News

POST TYPE

EDITORIAL

တရားဥပဒေ စိုးမိုးစေချင်တာ အမှန်ပါ (Daily, Vol-7/No-74)
06-Jul-2019

ဗစ်တိုးရီးယားအမှုမှာ တရားခံဘယ်သူလဲဆိုတာဟာ ယနေ့မြန်မာပြည်သူတွေ အားလုံး အသိချင်ဆုံးကိစ္စလို့ပြောရမှာပါ။ ဖုံးကွယ်မှုတွေ၊ လိမ်ညာမှုတွေ၊ မရိုးသားမှုတွေ ပြည့်နှက်နေတယ်လို့ အားလုံးက ယူဆနေကြတဲ့ အနေအထားမှာ ဘယ်လိုမှဖုံးကွယ်လို့မရ ငြင်းလို့မရတဲ့ကိစ္စကတော့ အာဏာပိုင်တွေအပေါ်ထားရှိတဲ့ ပြည်သူတွေရဲ့ယုံကြည်မှုလို့ဆိုရမှာပါပဲ။

အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ ရဲတပ်ဖွဲ့နဲ့ CID အဖွဲ့ အပါအဝင် အစိုးရအာဏာပိုင်တွေရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို ဘယ်လိုမှ မယုံနိုင်လောက်အောင် ဖြစ်နေကြတာဟာ နိုင်ငံတော်နှင့် တရားဥပဒေစိုးမိုးရေးကိုဆောင်ကြဉ်းနေတဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေအတွက် အင်မတန် သတိထားသင့်တဲ့ကိစ္စလို့ ဆိုရမှာပါပဲ။

တစ်ဖက်ကကြည့်မယ်ဆိုလျှင် ဒီလိုဖြစ်နေတာဟာ နိုင်ငံတော်အစိုးရအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုအတိုင်းအတာကို ညွှန်ပြနေသလို မြန်မာနိုင်ငံဟာ တရားဥပဒေ စိုးမိုးမှုမရှိတဲ့အရပ်ဒေသတစ်ခုဖြစ်တယ်လို့ ပြောနေသလိုပါပဲ။

မတရားပြုကျင့်ခံရတဲ့ ကလေးငယ်တစ်ဦးတည်းအတွက် သာမက အခြား ကလေးငယ်တွေလည်း မတရားမှုနဲ့ မကြုံတွေ့စေရဖို့ ပြည်သူတွေ အုံလိုက်၊ ကျင်းလိုက် လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ကြတာဟာ တရားဥပဒေစိုးမိုးရေး အမှန်တကယ်ရှိတဲ့ နိုင်ငံတစ်နိုင်ငံပေါ်ထွန်းဖို့ မှန်ကန်တဲ့ကြိုးပမ်းမှုလို့ပဲဆိုရမှာပါ။

ဗစ်တိုးရီးယားအမှုဟာ ခေတ်သစ်မြန်မာ့သမိုင်းမှာ နိုင်ငံရေး ဂိုဏ်းဂဏကိစ္စ၊ နိုင်ငံရေး အရောင်အသွေးကိစ္စ မပါဝင်တဲ့ ချီတက်ဆန္ဒပြမှု၊ တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်းထဲက ပြဿနာတစ်ရပ်အတွက် မြန်မာပြည်သူတွေ တပေါင်းတစည်း တည်းဖြစ်မှုမျိုးကို မြင်တွေ့ရတာဟာ ကျေနပ်အားရစရာလည်း ကောင်းပါတယ်။

တစ်ခုသတိထားဖို့ကောင်းတာက တစ်ချိန်က အမေရိကန်ပြည်ထောင်စုမှာ တရားဥပဒေ စိုးမိုးမှုလုံးဝမရှိခဲ့တဲ့ တက္ကဆပ်ဘက်က Wild West လို့ခေါ်တဲ့ နယ်မြေမှာလုပ်ခဲ့ကြသလို ကိုယ့်ဘာသာကိုယ် တရားစီရင်ပစ်မယ်ဆိုတဲ့ ခံယူချက်မျိုးဖြစ်လာမယ်ဆိုရင် တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးမှုကိစ္စဟာ ပြဿနာ အကြီးအကျယ် ဖြစ်လာနိုင်ပါတယ်။

နောက်ထပ်ပိုပြီး သတိချပ်သင့်တာတစ်ခုက အဓမ္မမှုနဲ့ ကြုံတွေ့ရသူတွေအပေါ် စာနာသနားစိတ်ဖြစ်တာ၊ ဝိုင်းဝန်းအကူအညီပေးချင်တာ ကြည်နူးစရာကောင်းပေမယ့် စေတနာအမှားမျိုး မပြုမိဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ စေတနာဆိုတဲ့ စကားလုံးဟာ လှပနှစ်လိုဖွယ် ကောင်းတဲ့အတွက်ကြောင့် စေတနာအမှားဆိုတာ လုပ်မိရင်လည်း အားလုံးက လက်ခံမယ့်အမှားဆိုတဲ့ အဓိပ္ပာယ် အကောက်အယူမျိုး ဖြစ်စေနိုင်တဲ့အတွက်ပါ။ တကယ်ဆိုရင် စေတနာအမှားဟာ တခြားသောအမှားတွေထက်ပင် ပြင်းထန်ဆိုးရွားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖန်တီးနိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံသား အားလုံးအပေါ် မျှတမှုရှိရှိ အကာအကွယ်ပေးတဲ့ ဥပဒေကောင်းတွေ ဆက်လက်ပေါ်ထွန်းဖို့ အများကြီး ကြိုးပမ်းကြရမှာဖြစ်သလို အဲဒီဥပဒေနဲ့ ကျင့်ထုံးတွေကို တရားမျှတမှုအပြည့် တာဝန်ယူမှုအပြည့်ဖြင့် အကာအကွယ်ပေးတတ်တဲ့ အာဏာပိုင် လူစွမ်းကောင်းတွေ ပေါ်ထွန်းဖို့လည်း အားလုံးမှာ တာဝန်ရှိတယ်လို့ပဲ ဆိုချင်ပါတယ်။

အယ်ဒီတာ (၆-၇-၂၀၁၉)