News

POST TYPE

EDITORIAL

မအအောင် တရုတ်စာသင်ထားသင့်ပြီလော (Daily, Vol-7/No-24)
08-May-2019
အင်္ဂလိပ် ဘာသာစကားအပြင် နိုင်ငံခြား ဘာသာစကားတစ်ခုခု သင်ယူတတ်မြောက်ထားရန် အရေးကြီးသည်ဟု ဘာသာစကား ကျွမ်းကျင်သူများနှင့် စိတ်ဝင်စားသူများ တစ်ဦးနှင့်တစ်ဦး အကြံပြုပြောဆိုရာတွင် တရုတ် ဘာသာစကား တတ်မြောက်ရေးသည် အရေးကြီးသည့် ကိစ္စတစ်ခုအဖြစ် သတိပေးလာသည်ကို စာဖတ်သူများ သတိပြုမိကြပါလိမ့်မည်။

မြန်မာ၏ အရေးကြီးသော အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင်အရေးကိစ္စနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ အပါအဝင် ကုန်သွယ်ရေး၊ စီးပွားရေးကိစ္စရပ် အတော်များများတွင် မြန်မာနိုင်ငံကို အညှာက မကိုင်ရုံတမယ်ဖြစ်နေသောကြောင့် တရုတ်တို့၏ ဘာသာစကားကို လေ့လာတတ်မြောက်ထားသင့်သည်ဟု တရုတ်တို့၏ ခြေလှမ်းကိုရိပ်မိသူများက လူငယ်များကို အကြံပြုပြောဆိုကြခြင်းဖြစ်သည်။

ယုတ်အစွဆုံး ကုန်စည်များ အရောင်းအဝယ်ကိစ္စမှသည် ဧရာမ စီးပွားရေးလုပ်ငန်းကြီးများအထိ အိမ်နီးချင်း တရုတ်တို့နှင့် ထိတွေ့ဆက်ဆံ လုပ်ကိုင်ရမည်အရေးကိစ္စများတွင် လှည့်စားမခံရရေးအတွက် တရုတ်လိုတတ်ထားသင့်သည်ဟု သတိပေးကြခြင်းလည်းဖြစ်ပေမည်။

အဆိုပါ ဘာသာစကား တတ်မြောက်ရေး ဟူသည့်ကိစ္စနှင့်အတူ စိတ်ဝင်စားစရာ ကောင်းလှသည်မှာ မြန်မာတွေ တရုတ်တို့အကြောင်း ဘယ်လောက်သိကြ၊ ဘယ်လောက် လေ့လာထားကြသနည်း ဆိုသည့်အချက်ပင်။ သေချာသည်မှာ တရုတ်တို့သည် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးကအစ ဓလေ့စရိုက်အတော်များများကို စနစ်တကျ လေ့လာလျက်ရှိပေသည်။

မြန်မာတို့တွင်မူ တရုတ်တို့ သို့မဟုတ် တရုတ်စီမံကိန်းတို့နှင့် ပတ်သက်လာလျှင် မကျေနပ်ကြောင်း ပြောဆိုရေးသား ဆန္ဒထုတ်ဖော်ရုံ၊ ကာတွန်းဆွဲရုံနှင့်သာ ပြီးဆုံးသွားလေ့ရှိပြီး ၎င်းတို့၏ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်နှင့် စစ်ရေးကိစ္စများကို စနစ်တကျ လေ့လာခြင်းမျိုး လွန်စွာ အားနည်းနေသေးသည်ဟု ပင်ဆိုရပေမည်။

တရုတ်နှင့် အိမ်နီးချင်း မဟုတ်သည့် အခြားနိုင်ငံများတွင်ပင် တရုတ်ရေးရာ အထူးလေ့လာသည့် လွတ်လပ်သည့် ဌာနအမျိုးမျိုးနှင့် အဖွဲ့အစည်း အမျိုးမျိုးရှိထားပြီဖြစ်ရာ အိမ်နီးချင်းလည်းဖြစ် မဟာဗျူဟာ ဆက်ဆံရေးလည်းရှိသော ဤနိုင်ငံတွင်မူ အခြားသူများထက် တရုတ်တို့အကြောင်းကို နှစ်ဆပိုကာပင် လေ့လာသင့်သည်ဟု ထင်သည်။

ယခုအခါ တရုတ်သည် အမေရိကန်၏ နေရာကိုဖယ်ပြီး အာရှစစ်သူကြီးနေရာကိုပင် ရယူလာပြီဟူသော မှတ်ချက်မျိုး ကမ္ဘာ့နိုင်ငံရေးပညာရှင်များအကြား မှတ်ချက်ပေး ပြောဆိုလာသည်ကို တွေ့ရသည်ကတစ်ကြောင်း၊ တရုတ်စီးပွားရေး လုပ်ငန်းအများစု မြန်မာဘက်တွင် ဝင်ရောက်လုပ်ကိုင်မှု ပိုမိုများပြားလာသည်ကတစ်ကြောင်း စသည်တို့ကြောင့် တရုတ်ပြည်၏ အိမ်နီးချင်းနိုင်ငံများအပေါ် ထားရှိသည့် မူဝါဒအပြင် အခြားကမ္ဘာ့နိုင်ငံများအပေါ် ထားရှိသည့်မူဝါဒများကို မြန်မာတို့အနေနှင့် ထဲထဲဝင်ဝင် လေ့လာထားသင့်ပြီဟု ယူဆမိပါသည်။

တရုတ်စာသင်၊ တစ်နည်းအားဖြင့် တရုတ်ပြည်အကြောင်းလေ့လာခြင်းသည် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွားကို အကာအကွယ်ပေးရာတွင် များစွာ အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်မိသည်။ အကြောင်းမှာ အင်အားအလွန်ကြီးသော နိုင်ငံတစ်နိုင်ငံနှင့် ထိကပ်နေသူများအနေနှင့် ယင်းနိုင်ငံအကြောင်းကို ကောင်းစွာ သိထားမှသာ နိုင်ငံကြီးများ၏ ဗိုလ်ကျစိုးမိုးသည့် အန္တရာယ်မှ လွတ်နိုင်မည်ဖြစ်သောကြောင့်ပင်။ ထို့အတူ အိမ်နီးချင်း တရုတ်ပြည်နှင့်ပတ်သက်လာလျှင် အလွန်အမင်း သံသယကြီးကာ အကြောက်လွန်နေပါက အမုန်းတရားဘက်သို့ ဦးတည်နိုင်သောအချက်ကို သတိပြုသင့်သလို တရုတ်တို့၏ မူဝါဒနှင့် ခြေလှမ်းများကို အမှုမဲ့ အမှတ်မဲ့ သဘောထားပြီး ဂရုမစိုက်ဘဲနေပါက ၎င်းတို့နှင့်ပတ်သက်လျှင် အမြဲတစေ နောက်ကောက်ကျ ကျန်ရစ်ရုံမျှမက အသုံးချခံဘဝသို့ပင် အစဉ်ရောက်ရှိသွားနိုင်သည်ကိုလည်း သတိပြုသင့်ကြောင်း အကြံပြုလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ