News

POST TYPE

EDITORIAL

ပြည်သူ့ချစ်သည့် တပ်မတော် (Daily, Vol-7/No-47)
04-Jun-2019

ပြီးခဲ့သည့် တစ်ရက်ကျော် ဇွန်လ ၃ ရက်နေ့က “တိန်ယန်မင်ရင်ပြင်ကပြောပြသည့် တွေးစရာအချို့”ဟူ၍ ခေါင်းကြီးပိုင်းတစ်ပုဒ် ရေးသားခဲ့ပြီးဖြစ်သော်လည်း တရုတ်ပြည် တိန်ယန်မင် ရင်ပြင်အရေးအခင်း ရက်အတိအကျအားဖြင့် အမှန်တကယ် နှစ်ပတ်လည်သည့် ဇွန်လ ၄ ရက်နေ့တွင် ယင်းကိစ္စနှင့်ပတ်သက်၍ ထူးခြားသည့် အကြောင်းအရာတစ်ခု ပေါ်ထွက်လာသောကြောင့် အနည်းငယ်ဖြည့်စွက်လိုပေသည်။

ထူးခြားသည့်အကြောင်းအရာမှာကား တစ်ချိန်က တိန်ယန်မင်ရင်ပြင် ဆန္ဒပြပြည်သူများကို ရက်စက်စွာ နှိမ်နင်းဖြိုခွင်းမှုကြောင့် လူပေါင်းတစ်သောင်းကျော်ခန့် သေဆုံးခဲ့ရသည့်ကိစ္စသည် တရုတ်တပ်မတော်အတွက် စိတ်အနာတရ ဖြစ်စေခဲ့သော အိပ်မက်ဆိုးကြီးတစ်ခုဖြစ်သည်ဟု ထိုဖြစ်ရပ်တွင် ပါဝင်ပတ်သက်ခဲ့ဖူးသော အငြိမ်းစား စစ်ဘက်အရာရှိများက ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်အစိုးရ၏ အာဏာရှင်ဆန်မှု၊ အစိုးရဆန့်ကျင်သူများကို ယနေ့အထိ ဖိနှိပ်နေမှုများကြောင့် အဆိုပါ အငြိမ်းစား စစ်ဘက်အရာရှိများနှင့် တွေ့ဆုံမေးမြန်ခဲ့သော ဟောင်ကောင်နံနက်ခင်းသတင်းစာက ဆောင်းပါးရေးသားရာတွင် ၎င်းတို့၏ အမည်များကို ဖော်ပြမှုမပြုခဲ့ပေ။

သို့သော်ယင်းဆောင်းပါး၏ အဓိက ဆိုလိုရင်းမှာ ထိုစဉ်ကဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သော တရုတ်တပ်မတော်အရာရှိ အများစုမှာ ကြီးမားပြီး ရှက်စရာကောင်းလှသည့် အပြစ်ကြီးတစ်ခု ကျူးလွန်ခဲ့သောခံစားချက်မျိုး ဖြစ်နေရုံမျှမက တပ်မတော်သည် ထိုအချိန်မှစ၍ တရုတ်ပြည်သူ့သားကောင်းတို့ထံမှ ပေါက်ဖွားလာသည့် ပြည်သူချစ်သော တပ်မတော်ဟူသည့်ပုံရိပ် ကွယ်ပျောက်သွားခဲ့ရခြင်းပင်ဖြစ်ပေသည်။

ပို၍စိတ်ဝင်စားစရာ ကောင်းလှသည်မှာ တိန်ယန်မင်ဆန္ဒပြသူများကို ဖြိုခွင်းရန်အမိန့် (မြန်မာဆန်ဆန်ပြောရလျှင် “ပစ်မိန့်”)ကို ထိုစဉ်က ကွန်မြူနစ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က ပေးခဲ့သည့် အထောက်အထား ရှာမရခြင်းပင်။ သို့အတွက်ကြောင့် ထိုစဉ်က တရုတ်စစ်ဗိုလ်ချုပ်ကြီးများအနေနှင့် ဥပဒေဘောင်ကျော်ခဲ့ခြင်းလောဟူ၍ သံသယဖြစ်စရာ ကောင်းသောအချက်ကိုလည်း ထောက်ပြထားပေသည်။

နှစ်ပေါင်း ၃၀ တိတိ ကြာမြင့်သွားပြီဖြစ်သော်လည်း တိန်ယန်မင်ကိစ္စအတွက် မေ့မရနိုင်ဖြစ်နေကြသူများထဲတွင် ပစ်ခတ်နှိမ်နင်းခြင်းကြောင့် သေဆုံးသွားသူများ၏ ဆွေမျိုးသားချင်းများပါသလို ပစ်ခတ်နှိမ်နင်းရန် ဆုံးဖြတ်ခဲ့ကြသူများကိုယ်တိုင်လည်း ပါဝင်နေသည်မှာ ထူးထူးခြားခြား တွေ့ရပေသည်။ သူတို့ချစ်မြတ်နိုးသည့် တပ်မတော်သည် သူတို့ကြောင့် ပြည်သူအကြား သမိုင်းတွင်ဖျောက်မရသော အမည်းစက်ကြီးနှင့် သေရာပါစိတ်အမာရွတ်ကြီးစွဲသွားခြင်းအတွက် နောင်တ ရနေခြင်းလည်းဖြစ်ပေမည်။

တရုတ်နိုင်ငံသာမက စစ်တပ် သို့မဟုတ် တပ်မတော်ဟူသည် လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စီရှိကြသည့် ကမ္ဘာ့နိုင်ငံများကိုကြည့်လျှင် ယင်းအင်စတီကျူးရှင်းတို့သည် အချုပ်အခြာအာဏာကို ထိပါးစော်ကားလာမည့် ပြည်တွင်း ပြည်ပ ရန်သူများကို တွန်းလှန်တိုက်ခိုက်ရန် ဖွဲ့စည်းထားခြင်းမျိုးဖြစ်သည်ကို တွေ့ရပေမည်။ သို့သော် နိုင်ငံရေးအာဏာဟူသည့် အကြောင်းအရာများပါလာတိုင်း မိမိတို့၏ အပြစ်မဲ့ပြည်သူများကို မိမိတို့ကိုယ်တိုင် ရက်စက်စွာ တုံ့ပြန်တတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းမျိုးသဖွယ် ဖြစ်သွားလေ့ရှိသည်ကို နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လိုစိတ် အမှန်တကယ်ရှိသူတိုင်း (တစ်နည်းအားဖြင့် ယင်းတပ်မတော်များထဲသို့ ဝင်ရောက်လိုသူနှင့် ဝင်ရောက်ထားနှင့်ပြီးဖြစ်သူ မျိုးဆက်သစ်တိုင်း) အထူးသတိပြုသင့်လှကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၄-၅-၂၀၁၉)