဆင်ခဲ့ဘူး။ ဘာမှလည်း ဖြစ်မလာခဲ့ဘူး။ အဲဒီအချိန်မှာ မြန်မာ့အိမ်နီးချင်းတွေ၊ ဒေသတွင်း နိုင်ငံတွေ အတော်များများ မြန်မာနိုင်ငံကို ကျော်တက်ကုန်ပြီ။ ဒီလိုနဲ့ မြန်မာနိုင်ငံမှာတော့ ကိုယ့်အချင်းချင်း ပေး၊ ကျွေးပြီး အာဏာကို တည်ဆောက်၊ တွယ်ကပ်နေခဲ့ကြတယ်။ အဲဒီ ၁၉၆၂ ကစလို့ မြန်မာ့လူ့အဖွဲ့အစည်းဟာ တတိတိနဲ့ ပျက်သုဉ်းနေခဲ့ပြီ။

၁၉၈၈ အရေးအခင်း မအောင်မြင်ခဲ့ဘူး။ တပ်မတော်က အာဏာထပ်သိမ်းတယ်။ လူတွေဟာ အရင်အုပ်ချုပ်ခဲ့တဲ့ ဆိုရှယ်လစ်အာဏာပိုင်တွေကို မုန်းတာထက် ၁၉၈၈ နောက်ပိုင်း အာဏာသိမ်းခဲ့တဲ့ တပ်မတော် ခေါင်းဆောင်တွေကို ပိုမိုမုန်းတီးခဲ့တယ်။ လူတွေမကျေနပ် မုန်းတီးရလောက်အောင်လည်း တပ်မတော်အစိုးရလက်ထက်မှာ လာဘ်ပေးလာဘ်ယူမှုတွေ၊ မညီမျှမှုတွေ၊ ဆင်းရဲ၊ ချမ်းသာကွာဟမှုတွေ အဆမတန် ကြီးထွားခဲ့တယ်။ အဆိုးဆုံးကတော့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ အကြီးအကျယ် ပျက်ယွင်းခဲ့တာပဲ။ တပ်မတော်အစိုးရ ဘာမှအလုပ်မလုပ်ခဲ့ဘူးလို့ ပြောနေတာ မဟုတ်ဘူး။ သူတို့ဟာ သူတို့အရင် မဆလအာဏာပိုင်တွေထက်စာရင် အလုပ်ပိုလုပ်တယ်။ နိုင်ငံအနှံ့ တံတားကြီးတွေ၊ လမ်းကြီးတွေ၊ ဆည်မြောင်းတာတမံတွေ၊ တက္ကသိုလ်၊ ဆေးရုံကြီးတွေ ပေါ်ထွက်လာတယ်။ သို့သော် အဲဒီနောက်ကွယ်မှာ အရည်အသွေး မပြည့်မီမှုတွေ၊ လာဘ်ပေး၊ လာဘ်ယူမှုတွေ အဆမတန်ဖြစ်ထွန်းခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ အောက်မှာ စိတ်ပိုင်းဆိုင်ရာကျင့်ဝတ်တွေ အများကြီး ပေးဆပ်ခဲ့ရတယ်။ အစိုးရဌာနအသီးသီးကို တပ်မတော်အရာရှိတွေ ဝင်ရောက်လာခဲ့တယ်။

မဆလလက်ထက်က လာဘ်ပေး လာဘ်ယူကြီးမားတယ်ဆိုတာ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာ ပျင်းတောင်ပျင်းသေးတယ် ဖြစ်သွားခဲ့တယ်။ တချို့ဌာနတွေမှာ အရာရှိအဆင့်မပြောနဲ့ စာရေးအဆင့်နဲ့တင် တိုက်ဆောက်၊ ကားစီး၊ သိန်းရာ၊ ထောင်ချီ ချမ်းသာ၊ ကြွယ်ဝသွားကြတယ်ဆိုတဲ့သတင်းတွေ အများအပြားဖြစ်ခဲ့တယ်။ လူအများအပြားဟာ စီးပွားရေးလုပ်ပိုင်ခွင့်တွေရဖို့ အာဏာပိုင်တွေကို နည်းအမျိုးမျိုးနဲ့ ချဉ်းကပ်ကြရတယ်။ လူလူချင်း အောက်ကျို့ မျက်နှာချိုသွေးရတယ်။ အလိုလိုက် အကြိုက်ဆောင်ရတယ်။ လူငယ် အတော်များများဟာလည်း လုပ်ပိုင်ခွင့်ရှိတဲ့ဌာနတွေ၊ အဖွဲ့အစည်းတွေမှာ အလုပ်ရရှိဖို့၊ အလုပ်ရပြီးရင်လည်း အဲဒီဌာန၊ အဖွဲ့အစည်းတွေက လုပ်ပိုင်ခွင့်ရှိသူတွေရဲ့မျက်နှာသာ ရဖို့ ကြိုးစားကြတယ်။ အမျိုးသမီး အများအပြားဟာလည်း အာဏာရှိတဲ့သူတွေ၊ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့ နီးစပ်ဖို့၊ ကြင်ရာဖက်ဖြစ်ဖို့ ကြိုးပမ်းကြတယ်။ လာဘ်စားအကျင့်ပျက်တဲ့ အာဏာရှိသူတချို့ဟာ သူတို့ကိုယ်သူတို့ ဘာသာရေးကိုင်းရှိုင်းသူတွေသဖွယ် ပြုမူကြတယ်။ သူတို့ရုံးခန်းတွေမှာဆို ဘုရားစင်တွေရှိတယ်။ ဘုန်းကြီးကျောင်းတွေ မကြာခဏသွားကြတယ်။ ထင်ရှားတဲ့၊ လူသိများတဲ့ ဆရာတော်တွေနဲ့ နီးစပ်ဖို့ ကြိုးစားကြတယ်။ ပြောရရင်ဗျာ။ အဲဒီ ၁၉၈၈ အရေးအခင်းအပြီး ၂၀၁၀ လောက်အထိ ရှေ့ရောက်နေရာရနေခဲ့တဲ့သူ အတော်များများဟာ အခွင့်အရေးသမားတွေများပဲ။ အခွင့်အရေးသမားမဟုတ်လည်း အဲဒီခေတ်က မရှင်သန်နိုင်ဘူး။ အဲဒီကာလက လူတွေအတော်များများရဲ့ တွေးခေါ်၊ ပြုမူပုံတွေဟာ ရွံစရာတွေဗျာ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ စစ်ရေး အားလုံး ရောထွေးနေတယ်။ ဘယ်သူ လူဆိုးလဲ၊ ဘယ်သူ လူကောင်းလဲကို မသိကြတော့ဘူး။ လူဆိုးတွေက လူကောင်းဖြစ်၊ လူကောင်းတွေက လူဆိုးဖြစ်၊ ရိုးသားတဲ့သူတွေ “အ”တယ်လို့ အထင်အမြင်ခံရ၊ လာဘ်မယူတဲ့သူတွေ “တုံး”တယ်လို့ အပြောခံရ၊ အမှန်တရားပြောတဲ့သူတွေ “အမုန်း”ခံရ၊ အဲဒီကာလ မြန်မာ့လူ့အဖွဲ့အစည်းဟာ အင်မတန် ရွံစရာကောင်းခဲ့တယ်။ အားလုံးဟာ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်မိသားစုအကျိုးစီးပွား၊ ကိုယ့်အသိုင်းအဝိုင်း အကျိုးစီးပွား အတ္တဗဟိုပြုပြီး အလုပ်လုပ်နေခဲ့ကြတယ်။ အခုဒီနေ့အချိန်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကတစ်ဆင့် ပြည်သူရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ရလာခဲ့ပြီ။ ရလာခဲ့လို့ နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲပဲ ပြုလုပ်ကျင်းပတော့မယ်။ တချို့ကလည်း အခုလို ဆူဆူညံညံ၊ ရှုပ်ရှုပ်ထွေးထွေး အခြေအနေမျိုးတွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲတောင် ရောက်ပါ့မလားဆိုပြီး စိုးရိမ်ပူပန်မှု တချို့ရှိတယ်။ ဒီလို နှစ်ပေါင်းများစွာ ပုပ်သိုးပျက်စီးနေတဲ့ လက်ရှိလူ့အဖွဲ့အစည်းကို ဘယ်လိုပြန်ပြင်ကြမလဲ။ တပ်မတော်ကို နိုင်ငံရေးက လုံးဝဖယ်ထုတ်ကြမလား။ ကိုယ်နှစ်သက်တဲ့ပါတီကို ရွေးကောက်ပွဲတိုင်းမှာ မဲပုံအောပြီး ထောက်ခံကြမလား။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထိရောက်စွာ ပြင်ဆင်မလား။ မရပါဘူးဗျာ။ ဒီနိုင်ငံမှာ ဘယ်သူ၊ ဘယ်သူမှ အပြတ်မရှင်းနိုင်ပါဘူး။ ဒါကြောင့် ယှဉ်တွဲနေထိုင်၊ ဝေဖန်ပြစ်တင်ကြရင်း နှစ်ဦးနှစ်ဖက် အောင်နိုင်မယ့်အနေအထားကိုပဲ ဖန်တီးယူလို့ရမယ်။ ရှုံးတဲ့သူကို လက်ခုပ်တီး အားပေးတတ်ရမယ်။ ဂုဏ်သိက္ခာရှိတဲ့ ထွက်ပေါက်ကို ဖန်တီးပေးနိုင်ရမယ်။ ချောင်ပိတ်ရိုက်သလို မဖြစ်စေရဘူး။ ထွက်ပေါက်မရှိတဲ့သူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုဟာ အသေသာခံသွားမှာပဲ။ တကယ်တော့ ပြဿနာက ဒီနိုင်ငံလူတွေရဲ့ စိတ်အခြေခံနဲ့ သက်ဆိုင်နေပါတယ်။ မြန်မာအများစုဟာ စိတ်မထားတတ်ပါဘူး။ အစွန်းရောက်ချင်တယ်။ သူတို့မှာ မှန်ကန်တဲ့နိုင်ငံရေး အသိစိတ်ဆိုတာ နည်းပါးပါတယ်။ ထောက်ခံမှု၊ ကန့် ကွက်မှု လွန်ကဲတတ်ပါတယ်။ ခံစားချက် ဦးစားပေးတယ်။ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးတယ်။ နှုတ်ကြောင့် သေကြတာ များပါတယ်။ နိုင်ငံရေးမှာ ခံစားချက် ဦးစားပေးရင်သွားပြီ။ အုပ်စုဖွဲ့မိပြီးဆိုရင် ဝိုင်း အာ တော့တာပဲ။ မြန်မာတွေမှာ နိုင်ငံရေးထိန်းညှိမှု အနုပညာဆိုတာ မကျွမ်းကျင်ပါဘူး။ လိုချင်တာကို ရအောင်မယူတတ်ပါဘူး။ အုပ်စုဖွဲ့မိရင် သွားပြီ။ တစ်ဖက်ကို စာနာမှုပြရင်၊ နားလည်မှုပြရင် အပေးစားခံရတယ်။ မြင်အောင် ပြောရရင် စစ်လော်ဘီလို့ အပြောခံရတာပေါ့ဗျာ။

အခုဆို ကြည့်လေ။ နိုင်ငံအနှံ့ မှုခင်းတွေကိုကြည့်။ ထစ်ခနဲဆို လုယက်တယ်။ အလစ်သုတ်တယ်။ မုဒိမ်းကျင့်တယ်။ လူသတ်တယ်။ အခုဆို သက်ငယ်မုဒိမ်းမှုတွေဆိုတာ မကြားချင်မှအဆုံး။ ထမင်းစား၊ ရေသောက်လိုတောင် ဖြစ်လာနေတယ်။ ဘာကြောင့်လဲ။ လူ့အဖွဲ့အစည်းတစ်ခု ပျက်သုဉ်းခြင်းရဲ့ အမှတ်တွေ များလာ၊ မြင့်လာနေလို့ပေါ့ဗျာ။ ပြောချင်တာဗျာ။ မြန်မာ့လူ့အဖွဲ့အစည်းက နှစ်ပေါင်းများစွာ ယိုယွင်း၊ ပျက်စီးလာခဲ့တာဖြစ်တယ်။ အဲဒီလိုပျက်စီးခဲ့လို့ ခုအချိန်မှာ တစ်ချိန်က အဖြစ်အပျက်တွေအတွက် ဘယ်သူ့၊ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ဘူး။ တင်နေလို့လည်း ဘာမှထူးခြားလာမှာမဟုတ်ဘူး။ ကျွန်တော်တို့ အာရုံစိုက်ရမှာ ဒီကနေ့ကာလပဲ။ ဒီကနေ့ အချိန်ပဲ။ ကျွန်တော်တို့အနားက ဒေသတွင်းနိုင်ငံတွေ အကုန် ကိုယ့်ကိုကျော်တက်ကုန်ပြီ။ ဒီအတိုင်း ဆက်သွားနေရင် မြန်မာနိုင်ငံ၊ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဒေသတွင်းနိုင်ငံတွေ၊ အခြားအာရှတိုက်နိုင်ငံတွေရဲ့ အောက်ခြေလုပ်သား အင်အားစုဈေးကွက်တွေကို ဖြည့်ဆည်းပေးရတဲ့ အစေခံ လူ့အဖွဲ့အစည်း တစ်နည်း အာရှရဲ့ဘုံကျွန်ဖြစ်မှန်းမသိ ဖြစ်လာလိမ့်မယ်။ မြန်မာနိုင်ငံဆိုတာ ကျွန်တော်တို့နေတဲ့နိုင်ငံ၊ မြန်မာ့လူ့အဖွဲ့အစည်းဆိုတာ ကျွန်တော်တို့နေတဲ့ လူ့အဖွဲ့အစည်း၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျွန်တော်တို့ ဆက်ပြီး အတူယှဉ်တွဲနေထိုင်သွားရမှာဖြစ်တယ်။ အချင်းချင်း ဆက်ပြီး အရင်အတိတ်အကြောင်းတွေ နောက်ကြောင်း ပြန်ဖော် အပြစ်တင်နေကြရင် ပိုဆိုးဖို့ပဲရှိတယ်။ နောင်တစ်ချိန် ပညာရေး၊ လူမှုရေး၊ စီးပွားရေး ရင့်ကျက်ပြည့်စုံတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာခဲ့တဲ့အခါမှာ တစ်ချိန်က အမှားလုပ်ခဲ့သူတွေ ရှက်တတ်လာပါလိမ့်မယ်။ သူတို့မရှိတော့ဘူးဆိုရင်တောင် ပညာပြည့်ဝလာတဲ့ သူတို့မျိုးဆက်တွေ ပြည်သူကို ဝန်ချတောင်းပန်လာပါလိမ့်မယ်။ ပညာကသာ အရာအားလုံးကို လျော့ပါးဖြေရှင်းနိုင်ပါလိမ့်မယ်။ အချိန်တစ်ခုတော့ စောင့်ကြရမှာပေါ့ဗျာ။

အောင်အောင် (IR)