News

POST TYPE

EDITORIAL

ဗိုလ်ချုပ်ကြီး ပရာရွတ်နှင့် ထိုင်း-မြန်မာဒီမိုကရေစီဋီကာ(Daily, Vol-7/No-49)
07-Jun-2019

အိမ်နီးချင်းထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချား ရွေးကောက်ပွဲ၌ အသာတကြည်ပင် အနိုင်ရရှိပြီး ဝန်ကြီးချုပ်အဖြစ် ပြန်လည်တင်မြှောက်ခံရကာ အာဏာကိုမြဲမြံစွာ ဆုပ်ကိုင်ထားလိုက်နိုင်သည့်သတင်းသည် အာဆီယံနိုင်ငံများမှ မီဒီယာများတွင် အကျယ်တဝင့် ရေးသားဖော်ပြကြပေသည်။

အထက်လွှတ်တော် အမတ် ၂၅၀ စလုံးကို အမျိုးသားငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကောင်စီ (NCPO) ခေါ် လက်ရှိအုပ်ချုပ်နေသော စစ်အစိုးရက ခန့်အပ်ခြင်းဖြစ်ပြီး အောက်လွှတ်တော်အမတ်နေရာ ၅၀၀ ကိုသာ ရွေးကောက်တင်မြှောက်ကြရမည့် ရွေးကောက်ပွဲဖြစ်သလို အောက်လွှတ်တော်အတွက် တင်မြှောက်မည့်ပုံစံကိုကြည့်လျှင်လည်း တစ်ပါတီတည်းက အမတ်နေရာအများကြီး ရမသွားစေရန် ဦးတည်ထားသည်ကိုတွေ့ရှိရပေရာ ထိုင်းစစ်တပ်က အသာစီးအားလုံး ယူရထားသည့် ဒီမိုကရေစီစနစ်ဟုပင် ပြော၍ရပေသည်။ 

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ဝန်ကြီးချုပ်ပြန်ဖြစ်သည့်သတင်းမှာ အမှန်တွင် အဆန်းတကြယ် သတင်းတစ်ပုဒ်တော့ မဟုတ်ပေ။ အကြောင်းမှာ ပရာရွတ်သည် အဆိုပါရွေးကောက်ပွဲတွင် စိတ်တိုင်းကျ အနိုင်ရရှိအောင် အခြေခံဥပဒေကအစ သူ့ခြေသူ့လက်ဖြစ်အောင် အကွက်ချစီစဉ်ထားပြီးဖြစ်၍ပင်။ 

အမှန်စင်စစ် ဗိုလ်ချုပ်ကြီးပရာရွတ်သတင်းထက် ပို၍စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာတစ်ခုကို ယခုနောက်ဆုံး ထိုင်းရွေးကောက်ပွဲနှင့်အတူ ကြားသိခဲ့ရပေသည်။ ယင်းမှာ ထိုင်းနိုင်ငံတွင် ဗိုလ်ချုပ်ကြီးပရာရွတ်သာ ပြန်လည် အနိုင်မရရှိခဲ့ပါက လွန်ခဲ့သည့် ၁၀ နှစ်တာကာလကလို မတည်မငြိမ်မှုများ၊ ဆူပူမှုများဖြစ်လာမည်ကို စိုးရိမ်ပူပန်သည့် ထိုင်းပြည်သူများရှိနေသည် ဟူသောချက်ကို ပြည်တွင်းမီဒီယာအချို့က ဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။ 

စစ်ဗိုလ်ချုပ်ကြီးတစ်ဦး သို့မဟုတ် စစ်တပ်ကို ဩဇာညောင်းသည့် ပုဂ္ဂိုလ်တစ်ဦးဦး အာဏာမရရှိလျှင် တိုင်းပြည်မှာ အန္တရာယ်ရှိသည့် သဘောတရား ယူဆချက်မျိုးကို စစ်တပ်ထောက်ခံသည့် နိုင်ငံရေးအင်အားစုများနှင့် တပ်လော်ဘီအုပ်စုများက သည်ဘက်ခေတ်တွင် ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြသည်မှာ ယခုဆိုလျှင် အိမ်နီးချင်း ထိုင်းနိုင်ငံထဲတွင်ပင် မြင်တွေ့လာရပေသည်။ 

ဒီမိုကရေစီကို ဆန့်ကျင်သည့်သဘောမျိုးမဟုတ်သည့်တိုင် နိုင်ငံတော် မငြိမ်မသက်ဖြစ်မည့်အန္တရာယ်၊ လူမျိုးခြား အပါအဝင် ပြည်ပအင်အားစုများ ဝင်ရောက်ခြယ်လှယ်မည့် အန္တရာယ် အစရှိသည်တို့ကြောင့် နိုင်ငံရေးတွင် စစ်တပ်မရှိလျှင်မဖြစ်သည့် သဘောမျိုးကို အမျိုးသားရေးခေါင်းစဉ်တပ်ကာ အသာတကြည် ထည့်သွင်းလာကြခြင်းဖြစ်သည်။ 

ပွင့်ပွင့်လင်းလင်း ပြောရလျှင် မြန်မာနိုင်ငံ၌ တပ်မတော်အစိုးရလက်ထက်က စစ်ဘက်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲသွားခဲ့သည့် အခြေခံဥပဒေထက်ပင် ထိုင်း၏အခြေခံဥပဒေက နိုင်ငံရေးတွင် စစ်တပ်၏ကဏ္ဍကို ပိုမိုထုထည်ကြီးမားအောင် ပို၍ဖန်တီးပေးထားခြင်းဖြစ်သည်။ 

ထိုင်းနှင့် မြန်မာသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်နိုင်ငံသားဦးရေ အများဆုံးရှိတာချင်း တူသည်။ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်များလည်း အလွန်ပင် နီးစပ်ကြပါသည်။ ယခုအခါတွင်မူ ဒီမိုကရေစီကို ဖော်ဆောင်ယူနေသည့် အနေအထားတို့မှာလည်း ခပ်ဆင်ဆင်ဖြစ်လာသည်။ 

ထိုင်းနှင့် မြန်မာအကြား မတူညီသည့်အချက်မှာ ထိုင်းတွင် အမျိုးသားရေး အစွန်းရောက်တို့ နေရာမရကြခြင်းပင်။ ပရာရွတ် သို့မဟုတ် စစ်အစိုးရကိုယ်တိုင်ကလည်း အမျိုးသားရေး အစွန်းရောက်တို့ကြောင့် တိုင်းပြည်ဂုဏ်သိက္ခာနှင့် ပုံရိပ်ကမ္ဘာ့အလယ်တွင် ကျဆင်းမည်ကို စိုးရိမ်သည့်သဘောတွင်ရှိပေသည်။ ထိုင်းသည် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ အားကစား စသည့်ကဏ္ဍအတော်များများတွင် မြန်မာထက် ရှေ့တန်းရောက်နှင့်နေပြီးဖြစ်ပေသည်။ မြန်မာနိုင်ငံတွင်မူ မတူညီသည့် အင်အားစုများနှင့် အုပ်စုကွဲများ များပြားရုံသာမက လူမျိုးရေးနှင့် ဘာသာရေးခေါင်းစဉ်ဖြင့် ပဋိပက္ခဖြစ်အောင် ဖန်တီးလိုသည့် အစွန်းရောက်အုပ်စုများကြောင့် အချိန်မရွေး နောက်ကြောင်းပြန်သွားနိုင်သည်ကို သတိချပ်သင့်လှကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၆-၆-၂၀၁၉)