News

POST TYPE

EDITORIAL

တက္ကသိုလ်မတက်မီ တွေးစေချင်သည် (Daily, Vol-7/No-50)
08-Jun-2019
ယနေ့ နံနက်တွင် တက္ကသိုလ်ဝင်တန်း(၁၀ တန်း) အောင်စာရင်းများထုတ်ပြန်ရာ အခြေခံပညာကျောင်းတွေမှာ နံနက်မရောက်မီ သန်းခေါင်ယံလောက်ကတည်းက ဆယ်တန်းဖြေထားတဲ့ ကျောင်းသားကျောင်းသူတွေ စုဝေးရောက်ရှိနေပြီး သူတို့တတွေ ဖြေဆိုထားတဲ့ရလဒ်ကို အဦးဆုံးသိချင်ဇောနဲ့ စောင့်မျှော်နေခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

အင်မတန် နတ်ကြီးတယ်လို့ အစဉ်အဆက် သတ်မှတ်ခဲ့ကြတဲ့ ဆယ်တန်းအောင်သွားတဲ့နေ့ဟာ ဘဝမှာ အပျော်ဆုံးနေ့တွေထဲက တစ်နေ့အဖြစ်ပါတယ်ဆိုတာ ဆယ်တန်းဖြေဆိုအောင်မြင်ခဲ့ဖူးသူတွေအားလုံး အသိပဲဖြစ်ပါလိမ့်မယ်။ မိဘတွေအတွက်ရော၊ ဖြေဆိုတဲ့သားသမီးတွေအတွက်ပါ ကြီးမားတဲ့တာဝန် ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွားတဲ့ပုံစံမျိုး ဖြစ်နေတဲ့အတွက်ကြောင့်လည်း အင်မတန် ပျော်စရာကောင်းတဲ့နေ့အဖြစ် သတ်မှတ်ကြတာလည်း ဖြစ်ပါလိမ့်မယ်။

ဆယ်တန်းအောင်ပြီးဆိုတော့ တက္ကသိုလ်တစ်ခုခု၊ ကောလိပ်တစ်ခုခုရဲ့ ကျောင်းသားဖြစ်ကြတော့မှာပေါ့။ တိုင်းပြည်ရဲ့ ပညာတတ်လောင်းလျာတွေ၊ အနာဂတ်ကာလမှာ တိုင်းပြည်ကို ဦးဆောင်ကြရမယ့်ပုဂ္ဂိုလ်တွေဆိုရင်လည်း မမှားဘူးပေါ့။ အဲဒီတော့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတစ်ဦးအနေနဲ့ ထားရှိသင့်တဲ့ ခံယူချက်သဘောထားတချို့ကို အနည်းငယ် ပြောပြချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူငယ်ဆိုတဲ့ သဘာဝဟာ အတုမြင် အတတ်သင်တတ်ကြတဲ့ သဘောရှိထားပြီးဖြစ်ရာ ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပြီးစလွယ်ရိုက်ကူးပြသနေကြတဲ့ ရုပ်ရှင်တွေ၊ ဗီဒီယို ဇာတ်လမ်းတွေထဲက လွဲမှားစွာ ပုံဖော်ထားတဲ့အကြောင်းအရာတွေကို အဟုတ်ထင်မှတ်သွားပြီး အဲဒီထဲက ဇာတ်ကောင်စရိုက်တွေအတိုင်း လိုက်လုပ်မိကြမှာ စိုးရိမ်ရလို့ပါ။

သိကြတဲ့အတိုင်း နှစ်အတော်ကြာခဲ့ပြီဖြစ်တဲ့ မြန်မာရုပ်ရှင်တွေ၊ ဗီဒီယိုဇာတ်လမ်းတွေကို ကြည့်မယ်ဆိုရင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဘဝကို နောက်ခံထားပြီး ရိုက်တဲ့ ဇာတ်လမ်းအတော်များများမှာ တက္ကသိုလ်ကျောင်းသားတွေဟာ အချိန်ရှိသရွေ့ ကန်တင်းမှာထိုင်၊ အပျော်အပျက်တွေပြော၊ သမီးရည်းစားရရှိဖို့အတွက် နပန်းလုံးနေတဲ့သူတွေလောက်သာသာ ပုံဖော်ခံထားရတယ်ဆိုတာ သတိပြုမိကြမှာပါ။

တက္ကသိုလ်ရောက်ရင် ကျောင်းပြေးလို့ရမယ်၊ ဟေးလားဝါးလား လုပ်လို့ရမယ့် အပေါက်မျိုးဖြစ်အောင် ရိုက်ကူးတင်ဆက်ထားတာတွေဟာ တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် အရက်၊ စီးကရက်ကြော်ငြာတွေထက်တောင် အန္တရာယ်ပိုရှိတဲ့ကိစ္စလို့ဆိုရမှာပါပဲ။ တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ မိမိရဲ့တက္ကသိုလ်(ကျောင်း)၊ မိမိလူ့အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင် အကျိုးအတွက် တစ်စုံတစ်ခု လုပ်ပေးဖို့တာဝန်ရှိတယ်ဆိုတဲ့ ပုံစံဖြစ်အောင် အသိပညာပေးနိုင်တာမျိုးလည်း မရှိသလောက်ဖြစ်ခဲ့ပါတယ်။

တက္ကသိုလ်ဆိုတာ ကိုယ်တတ်သိနားလည်ချင်တဲ့ ပညာရပ်တစ်ခုခုကို အရူးအမူး လေ့လာလိုက်စားခွင့် ရှိတဲ့နေရာတစ်ခုပါ။ ပြည်ပက တခြားတက္ကသိုလ်တွေကို ရောက်ဖူးသူ၊ တက်ဖူးသူတွေ အားလုံးသိကြမှာပါ။ ကိုယ့် လေ့လာချင်တဲ့ ဘာသာရပ်တစ်ခုခုနဲ့ ပတ်သက်တာတွေကို အချိန်ပြည့် Research လုပ်နေနိုင်မှ တော်ကာကျတော်ကာကျပါတယ်။

ပြည်ပက ရုပ်ရှင်တွေကိုကြည့်ရင် တက္ကသိုလ်က ဆရာ၊ ဆရာမတွေ ဆိုတာလည်း အဲဒီလို ပညာကိုရူးသွပ်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေအဖြစ်၊ တကယ့် Academic တွေအဖြစ် ပုံဖော်ရိုက်ကူးခံရတယ်ဆိုတာလည်း သတိပြုမိကြမှာပါ။ အထက်က ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ကြောက်နေရတဲ့ သာမန်ဝန်ထမ်းတစ်ဦးမျိုး မဟုတ်ဘဲ ကျောင်းသားတွေကို ပညာသင်ပေးရင်း မိမိကိုယ်တိုင်လည်း ပညာကို အဆက်မပြတ် လေ့လာနေတဲ့ Academic  တစ်ဦးဖြစ်တဲ့ ပုံစံမျိုးဖြစ်အောင် ပြသနိုင်ကြတာချည်းပါပဲ။

တက္ကသိုလ်ရောက်ရင် အချိန်တန်ရင် ကျူရှင်တက်၊ ပိုင်တဲ့ဆရာ၊ ဆရာမဆီက မေးခွန်းရအောင်လုပ်ပြီး တစ်ဖက်မှာ လုပ်ချင်တာလုပ်လို့ရပြီဆိုတဲ့ အတွေးမျိုး လူငယ်တွေရဲ့ စိတ်ထဲဝင်မသွားအောင်၊ တစ်မျိုးပြောရရင် ပေါ့ပေါ့နေပေါ့ပေါ့စား တက္ကသိုလ်ကျောင်းသားပုံစံတွေကို လူငယ်တွေ အတုမယူမိဖို့ အင်မတန် အရေးကြီးပါတယ်။

အဓိက ပြောချင်တာကတော့ ဘဝအတွက် အင်မတန် အရေးကြီးတဲ့ တက္ကသိုလ်တွေဟာ ပေါ့ပေါ့နေပေါ့ပေါ့စားလို့ရတဲ့ နေရလို့ခံယူထားတဲ့သူတွေ များလာလေ တိုင်းပြည်မှာ အကြီးအကျယ် ထိခိုက်နစ်နာရလေ ဆိုတာကို သတိပြုစေချင်တာပါ။

အယ်ဒီတာ (၈-၆-၂၀၁၉)