News

POST TYPE

EDITORIAL

စကားထဲက ဇာတိပြနေသူများ (Daily,Vol-7/No-27)
12-May-2019
ရှေးယခင်က ပညာရှိသူများ၏ သတိပေး ဆုံးမစကား အတော်များများရှိသည့်အနက် စကားအရာနှင့်ပတ်သက်သော သွန်သင်ဆုံးမမှုတစ်ခုမှာ ယနေ့ထက်တိုင် အသုံးဝင်ရုံမျှမက လူသားမျိုးနွယ်တို့ ရှိနေသေးသရွေ့ အဖိုးတန်နေဦးမည်ဟု ယုံကြည်မိသည်။ ယင်းမှာ “စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ”ဆိုသည့် ဆုံးမစကားပင်။

ယနေ့လို နည်းပညာနှင့် လူမှုကွန်ရက်များကြောင့် မတူညီသော လူ့အသိုင်းအဝိုင်းများ၊ ယဉ်ကျေးမှုများအကြား ထိတွေ့ဆက်ဆံရမှု ပိုမိုများပြားလာသော ခေတ်ကာလထဲတွင်မူ ပါးစပ်က ပြောသည့်စကားရော၊ လူမှုကွန်ရက်တွင် ရေးတင်သည့်စာရော သတိထားပြီးပြောဆိုရန် အထူး အရေးကြီးလာပါသည်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ယုံကြည်ကိုးကွယ်သည့် ဘာသာရေး အဆုံးအမ အရဆိုပါက သမ္မာဝါစာ ဟူသည့် မဂ္ဂင်သည် အပြောအဆိုကိစ္စကြောင့် အပြစ်မဖြစ်ရန် လိုက်နာစောင့်ထိန်းအပ်သည့် အရေးကြီးသည့် လမ်းစဉ်တစ်ခုပင်ဖြစ်ပေသည်။ ယုတ်ညံ့သည့်စကား၊ ကြမ်းတမ်းသည့်စကား၊ ခြိမ်းခြောက်ကြိမ်းမောင်းသည့်စကား၊ ကုန်းချောသည့်စကား၊ မမှန်သည့်စကား၊ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို မဆောင်သည့် စကား စသည်တို့ကို ရှောင်ရှားခြင်းသည် သမ္မာဝါစာဟူသော လမ်းစဉ်ကို ကျင့်သုံးခြင်းပင်ဖြစ်ပေသည်။

ထို့ပြင် ကံသုံးပါးအနက် ကိုယ်နှင့်ပြုလုပ်သော အလုပ်နှင့် နှုတ်ဖြင့်ပြောသော စကားဟူသည့် ကာယကံနှင့် ဝစီကံနှစ်ရပ်သည် လူတစ်ဦးတစ်ယောက်မှသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အကျိုးစီးပွားအတွက် လွန်စွာ အရေးကြီးပေသည်။ စိတ်ဖြင့် မဟုတ်မမှန်သည်များ၊ မသင့်တော်သည်များ တွေးနေခြင်းသည် စိတ်တည်ကြည်မှု မရရှိရုံမျှသာဖြစ်ပြီး အပြစ်အရာသို့ မရောက်သော်လည်း အပြုအမူနှင့် အပြောအဆို (ကာယကံနှင့် ဝစီကံ)သည် အပြစ်များစွာ ဖြစ်စေနိုင်သည်ကို အထူးသတိပြုကြရပေမည်။

သာမန်လူဖြစ်စေ၊ လူကြီးလူကောင်းဖြစ်စေ၊ အဆင့်မြင့်အရာရှိဖြစ်စေ၊ ရဟန်းဖြစ်စေ ၎င်းတို့၏ သရုပ်သဏ္ဌာန်၊ အကျင့်သီလနှင့် စရိုက်လက္ခဏာတို့ကို သိလိုပါက ၎င်းတို့၏ ကာယကံနှင့် ဝစီကံတို့ကို အကဲခတ်ကြည့်လျှင် ပေါ်ပေါ်ထင်ထင်ပင် တွေ့မြင်ရမည်ဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီနှင့် အစိုးရအဖွဲ့တို့အပြင် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၌ ရုတ်ရင်းကြမ်းတမ်းသည့် စကားများ၊ ရန်လိုသည့်စကားများနှင့် လူ့အဖွဲ့အစည်းတွင်း အမုန်းမီးပွားစေမည့် စကားများကို လက်လွတ်စပယ် ပြောဆိုတတ်သော လူပုဂ္ဂိုလ်များရော သင်္ကန်းဝတ်ပုဂ္ဂိုလ်များပါ တွေ့မြင်လာရသည်မှာ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံး စာရိတ္တနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အန္တရာယ်တစ်ရပ်ပင်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းဆုံးမ ပဲ့ပြင်ပေးကြရမည်ဖြစ်ကြောင်း အကြံပြုဖော်ပြလိုရင်း ဖြစ်ပေသည်။

အယ်ဒီတာ (၁၂-၅-၂၀၁၉)