News

POST TYPE

EDITORIAL

တပ်မတော်၏ သဘောထားသာ အရေးအကြီးဆုံးပါ (Daily, Vol-7/No-72)
04-Jul-2019

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ရှိ ဒီမိုကရေစီအစိုးရအာဏာရရှိခဲ့သည့် သုံးနှစ်တာကာလအတွင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကိုဆန့်ကျင်၍ တပ်မတော်က တိုက်ရိုက်တရားစွဲဆိုမှုပေါင်း ၂၄ မှုရှိခဲ့သည်ဟု Freedom of Expresion ခေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေးအတွက် တက်ကြွစွာလုပ်ကိုင်နေသည့် အဖွဲ့တစ်ဖွဲ့က မကြာသေးခင်က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်သွားသည်ကိုတွေ့ရပေသည်။ 

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သူ ပြုပြင်ပြောင်းလဲရေးသမ္မတ ဦးသိန်းစိန်လက်ထက်တုန်းက တပ်မတော်က အလားတူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆန့်ကျင်၍ တရားစွဲဆိုခဲ့သည့်အမှု မည်မျှရှိသည်ကို အစီရင်ခံစာတွင် နှိုင်းယှဉ်ဖော်ပြထားခြင်းမျိုး မတွေ့ရသော်လည်း ဒီမိုကရေစီအစိုးရလက်ထက် Freedom of Expresion ကိစ္စအပေါ် တပ်မတော်၏ သဘောထားကို ထင်ဟပ်စေသည့် အစီရင်ခံစာဟု ဆိုရပေမည်။ 

သုံးနှစ်တာ (ယင်းအစီရင်ခံစာအရ) ကာလအတွင်း တရားစွဲဆိုခဲ့သည့် အမှုများကိုကြည့်လျှင် တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းစေမှု ဟူသောစွပ်စွဲချက်ဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မတပ်ကာ စွဲဆိုခဲ့ခြင်းမျိုးက များသည်ကိုတွေ့ရပေသည်။ တစ်ဆက်တည်း အလေးအနက် စဉ်းစားစရာကောင်းသည်မှာ တပ်မတော်၏ ဂုဏ်သိက္ခာသည် သာမန်ပြည်သူ တစ်ဦးတစ်ယောက်တည်းကြောင့် အမှန်တကယ် ကျဆင်းသွားနိုင်သလော ဟူသည့်အချက်နှင့် ဒီမိုကရေစီခေတ်ဟူသည် တပ်က ပြည်သူကို တရားစွဲဆိုသည့်ခေတ်လော၊ သို့မဟုတ် ပြည်သူက တပ်ကိုတရားစွဲဆိုခွင့်ရှိသည့်(လူသိရှင်ကြား တရားစွဲဆိုရဲသည့်) ခေတ်လောဟူသည့်အချက်တို့ပင် ဖြစ်ပေသည်။ 

မည်သို့ပင်ဖြစ်စေ ပြည်သူရွေးချယ်တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရလက်ထက်တွင် လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်ရှိသည့် အရပ်သားပြည်သူများအပေါ် တပ်မတော်က တရားစွဲဆိုသည်ဆိုသောကိစ္စသည် ကျိုးကြောင်းဆီလျော်မှုလည်းမရှိ၊ ဒီမိုကရေစီ၏ အခြေခံသဘောတရားများနှင့်လည်း ဆန့်ကျင်သလို ဒီမိုကရေစီ လိုလားသော ပြည်သူနှင့် တပ်မတော်အကြား ပြန်လည် ချစ်ကြည်သင့်မြတ်မှုကိုပါ ထိခိုက်စေနိုင်သည်မှာ သေချာလှပေသည်။ 

အကြောင်းမှာ စစ်တမ်းကောက်ယူထားခြင်းမျိုး မရှိသေးသည့်တိုင် မြန်မာပြည်သူများသည် တကယ်တမ်း တပ်မတော်နှင့် အခြားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုခုနှင့် တိုက်ပွဲဖြစ်သည့်အခါတိုင်း တပ်မတော်ဘက်က ရပ်တည်လိုစိတ်သာ ရှိကြသည်ကို တွေ့ရပေသည်။ ထို့အတူ ဆက်သွယ်ရေးပုဒ်မဖြင့် တရားစွဲဆိုသည့် အမှုတိုင်းတွင် တရားစွဲဆိုခံရ (ဖမ်းဆီးထိန်းသိမ်းခံရ)သည့် ပုဂ္ဂိလ်ဘက်က ရပ်တည်ကြသည်ကိုလည်း သတိထားကြည့်လျှင်သိနိုင်ပေသည်။ 

ပို၍ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောရမည်ဆိုလျှင် ပြည်သူထဲမှ ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်အပေါ် ဒီမိုကရေစီလိုလားသော မြန်မာပြည်သူများ မုန်းတီးခြင်းမျိုးမရှိဘဲ ၎င်းတို့မုန်းတီးသည်မှာ လူနည်းစုတစ်စု စိတ်ကြိုက်ခြယ်လှယ်ခွင့်ရသော စစ်အာဏာရှင်စနစ်ဆိုးသာဖြစ်ကြောင်းနှင့် “တပ်နှင့် ပြည်သူ လက်တွဲ ကြည်ဖြူ”ဟူသည့်ခေတ်ကာလကိုရောက်ရှိရန် တပ်မတော်ဘက်က အမှန်တကယ် ကြီးမားသည့် သဘောထားမျိုး ထားရှိရန်သာ အရေးကြီးကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၃-၇-၂၀၁၉)