News

POST TYPE

EDITORIAL

မေ့ဖျောက်ပစ်၍ မဖြစ်နိုင်သော ဇူလိုင်မိုးစက်များ (Daily, Vol-7/No-75)
08-Jul-2019

မေ့ဖျောက်ပစ်၍ မဖြစ်နိုင်သော ဇူလိုင်မိုးစက်များ (

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် မိုးသားတိမ်တိုက်ကြီးများ မည်းမှောင်ကျကာ အငြိုးဖြင့်ရွာသည့်အလား မိုးများ အဆက်မပြတ် သည်းထန်တတ်သော ယခုဇူလိုင်လသည် ကြေကွဲဝမ်းနည်းဖွယ်ကောင်းသည့် အမှတ်တရများရှိသည့် လတစ်လဟုဆိုလျှင် စာဖတ်သူများလက်ခံမည်ဟု ထင်မြင်မိပါသည်။

ဆဲဗင်းဇူလိုင်ဟုခေါ်ခဲ့သည့် ဇူလိုင် ၇ ရက် နှင့် ၁၉ ဇူလိုင်ဟုခေါ်သည့် အာဇာနည်နေ့တို့ကြောင့် ဇူလိုင်လဟူသည် မြန်မာ့နိုင်ငံရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက် လှုပ်ရှားခဲ့ဖူးများသူနှင့်၊ မြန်မာ့သမိုင်းကြောင်းကို အစဉ်အမြဲ စိတ်ဝင်စားသူများသာမက နိုင်ငံသားများအတွက် ကြေကွဲဖွယ်ကောင်းသည့်လဟု ဆိုလျှင်လည်းမှားမည်မဟုတ်ပေ။

နေ့ရက်အရ ရန်ကုန်တက္ကသိုလ်မှ ဆန္ဒပြကျောင်းသားများအား ပစ်ခတ်ဖြိုခွင်းခံလိုက်ရသည့် ဇူလိုင် ၇ ရက်က အရင်လာပြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မြန်မာ့ခေါင်းဆောင်ကြီးများ လုပ်ကြံခံလိုက်ရသည့် ၁၉ ဇူလိုင်မှာ နောက်မှရောက်သော်လည်း နှစ်အရဆိုပါက ဆဲဗင်းဇူလိုင်သည် ဗိုလ်ချုပ်တို့လုပ်ကြံခံလိုက်ရသည့် ၁၉၄၇ ခုနှစ်ပြီးနောက် ၁၅ နှစ်အကြာ ၁၉၆၂ ခုနှစ်တွင် ပေါ်ပေါက်လာခြင်းသာဖြစ်ပေသည်။

ဆဲဗင်းဇူလိုင်မှာမူ မြန်မာ့သမိုင်းတွင် ဖိနှိပ်သည့် စစ်အာဏာရှင်စနစ်ဆိုးကြီးတစ်ရပ် စတင်ပေါက်ဖွားခဲ့သည့်နေ့ဖြစ်ပြီး ၁၉ ဇူလိုင်မှာမူ တိုင်းပြည်၏ စစ်မှန်သည့်ခေါင်းဆောင်ကောင်းကြီးများကို လက်လွှတ်ဆုံးရှုံးလိုက်ရသည့်နေ့ဟု ဆိုနိုင်ပေသည်။ ထိုနေ့ နှစ်ရက်စလုံး မြန်မာ့နိုင်ငံရေး အညွန့်ကျိုးသွားခဲ့သည့် နေ့များပင်ဖြစ်သည်။

ယခင်ကဆိုလျှင် ယခုလို ဆဲဗင်းဇူလိုင်အကြောင်း၊ အာဇာနည်နေ့အကြောင်း ပုံနှိပ်မီဒီယာအသီးသီး၏ စာမျက်နှာပေါ်တွင် လွမ်းခန်းဖွင့်ကာ ဆောင်းပါး အသီးသီးဖြင့် စီကာပတ်ကုံးရေးပြရန်နေနေသာသာ၊ ယင်းသမိုင်းဝင်ရက်စွဲများအကြောင်းကို လက်ဖက်ရည်ဆိုင်များတွင်ပင် အသံကျယ်ကျယ် မထွက်ရဲခဲ့သည့် အနေအထားမျိုးဖြစ်ခဲ့သည်ကို ဇူလိုင်ထက် မည်းမှောင်ကျသည့်စနစ်ကြီးကို ဖြတ်သန်းဖူးသူအားလုံး အသိပင်ဖြစ်ပါလိမ့်မည်။

ယခုအခါ ဆဲဗင်းဇူလိုင်မှာ နှစ်ပေါင်း ၅၇ နှစ်ရှိခဲ့ပြီး ၁၉ ဇူလိုင်မှာ နှစ် ၇၂ ပြည့်ပြီဖြစ်သည်။ “သေသောသူ ကြာလျှင်မေ့”ဟူသည့်ဆိုရိုးရှိသော်လည်း သမိုင်းဟူသည်မှာ မေ့ဖျောက်ဖုံးကွယ်၍ မည်သို့မျှ မဖြစ်နိုင်သောကိစ္စဖြစ်ပြီး သမိုင်းကြောင်းထဲမှ အဆိုးများ ထပ်ကျော့မလာနိုင်အောင် သမိုင်းကိုလေ့လာသင်ယူပြီး ကာကွယ်ဟန့်တားနိုင်မှသာလျှင် သာယာသည့်အနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်ပေသည်။

တစ်နည်းဆိုရလျှင် တပ်မတော်၏ခေါင်းကိုင်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ၁၉ ဇူလိုင်နှင့် တပ်မတော်၏ ပစ်ခတ်နှိမ်နင်းခြင်းကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သေဆုံးခဲ့သည့် ဆဲဗင်းဇူလိုင်ဟူသည့် သမိုင်းနေ့စွဲများသည် တက္ကသိုလ်ကျောင်းသားများရော၊ တပ်မတော်သားများ (သားနှစ်သားစလုံး) နှင့်ပါ တိုက်ရိုက်သက်ဆိုင်ပေရာ ယင်းသမိုင်းကြောင်းထဲမှ သင်ခန်းစာများကိုလေ့လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အဟန့်အတားကြီး ဖြစ်ခဲ့သော စစ်အာဏာရှင်စနစ်ဆိုးကြီး ထပ်မံမပေါ်ပေါက်လာအောင် မျိုးဆက်သစ်များ၏ မျက်နှာကိုထောက်ရှုကာ ကြိုးပမ်းကာကွယ်ပေးကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်သည်။

အယ်ဒီတာ (၇-၇-၂၀၁၉)