News

POST TYPE

EDITORIAL

တောင်ပံပါသူများ သတိပြုစရာ (Daily, Vol-7/No-29)
15-May-2019
ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံ အမျိုးသား လေကြောင်းလိုင်းပိုင် Embraer ERJ-190 အမျိုးအစားလေယာဉ်သည် မန္တလေးလေဆိပ်သို့ ဆင်းသက်ရာတွင် ရှေ့ဘီးချမရ၍ နောက်ဘီးနှင့်သာ ဆင်းသက်ခဲ့ရသော်လည်း လိုက်ပါလာသည့် ခရီးသည်များနှင့် လေယာဉ် အမှုထမ်းများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ရာ လိုက်ပါစီးနင်းခဲ့သူ ခရီးသည်များ သာမက မြန်မာပြည်သူ အတော်များများ ဝမ်းသာမဆုံး ဖြစ်ခဲ့ကြသည်ကို သတိပြုမိပါသည်။

ရှေ့ဘီးချမရဖြစ်ခဲ့ရသည့် အဆိုပါလေယာဉ်များ၏ သမိုင်းကြောင်းကို လေ့လာကြည့်ရာ ယင်းလေယာဉ်များသည် ကမ္ဘာ့လေကြောင်းလိုင်း အတော်များများမှာ အသုံးပြုလျက်ရှိပြီး ပျံသန်းနေသော လေယာဉ် အရေအတွက်မှာ ၅၄၉ စီးရှိသည်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၆ သန်းခန့်ရှိကာ ၂၀ဝ၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် စတင် ပျံသန်းခဲ့သည့် ယင်းလေယာဉ် အမျိုးအစားများသည် လုံခြုံကောင်းမွန်သော လေယာဉ်အမျိုးအစားဖြစ်သည်ဟု လေကြောင်းလုပ်ငန်း အသိုင်းအဝိုင်းက လက်ခံထားသည်ကို တွေ့ရပေသည်။  Airbus A220-100, Boeing 737-600, Airbus A318 တို့နှင့် အဓိက ယှဉ်ပြိုင်နေသော လေယာဉ်အမျိုးအစားဖြစ်ပြီး အများဆုံး ခရီးသည် ၁၂၄ ဦး တင်ဆောင်နိုင်သည်ဟု သိရပါသည်။

စတင်ပျံသန်းခဲ့ချိန်မှစ၍ Embraer ERJ-190 အမျိုးအစားများ ကြုံတွေ့သည့် မတော်တဆမှုများမှာ ၂၅၂ မှုရှိခဲ့ရာ ယင်းအနက် မြန်မာ့လေကြောင်းလိုင်း ကြုံတွေ့ရသော မတော်တဆမှုမှာ ယနေ့အချိန်ထိ နောက်ဆုံး မတော်တဆမှုဖြစ်သည်။ ယင်းတို့အနက် လေယာဉ်ပျက်ကျမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး တရုတ်နှင့် မက္ကဆီကိုနိုင်ငံတို့တွင် ၂၀၁၀ နှင့်၂၀၁၈ ခုနှစ်တို့က ဖြစ်ပေသည်။ မက္ကဆီကိုလေယာဉ် မတော်တဆမှုတွင်မူ ခရီးသည် ၉၉ ဦးနှင့် လေယာဉ်အမှုထမ်းလေးဦးစလုံး အသက်ဆုံးရှုံးမှု မရှိခဲ့သော်လည်း တရုတ်တွင်မူ ခရီးသည် ၉၁ ဦးနှင့် လေယာဉ်အမှုထမ်း ၅ ဦးအနက် ၄၃ ဦး အသက်ဆုံးရှုံးခဲ့ရပေသည်။

နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည့် မတော်တဆမှုများအနက် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မတော်တဆမှုနှင့် ဆက်စပ်သည့် အလားတူ လေယာဉ်ဘီးပြဿနာ မတော်တဆမှု ၁၄ မှု ရှိခဲ့ပေသည်။ အဆိုပါ ဘီးမတော်တဆမှု အားလုံးသည် လူ့အသက်ဆုံးရှုံးမှုမရှိဘဲ မြေပြင်သို့ ပြန်လည် ဆင်းသက်နိုင်သည်ဟု သိရပေသည်။ ဖြစ်စဉ်တိုင်းတွင် လေယာဉ်တက်ပြီးချိန်၌ ဘီးများခေါက်သိမ်း၍ မရသည့်အတွက် ပေ ၅၀ဝ၀ အထက်အမြင့်သို့ မတက်ဘဲ မြန်မာလေယာဉ်မှူး လုပ်သည့်နည်းတူ လေယာဉ်ဆီ အများစုကို ကုန်အောင်လျော့ချပြီး မြေပြင်သို့ ပြန်လည်ဆင်းသက်မှု ပြုလုပ်ခြင်းမျိုးဖြစ်ကြသည်ကို လေ့လာသိရှိရပေသည်။

အဆိုပါ Embraer ERJ-190 အမျိုးအစား လေယာဉ်များကို အသုံးပြုသည့် Jetblue နှင့် US Airways တို့သည်လည်း မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့သော မတော်တဆမှုနှင့် တူညီသည့် အရေးပေါ် ဆင်းသက်မှုများ ပြုလုပ်ခဲ့ရဖူးပေသည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် US Airways E190 ( N953UW) သည် Houston မြို့တွင် ဆင်းသက်စဉ် Landing Gear များအနက် ရှေ့ဘီး (Nose Gear) ချ၍မရသည့် ပြဿနာ ကြုံတွေ့သည့်အတွက် ရှေ့ဘီးမပါဘဲ ဆင်းသက်ခဲ့ရပေသည်။

အဆိုပါဖြစ်စဉ်များကို အမေရိကန်လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေးနှင့် လုံခြုံရေးဘုတ်အဖွဲ့ (NTSB) နှင့် ဂျာမန်လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရို (BFU) တို့က စုံစမ်းစစ်ဆေးခဲ့ပြီး Landing Gear Mechanism Failure ဟု ကောက်ချက်ဆွဲခဲ့သည်ကို တွေ့ရပေသည်။ ဖြစ်စဉ် ၂ ခုစလုံးတွင် လေယာဉ်မှူးများနှင့် လေယာဉ်အဖွဲ့သားများ လိုက်နာလုပ်ဆောင်သည့် အရေးပေါ် ဆင်းသက်မှု လုပ်ဆောင်ချက်များသည် မြန်မာ့လေကြောင်း ERJ-190 (XYAGQ) Flight no. UB-103 ၏ လုပ်ဆောင်မှုများနှင့် တူညီသည့်အဆင့်အတိုင်းလုပ်ဆောင်များ ဖြစ်နေသည်ကို တွေ့ရပေသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံသား လေယာဉ်မှူးများ၊ လေယာဉ်အဖွဲ့သားများ၏ လေ့ကျင့်မှု စွမ်းဆောင်ရည်များသည် နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် နှိုင်းယှဉ်ပါက အဆင့်မနိမ့်ဟုဆို၍ရပေသည်။

သို့သော် အရေးကြီးသည့်အချက်မှာ ယင်းလေယာဉ် အမျိုးအစားများတွင် ထိုသို့ Landing Gear Mechanism ပိုင်း အားနည်းချက်ရှိနေသည်ကို ကြိုသိထားသော်လည်း အဘယ့်ကြောင့် စနစ်တကျ လေ့လာဆန်းစစ်မှု အားနည်းခဲ့ရသနည်းဟူသော အချက်ပင်ဖြစ်ပေသည်။ လေကြောင်းလိုင်း၏ Operational Management ပိုင်းတွင် တာဝန်ရှိသလော၊ သို့မဟုတ် Maintenance Management ပိုင်းတွင် တာဝန်ရှိသလော ဟူသည်ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များအနေနှင့် တိကျခိုင်မာသည့် ဖြေရှင်းချက်တစ်ရပ်ကို ရှာဖွေသင့်လှပေသည်။ မတော်တဆမှုများတွင် လူတစ်ဦးတစ်ယောက် ထိခိုက်မှုသည်ပင် လွန်စွာ များပြားလွန်းသည်ဟူသော ဆိုရိုးရှိထားပေရာ ခရီးသွားပြည်သူများ၏ အသက်အန္တရာယ် လုံခြုံရေးအတွက်ရော၊ နိုင်ငံ့လေကြောင်းလိုင်းများ၏ ဂုဏ်သိက္ခာပိုင်းအတွက်ပါ ဆတိုး အလေးထားကြရမည်ဖြစ်ကြောင်း အကြံပြုဖော်ပြလိုရင်း ဖြစ်ပေသည်။

အယ်ဒီတာ (၁၄-၅- ၂၀၁၉)