News

POST TYPE

EDITORIAL

လူမှုကွန်ရက်ပေါ်က လူထုဆန္ဒ အတုများ (Daily, Vol-7/No-52)
11-Jun-2019

ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထား၊ ပြည်သူ့အသံ အစရှိသည်ဖြင့် လူ့အဖွဲ့အစည်းတွင်းရှိကြကုန်သော အများပြည်သူတို့၏ တောင့်တမှုကို ဖော်ကျူးသည့် စကားလုံးများအား ခေတ်အဆက်ဆက် စနစ်အဆက်ဆက်တွင် ပုံစံမျိုးစုံဖြင့် ကြားခဲ့ရပေသည်။ ပြည်သူ့ဆန္ဒ (လူထုဆန္ဒ)ဟူသည်မှာ နိုင်ငံရေးစနစ်များ မည်သို့ပင် အပြောင်းအလဲဖြစ်စေကာမူ အစိုးရတိုင်း၊ နိုင်ငံတွင်းရှိ အဖွဲ့အစည်းတိုင်းက အလေးထားရမည့်အရေးကိစ္စအဖြစ် ဆက်ရှိနေမည်သာပင်ဖြစ်သည်။ 

အိုင်တီနည်းပညာ ထွန်းကားလာသော သည်ဘက်ခေတ်ကာလ၊ ယနေ့ မြန်မာတို့အသုံးပြုနေသည့် လူမှုကွန်ရက်များပေါ်တွင် လူအများစု၏ဆန္ဒ၊ တစ်နည်းအားဖြင့် ပြည်သူ့ဆန္ဒအစစ်မဟုတ်ဘဲ လူနည်းစုက လူများစု အယောင်ဆောင်ကာ ပြည်သူ့ဆန္ဒကို ပုံဖော်ယူနိုင်သည့် အနေအထားရှိနေသည်ကို လူမှုကွန်ရက်သုံးသူများက ကောင်းစွာ နားလည်သဘောပေါက်ထားရမည်ဖြစ်ပေသည်။ 

နည်းပညာများ အလွန်အမင်း ဖွံ့ဖြိုးလာမှုကြောင့်၊ စာတိုမျှသာပေးပို့ နိုင်သည့် ပေဂျာ(Pager) ကိုပင် မသုံးဖူးလိုက်ဘဲ 3G၊ 4G စသည့် ချိတ်ဆက်မှု အားကောင်းသော မိုဘိုင်းလ်များနှင့် စမတ်ဖုန်းများ တန်း၍ အသုံးပြုခွင့်ရသွားသည့် မြန်မာနိုင်ငံသားများအကြား သတင်းအချက်အလက် ရယူနိုင်မှုဟူသောကိစ္စမှာ လူမှုကွန်ရက်များကြောင့် လွန်စွာ လွယ်ကူမြန်ဆန်သည်ဖြစ်သော်လည်း သတင်းမှားများနှင့် သတင်းမှန်များ ကွဲကွဲပြားပြား သိရှိနိုင်ရေးမှာ လူတိုင်းအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်ကို သတိပြုသင့်ပါသည်။ 

လူမှုကွန်ရက်ဟူသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်သော်လည်း တစ်ဖက်တွင် စိတ်သဘောထားမှန်ကန် ဖြောင့်မတ်မှုမရှိသူများနှင့် မရိုးသားသူများကြောင့် အဆိုပါလွတ်လပ်မှုဟူသည် အကန့်အသတ်ဖြစ်လာသည့် သဘောမျိုး ဆိုက်ရောက်လာပါသည်။ ထိုမျှမကသေးပေ။ စာရေးဆရာကြီးများနှင့် သတင်းစာဆရာကြီးများ နှစ်ကာလ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသော လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ဆိုသည့်ကိစ္စမှာ လူမှုကွန်ရက်ပေါ်တွင် ရုန့်ရင်းကြမ်းတမ်းစွာ ဝင်ရောက်ဆဲဆိုကြသူများကြောင့် ပြန်လည် ကွယ်ပျောက်ရမလိုပင် ဖြစ်လာပေသည်။ 

တစ်ချိန်က ပုံနှိပ်စာလုံးဖြင့် ဖော်ပြထားသည့်အရာဆိုလျှင် မှန်ကန်မှု ရှိသည့်စာ သို့မဟုတ် အကြောင်းအရာပင် ဖြစ်လိမ့်မည်ဟု စဉ်းစားချင့်ချိန်မှု အားနည်းသူ အများစုက ယေဘုယျ ယူဆလေ့ရှိခဲ့ကြသည်။ ယခုအခါတွင် ဒစ်ဂျစ်တယ်စာလုံးဖြင့် လူမှုကွန်ရက်ပေါ်၌ ရေးသားဖော်ပြထားသော သတင်းများနှင့် ဓာတ်ပုံများဆိုလျှင် မှန်ကန်လိမ့်မည်ဟု ထင်မှတ်တတ်သူများပြားသည့်သဘောတွင် ရှိလာသည်ဟု ဆိုရပေမည်။ ပုံနှိပ်မီဒီယာခေတ်နှင့် ဒစ်ဂျစ်တယ် မီဒီယာခေတ်တွင် မည်သည့်ခေတ်က အမှားများနိုင်သနည်းဟု မေးလျှင် နှစ်ခုလုံး အမှားမကင်းသော်လည်း လူမှုကွန်ရက် မီဒီယာများ အထူးရေပန်းစားသည့် ဒစ်ဂျစ်တယ် မီဒီယာခေတ်မှာ ပို၍ အမှားများသလို ပရမ်းပတာလည်း ပိုနိုင်လွန်းသည်ဟု ဆိုရပေမည်။

ကမ္ဘာ့နိုင်ငံများမှ အစိုးရများ၊ နိုင်ငံရေးပါတီကြီးများနှင့် စီးပွားရေး လုပ်ငန်းကြီးများ၏ အရေးကြီးသော သတင်းအချက်အလက်များ အဟက်ခံရသည့်ကိစ္စများကို အသာထားပြီး လတ်တလော မြန်မာတို့၏ လူမှုကွန်ရက်များပေါ်မှ ဆိုက်ဘာ မသမာမှုများကိုကြည့်မည်ဆိုလျှင် အကောင့်တုများနှင့် ၎င်းတို့ အုပ်စုဖွဲ့ကာ ဆဲဆိုရေးသားနေသည့် ကွန့်မန့်များ အထူးသတိထားစရာပင်ဖြစ်လာပေသည်။ 

လူတစ်ဦးတည်းဖြင့် အကောင့်ပေါင်း လေး၊ ငါး ဆယ်ခုမက ပိုင်ဆိုင်ခွင့်ရှိထားရာ မည်သည့်အကြောင်းအရာပင်ဖြစ်စေ ပြည်သူအများစုက လက်ခံကြသည့်သဘောဖြင့် ပုံဖော်ရေးသားနိုင်သလို လုံးလုံးလျားလျား ဆန့်ကျင်သည့်ပုံစံဖြင့် ပုံဖော်နိုင်သည်ကို အထူးသတိပြုသင့်ပေသည်။ ဥပမာ - NLD အစိုးရ သို့မဟုတ် ယင်းပါတီကို ထောက်ခံသူမြောက်မြားစွာ ရှိသယောင် အကောင့်တုများက ဖန်တီးနိုင်သလို တပ်မတော်ကို ဆန့်ကျင် သို့မဟုတ် ထောက်ခံသူ မြောက်မြားစွာ ရှိနေသယောင်လည်း အကောင့်တု အမျိုးမျိုးဖြင့် ကွန့်မင့်ရေးကာ ဖန်တီးနိုင်ခြင်းပင်ဖြစ်သည်။

ဤပုံစံဖြင့် အရေးတကြီး ရေးသားထားသော အကြောင်းအရာများ၊ နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက် အလေးအနက် စဉ်းစားရမည့်အရေးကိစ္စကြီးငယ်များမှာ လူမှုကွန်ရက်ပေါ်က ပြည်သူ့ဆန္ဒအတုများကြောင့် ပေါ့တီးပေါ့ပျက် ဖြစ်ရုံမျှမက နောင်မျိုးဆက်များ၏ အကျင့်စာရိတ္တကိုပါ ထိပါးစေနိုင်သည် ဟူသောအချက်ကို အထူးပင် သတိချပ်သင့်ကြောင်း အကြံပြုလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၁၀-၆-၂၀၁၉)