News

POST TYPE

EDITORIAL

မြန်မာတွေမောင်းနေသည့် ဒီမိုကရေစီအမြန်လမ်း(Daily, Vol-7/No-46)
03-Jun-2019
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့်ပတ်သက်၍ပြောလျှင် အချို့က ပြည်သူတင်မြှောက်သော၊ ဒီမိုကရေစီခေါင်းဆောင်ဟု တစ်လောကလုံးကလက်ခံထားသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရတစ်ရပ်၏ အုပ်ချုပ်မှုအောက်တွင်ရှိနေပြီဖြစ်သောကြောင့် ဒီမိုကရေစီလက်ထက်ရောက်နေပြီဟု ယုံကြည်ကြသည်။ အချို့ကမူ ယခင်ခေတ်ကာလများကလိုမဟုတ်ဘဲ မတူညီသည့် အင်အားစုများ၏အသံနှင့် ဆန္ဒသဘောထားကိစ္စများကို ကျယ်ကျယ်လောင်လောင်ကြားလာရသောကြောင့် တည်ငြိမ်မှုမရှိသည့် ခေတ်တစ်ခေတ်ဟု ရှုမြင်ကြပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် ရာစုနှစ်ဝက်နီးပါးကြာမျှ ခါးဆက်ပြတ်ခဲ့ပြီး လွန်ခဲ့သော ၇ နှစ်ကျော်ခန့်ကမှစတင်ကာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟူသည့်လမ်းမပေါ်သို့ ပြန်လည်တက်ရောက်လာနိုင်ခြင်းဖြစ်သည်။ လမ်းမပေါ်သို့ပြန်ရောက်လာခြင်းဆိုသည့်အဓိပ္ပာယ်မှာ စစ်မှန်သည့် ဒီမိုကရေစီစနစ်ထွန်းကားသော တိုင်းပြည်တစ်ပြည်ဖြစ်ပြီဟုဆိုလိုခြင်းမျိုးမဟုတ်ဘဲ ဒီမိုကရေစီစံချိန်စံနှုန်းများထွန်းကားသည့် လူ့အဖွဲ့အစည်းနှင့်နိုင်ငံတစ်ရပ်သို့ရောက်အောင် ပို့ပေးနိုင်သည့်လမ်းမပေါ်သို့ရောက်ရှိနေခြင်းမျိုးကိုသာ ဆိုလိုပေသည်။

လူထုအကျိုးစီးပွားနှင့် လူထုဆန္ဒကိုသာ ရှေ့တန်းတင်ဦးစားပေးသည့်စနစ်မှာ ဒီမိုကရေစီဖြစ်သည်ဟုဆိုနိုင်သော်လည်း သမိုင်းစာအုပ်ထဲရေးထာသလို ဒီမိုကရေစီစနစ် စတင်ပေါ်ထွန်းခါစကလို ပြည်သူ၏ဆန္ဒသဘောထားကို ပြည်သူက တိုက်ရိုက်ဖော်ပြခွင့်ရှိသည့် Direct Democracy  (တိုက်ရိုက်ဒီမိုကရေစီ)မျိုးမဟုတ်ဘဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ဆန္ဒထုတ်ဖော်ကြရသည့် ကိုယ်စားပြုဒီမိုကရေစီမျိုးဖြစ်သည်ကို နားလည်ထားရပါမည်။

Facebookကဲ့သို့သော လူမှုကွန်ရက်မီဒီယာများပေါ်တွင် မိမိတို့၏ဆန္ဒများ တိုက်ရိုက်ထုတ်ဖော်နိုင်၊ ပြောဆိုနိုင်သည်မှာ နည်းပညာနှင့် ဆိုရှယ်မီဒီယာတို့၏ ပေါင်းစပ်မှုမျှသာဖြစ်ပေသည်။ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်၌ဖြစ်ပေါ်နေသော အဆီအငေါ်မတည့်မှုများ၊ ပြုပြင်ပြောင်းလဲရန်လိုအပ်သောကိစ္စများကို လူမှုကွန်ရက်များပေါ်တွင်တင်လျှင် မိမိမဲပေးထားသည့် မိမိမြို့နယ်မှလွှတ်တော်ကိုယ်စားလှယ်ကိုလည်း မဖြစ်မနေ Tagတွဲနိုင်ပါမှ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ကိုယ်စားပြုဒီမိုကရေစီစနစ်ကို အမှန်တကယ် အကောင်အထည်ဖော်သည့်သဘောသို့ သက်ရောက်ပေမည်။

နိုင်ငံရေးပါတီတစ်ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးကောက်ပွဲ၌ မဲပေးခဲ့ခြင်းသည် အပျော်သက်သက်၊ ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့သူများကိုကို ချစ်ခင်လေးစားရုံသက်သက်အတွက်မဟုတ်ဘဲ မိမိတို့၏ လူမှုပတ်ဝန်းကျင်မှပြဿနာများ ဖြေရှင်းပေးနိုင်ရေးအတွက် မဲပေးခြင်းဖြစ်သည်ကို မမေ့အပ်ပေ။ သို့အတွက်ကြောင့် ကိုယ်စားလှယ်များစုဝေးတက်ရောက်ကြရသည့် လွှတ်တော်တို့သည် ပြည်သူ့ဆန္ဒသဘောထားနှင့် ပြည်သူ့ပြဿနာများ ဖော်ထုတ်ဖြေရှင်းရေးအတွက် ပဓာနကျသည့် ဖိုရမ်ကြီးများပင်ဖြစ်သည်။ လွှတ်တော်တွင်း ပါတီကြီးများအကြား နိုင်ငံရေးသည် ပြည်သူ့ဆန္ဒများ အကောင်အထည်ပေါ်လာရေး၊ တိုင်းပြည်တိုးတက်ရေးအတွက် အဓိကအရေးကြီးပေသည်။ သို့သော် အထက်တွင်ဖော်ပြခဲ့သည့် လမ်းမပေါ်ပြန်ရောက်သော အဆင့်တွင်သာရှိနေသည့် မြန်မာနိုင်ငံအတွက်မူ လွှတ်တော်ပြင်ပနိုင်ငံရေးတို့သည် တချို့ကိစ္စများတွင် လွှတ်တော်တွင်းနိုင်ငံရေးထက်ပင် အားကောင်းနေသည့်သဘောမျိုးဖြစ်နေသည်ကို သတိပြုရမည်ဖြစ်ပေသည်။

လွှတ်တော်တွင်း လက်ရှိအာဏာရပါတီအင်အားစု၊ ယခင်အာဏာရပါတီအင်အားစုနှင့် တပ်မတော်သားကိုယ်စားလှယ်အင်အားစုတို့အကြား အမှန်တကယ် ပြုပြင်ပြောင်းလဲလိုသူများအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုသည် ဒီမိုကရေစီအမြန်လမ်းပေါ်၌ မောင်းနှင်နိုင်မည့်အရှိန် အနိမ့် အမြင့်၊ အနှေး အမြန်ကို ဆုံးဖြတ်ပေးမည်သာဖြစ်သည်။ ထိုသို့အရေးပါသည့် အင်အားစုကြီးများက ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ပေးမည့် သဘောတူနည်းလည်မှုမျိုးရရှိရန် မကြိုးပမ်းဘဲ မိမိတို့မွေးထားသည့် နောက်လိုက်အင်အားစုများကို လွှတ်တော်ပြင်ပနိုင်ငံရေးအကွက်များဖန်တီးကာ အပြန်အလှန် ထိုးနှက်ရေးကိုချည်းသာ အာရုံစိုက်နေမည်ဆိုပါက ရောက်လက်စဒီမိုကရေစီအမြန်လမ်းမပေါ်ကပင် ပြန်လည်လမ်းချော်သွားနိုင်သည့် အန္တရာယ်ရှိသည်ကို သတိပြုကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၃-၆-၂၀၁၉)