News

POST TYPE

EDITORIAL

ဦးဝီရသူနှင့်ငရဲကြီးမှာ ကြောက်သူများ (Daily, Vol-7/No-48)
06-Jun-2019

ယနေ့ မြန်မာနိုင်ငံရှိ မီဒီယာများ၊ လူမှုကွန်ရက်စာမျက်နှာများနှင့် ပြည်သူများအကြား စိတ်ဝင်တစား အထူးအပြောများနေသည့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အကြောင်းအရာတစ်ခုမှာ ဦးဝီရသူအကြောင်းသာ ဖြစ်လိမ့်မည်ထင်သည်။

ဦးဝီရသူ မည်သူမည်ဝါဆိုသည်ကို အကျယ်တဝင့် ရှင်းပြနေစရာလိုမည်မဟုတ်ပေ။ သို့သော် ဦးဝီရသူနှင့်ပတ်သက်၍ ပြောစရာကား အထူးများပြားလှပေသည်။ “မပြောတတ်တော့ ဆဲသလို”ဆိုသည့် မြန်မာဆိုရိုးအရဆိုပါက ဦးဝီရသူနှင့်ပတ်သက်၍ မဝေဖန်တတ်လျှင် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို အမှန်တကယ် ယုံကြည်သက်ဝင်သူ ဗုဒ္ဓဘာသာဝင်တစ်ဦးသည်ပင် ဗုဒ္ဓသာသနာ၏ သစ္စာဖောက်တစ်ဦးဘဝ ရောက်သွားနိုင်ပေသည်။ မြန်မာနိုင်ငံနှင့် နိုင်ငံသားများ အမှန်တကယ် တိုးတက်ကောင်းစားမှုကို လိုလားသူသည်ပင် အမျိုးသားရေး စိတ်ဓာတ်မရှိသူအဖြစ် တံဆိပ်ကပ်ခံရနိုင်သည်။

ဦးဝီရသူသည် အမျိုးသားရေးဟူသည့် ခေါင်းစဉ်အောက်တွင် စကားတွေ အများကြီး ပြောခဲ့သည်။ သူ၏ စကားများစွာအနက် တူညီသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအစိုးရမှာ ဗီလိန်ဖြစ်ပြီး တပ်မတော်မှာ ဇာတ်လိုက်မင်းသားအရာဖြစ်နေခြင်းပင်။ “ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်”ဟူသည့် သဘောမျိုးဖြင့် ပြောခဲ့သည့် စကားများစွာရှိခဲ့သည့်အနက် မြန်မာပြည်သူများ ပါးစပ်ဟောင်းလောင်းဖြစ်သွားစေခဲ့သည့် စကားမှာ “တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ဘုရားလို ကိုးကွယ်သင့်သည်”ဟု မြန်မာပြည်သူတွေကို ဆော်သြခဲ့ခြင်းပင်။ နိုင်ငံတကာမှ လာရောက်ကြသော ဧည့်သည်များနှင့် တွေ့ဆုံသည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေး ပုတ်ခတ်စော်ကားသည့် သူ၏မှတ်ချက်စကားမှာလည်း သမဏတစ်ဦး ဟုတ်ပါသေး၏လောဟုပင် စောကြောစရာ ဖြစ်ခဲ့သည်။ 

မြန်မာတို့၏ ဖိနှိပ်အုပ်ချုပ်သည့် စစ်အာဏာရှင်စနစ်လက်အောက်သို့ ရာစုနှစ်ဝက်မျှ ရောက်ခဲ့ရုံမက ရှေးယခင်ကတည်းကလည်း အကြောက်တရားကြီးစိုးသော အဆုံးအမများနှင့်သာ ကြီးပြင်းခဲ့ရပေသည်။ မိမိကိုးကွယ်ယုံကြည်ရာ ဘာသာတရား၏ ဆရာသခင်ဖြစ်သူ မြတ်ဗုဒ္ဓမှာ ဝိဘဇ္ဇဝါဒီတစ်ဦးဖြစ်သော်လည်း မြန်မာဗုဒ္ဓဘာသာဝင်အများစုမှာ ဘာသာတရား အဆုံးအမ၊ ထုံးတမ်းဓလေ့နှင့် ဘာသာရေးခေါင်းဆောင်တို့နှင့် ပတ်သက်လာလျှင် ဝေဖန်ဆန်းစစ်ရမည့်အလုပ်ကို ကြောက်ကြသည်။ ငရဲကြီးမှာကိုကြောက်၍ ဝေဖန်ဆန်းစစ်ရန် ကြောက်ရွံ့ခြင်းဖြစ်သည်။ ယထာဘူတကျစွာ ဝေဖန်ဆန်းစစ်မှုနှင့် ပုတ်ခတ်စော်ကားမှုတို့ ကွာခြားပုံကို မသိဘဲ ရောထွေးနေခြင်းကြောင့် ဖြစ်ဟန်ရှိပေသည်။

ယခုအခါ တရားခံပြေးဘဝသို့ ရောက်ရှိနေပြီး မည်သူမဆို တွေ့ရှိပါက ဖမ်းဆီး၍ ရဲတပ်ဖွဲ့လက်အပ်နိုင်ကြောင်း ကြေညာခံထားရသည့် ဦးဝီရသူ မည်သည့်နေရာတွင် ရှိနေသနည်းဟူသော ကိစ္စမှာ ပဟေဠိပုစ္ဆာတစ်ခုလို ဖြစ်လာသည်။ ဦးဝီရသူကို ထောက်ခံသည့် ဘုန်းကြီးတစ်ပါးကဆိုလျှင် “သံဃာတော်တွေ တောက်တစ်ချက်ခေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမယ်”ဟုပင် ဒေါသမီး တောက်လောင်သံဖြင့် ပြောဆိုလာသည်။ “သမဏေန သမဏော၊ ဂေါဏောန ဂေါဏော”သဘောမျိုးဖြစ်နေသည်မှာ ဆန်းကြယ်သည့်ကိစ္စတော့ မဟုတ်ပေ။

မြတ်ဗုဒ္ဓ၏ သာနာတော်တွင် ခန္တီစဟူသည့် သည်းခံတရားကို လက်ခံကျင့်သုံးပြီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကုန်းချောစကား၊ ကြမ်းတမ်းစကား ပြောဆိုခြင်းတို့မှ ရှောင်ကြဉ်သူများကို သမဏ (ရဟန်း)ဟု သတ်မှတ်ပေသည်။ သမဏ ရဟန်းသည် ရဟန်းတို့၏ သီလသိက္ခာပုဒ်နှင့် စောင့်ထိန်းအပ်သော အကျင့်တရားတို့ကို ရိုရိုသေသေ စောင့်ထိန်းပါမှ သာသနာတော်ကို စောင့်ရှောက်ရာ ရောက်သည်ဟု ပညာရှိ ရဟန်းတော်ကြီးများ ထပ်ခါတလဲလဲလ သတိပေး ဆုံးမခဲ့သည်ကို ကောင်းစွာ ကြားဖူးပါသည်။ 

ဦးဝီရသူကို ဖမ်းမိရေး၊ မဖမ်းမိရေး သို့မဟုတ် အပြစ်ပေး အရေးယူရေးကိစ္စ မည်သို့ဖြစ်လာမည်ကို မည်သူမျှ တပ်အပ်ပြောနိုင်မည်မဟုတ်ပေ။ သို့သော် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ယုံကြည်ကိုးကွယ်သည့် မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီး အဓွန့်ရှည်အောင် လုပ်ဆောင်ပေးမည့်သူများတွင် သီလ၊ သမာဓိ၊ ပညာ ဟူသော သိက္ခာပုဒ်သုံးရပ်နှင့်လည်း ပြည့်စုံ၊ သမဏဂုဏ်လည်း ထုံမွှမ်းနေသူများ ရှေ့တန်းနေရာသို့ ရောက်ရန် အထူးအရေးကြီးသည်ဟု တပ်အပ်ပြော၍ရမည်ထင်ပါသည်။ ဦးဝီရသူ၏အမှုကိစ္စသည် အုပ်စုဖွဲ့နိုင်ငံရေး ကစားကွက် ဖန်တီးရေးသက်သက်သာမကတော့ဘဲ သာသနာတော်၏ ပုံရိပ်ကိစ္စထိပါ ထင်ဟပ်စေနိုင်သည်ကို သက်ဆိုင်သူအားလုံး သတိပြုစေလိုရင်း ဖြစ်ပေသည်။

အယ်ဒီတာ (၅-၆-၂၀၁၉)