News

POST TYPE

EDITORIAL

တော်လှန်ရေး၏ သဘောသဘာဝ
01-May-2019



ပြီးခဲ့တဲ့ သင်္ကြန်တွင်း ဘယ်မှ မသွားဖြစ်ခဲ့ပါ။ အိမ်မှာပင်နေထိုင်ရင်း ဆိုရှယ်မီဒီယာများမှ တက်လာသော နိုင်ငံရေးသတင်းပုံရိပ် အချို့ကို ဖတ်ရှု ဖြစ်သည်။ သတင်းအများစုမှာ ရှမ်းပြည်မြောက်ပိုင်း “ဝ” ဒေသတွင် ပြုလုပ်လျက်ရှိသော ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့် အခမ်းအနားများ ဖြစ်သည်။ မူလက စာရေးသူ အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်ဖြစ်ခဲ့ပါ။ ဆိုရှယ်မီဒီယာများမှတစ်ဆင့်သာ ပွဲတော်အခမ်းအနားများကို လေ့လာကြည့်ရှုဖြစ်သည်။ သတင်းများအောက်မှ ကွန်မန့်များစွာကို ဖတ်ရှုလေ့လာ ဖြစ်သည်။ ကွန်မန့်အချို့က မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလိုချင်ရင် အင်အားစုဆောင်းရမည်၊ လက်နက်ကိုင်ရမည်၊ ခိုင်မာတောင့်တင်းရမည်၊ ဒါမှ တစ်ဖက်က အာရုံပြုမည်၊ လေးစားမည်၊ တန်းတူရည်တူ ဆက်ဆံမည်ဟု ရေးသားကြသည်။ အင်မတန် အန္တရာယ်များလှသော အတွေးအခေါ် ဖြစ်ပါသည်။ သို့သော် အဆိုပါအတွေးအခေါ်သည် တိုင်းရင်းသားလူမျိုးစု အချို့အကြားတွင် ကျယ်ပြန့်ခိုင်မြဲစွာ အမြစ်တွယ်လာနေပုံရသည်။

မြန်မာနိုင်ငံတွင် တော်လှန်ရေးများက များပြားလှသည်။ မြို့ပြ လမ်းပေါ်ဆန္ဒပြပွဲများမှသည် တောတွင်းလက်နက်ကိုင် တိုက်ခိုက်မှုများအထိ တော်လှန်ရေး မည်ပါသည်။ ၁၉၈၈ မှစလျှင် နိုင်ငံသည် အရေးအခင်းများစွာ ကြုံတွေ့ဖြတ်သန်းခဲ့ရသည်။ သွေးမြေကျခဲ့ရသည်။ ခံပြင်းနာကြည်းမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ယခုပြောနေကြသည် ငြိမ်းချမ်းရေးဆိုလျှင်လည်း ၁၉၈၈ အရေးအခင်းအပြီး ၁၉၈၉ လောက်မှစတင်ကာ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေး တည်ဆောက်လာခဲ့သည်ဖြစ်သည်။ ယနေ့တိုင် မငြိမ်းချမ်း နိုင်သေးပေ။ ယခု မြန်မာနှစ်ကူးပြီဖြစ်ရာ နှစ်ကူးဆုတောင်းများ ပုံစံအမျိုးမျိုးနှင့် တွေ့နေရပါသည်။ ထုံးစံအတိုင်း မြန်မာနိုင်ငံကြီး ငြိမ်းချမ်းပါစေကြောင်း ဆုမွန်ကောင်း တောင်းကြပါသည်။ စာရေးသူအမြင်တွင် ဆုတောင်းခြင်းသည် မိမိဆန္ဒကို ထုတ်ဖော်ခြင်းမျှသာ ဖြစ်သည်။ မိမိဆန္ဒကို မျှဝေခြင်းသာဖြစ်သည်။ မိမိဆန္ဒကို ဖြစ်စေလိုခြင်းသာဖြစ်သည်။ ဆုသာတောင်းပြီး အလုပ်မလုပ်လျှင်၊ ပြောင်းလဲပြင်ဆင် တွေးခေါ်လုပ်ကိုင်ဆောင်ရွက် ခြင်းမရှိလျှင် ဆုသည် လူကြားကောင်းရုံသာ ဖြစ်ပါသည်။ နှစ်စဉ် ငြိမ်းချမ်း ရေးစကားဝိုင်းများ၊ ငြိမ်းချမ်းရေးပွဲတော်များ၊ ငြိမ်းချမ်းရေး တရားဓမ္မသဘင်များ ဆင်ယင်ကျင်းပနေသည့်ကြားမှ ပဋိပက္ခများ ပိုမိုဖြစ်ပွားလာပါမူ ပြဿနာ၏ရင်းမြစ်ကို သိမြင်ဖြေရှင်းနိုင်ရန် ကြိုးစားအားထုတ်သင့်ပါသည်။

အတွေးက တော်လှန်ရေးဆိုတာဆီ ရောက်သွားသည်။ အားလုံးက အခု တော်လှန်နေကြသည်။ လက်နက်ကိုင်မှ လေးလေးစားစား အဆက် ဆံခံရမည်ဟူသော အတွေးအခေါ်က အားကောင်းလျက်ရှိသည်။ ဆိုရလျှင် တော်လှန်ရေး အယူအဆက တည်ဆောက်ရေးကို လွှမ်းမိုးလျက်ရှိသည်။ တော်လှန်ရေးဆိုသည်မှာ ပုံစံအမျိုးမျိုးနှင့် ရှိနိုင်ပါသည်။ မျှော်လင့်ချက် နည်းပါးသည်၊ အသိအမှတ်ပြု မခံရ၊ သာတူညီမျှမှုမရှိဟု သိမြင်ခံစားရလျှင် တော်လှန်ရေးဆိုသည်မှာ ဖြစ်တည်လာပါသည်။ အချို့က တော်လှန်ရေးဆိုသည်မှာ ပညာနည်းပါးသဖြင့်၊ အလုပ်အကိုင်မရှိသဖြင့်၊ ဆင်းရဲနွမ်းပါးသဖြင့် ဖြစ်တည်သည်ဟု အမြင်ရှိသည်။ ထိုသို့ အမြင်မှာ တစ်ချိန်ကဆိုလျှင် မှန်ပါသည်။ တော်လှန်သူများ ပညာနည်းပါးလျှင် ဖိနှိပ် ချေမှုန်းရလွယ်ပါသည်။ ယနေ့ကာလ တိုင်းရင်းသားတော်လှန်ရေးများသည် အင်္ဂလိပ်ခေတ် ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား တော်လှန်ရေးကဲ့သို့ မဟုတ်ပါ။ ပညာတတ်များမှ ဦးဆောင်နေခြင်းဖြစ်သည်။ တော်လှန်ရေး တစ်ခုသည် ပညာတတ်များလက်ဝယ်ရောက်ရှိသွားပါက ကိုင်တွယ်ရခက်ပါသည်။

တစ်ချိန်က စာရေးသူကိုယ်တိုင် အစိုးရဝန်ထမ်းဘဝက တော်လှန်ရေး လုပ်ဆောင်ခဲ့ဖူးပါသည်။ တရားမျှတမှုနည်းပါးသောဝန်းကျင်တွင် စာရေးသူ မပျော်ခဲ့ပေ။ ဌာနအတွင်း တရားမျှတမှု မရှိခြင်းကိုလည်း မျက်မြင် ကိုယ်တွေ့ သိမြင်နေရာ ကိုယ့်ကို တိုက်ရိုက် မထိခိုက်သေးသော်လည်း မြင်တွေ့နေရသော မတရားမှုတို့သည် တစ်နေ့ ကိုယ့်ထံရောက်ရှိလာလိမ့်မည်ဟု ခံစားတွက်ဆမိသည်။ သို့ဖြစ်ရာ အစိုးရဝန်ထမ်းဘဝမှ တစ်နေ့ လွှတ်မြောက်ရေးအတွက် ကိုယ့်ကိုယ်ကိုယ် အမြဲဖြည့်ဆည်းတည်ဆောက်ခဲ့သည်။ အင်္ဂလိပ်စာကောင်းမှ နိုင်ငံခြားတွင် ကျောင်းတက်နိုင်မည်၊ နိုင်ငံ တကာအဖွဲ့အစည်းများတွင် လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဟု သိမြင်သဖြင့် အင်္ဂလိပ်စာကို နိုင်သလောက် လေ့လာဖြစ်ခဲ့သည်။ ဆိုရလျှင် ကိုယ်က လက်နက်ကိုင်မည့်သူ မဟုတ်ပေ။ သို့ဖြစ်ရာ ပညာလက်နက်ကို တတ်နိုင်သလောက် စုဆောင်းသိုမှီးရသည်။ သင်တန်းအချို့တက်သည်။ ဘာသာ စကားလေ့လာသည်။ အတွေ့အကြုံ ရှာဖွေသည်။ မကောင်းသည့်အကျင့်များ လျှော့သည်။ ကောင်းသည့်အကျင့်များ တိုးသည်။ ပညာလက်နက် စုဆောင်းရင်း တော်လှန်ရမည့်အခြေအနေ အချိန်အခါကို စောင့်မျှော်ခဲ့သည်။

နေစမ်းပါဦးဗျ။ ခင်ဗျားက တော်လှန်ရေး၊ တော်လှန်ရေးနဲ့ ခင်ဗျားကို ဘယ်သူတွေက ဘာလုပ်လို့ တော်လှန်ရတာလဲဆိုရင် တော်လှန်တယ်ဆိုတာ ကိုယ်ကိုလာထိမှ၊ တိုက်ရိုက်ဖိနှိပ်မှ၊ ကျူးကျော်စော်ကားမှ မဟုတ်ဘူးလေဗျာ။ ကိုယ့်အရည်အချင်းကို အသိအမှတ်မပြု၊ အတွင်းမှာ အုပ်စုဖွဲ့၊ နေရာယူ၊ လူကြီးနဲ့နီးစပ်တဲ့သူကို နေရာပေး၊ ကိုယ့်ကို နောက်မှာချန်ထား၊ ကိုယ့်အားနည်းချက်ကို ရှာ၊ အားသာချက်ကို ဖျောက်၊ ဒါမျိုးဆိုရင် ရှင်တော့ ရှင်သန်တယ်လေ။ သို့သော် သူတို့ပေးသလောက်၊ ခွင့်ပြုသလောက်နဲ့ပဲ ကျေနပ်ရတာပေါ့ဗျာ။ ကိုယ့်အရည်အချင်း အစစ်အမှန်ကို ဘယ်ထုတ် ဖော်ပြသခွင့်ရမလဲ။ မကျေနပ်လို့ ပေါက်ကွဲထွက်လာရင်လည်း ကိုယ်ပဲ နစ်နာမှာပေါ့။ ကိုယ့်ကို အခွင့်အရေးပေးနိုး စောင့်ရင်လည်း ဒါက မြန်မာဗျ။ေ_ာက်ကျင့်တွေက ကောင်းတာမဟုတ်ဘူး။ ကိုယ့်ကို ပါးပါးလေး ချောင်ထိုး၊ နှိပ်ကွပ်၊ ပညာပြသွားမယ်။ အစိုးရအလုပ် ၁၄ နှစ်လုပ်ခဲ့တာပါဗျာ။ သိပ်သိတာပေါ့။ ဒါ့ကြောင့် မတရားအလုပ်ခံရတဲ့သူတွေဆို ကိုယ်ချင်းစာတယ်။ အချို့ဆို ပေါက်ကွဲထွက်သွားတယ်။ အချို့ဆို နုတ်ထွက်သွားကြတယ်။ အချို့ဆို ဘာမှမပြောဘဲ တစ်သက်လုံး ကြိတ်မှိတ်နေရင်း စိတ်ဒဏ်ရာ ခံစားသွားကြတယ်။ သူတို့က မတော်လှန်တတ်ဘူးလေ။ တစ်နည်း နိုင်ငံရေးအမြင် မရှိဘူးပေါ့ဗျာ။ တော်လှန်တယ်ဆိုတာ ငယ်တုန်းမှာ တော်လှန်ရတယ်။ ပညာ၊ ငွေကြေး၊ အတွေ့အကြုံစုရတယ်။ စိတ်ရှိတိုင်း သာတော်လှန်ကြရင် အားမရှိဘူးဆိုရင် ကိုယ်ပဲနစ်နာမှာပေါ့ဗျာ။ တော်လှန်ပြီးရင်လည်း ကိုယ်က သူ့ထက်သာအောင် လုပ်ပြရတယ်။ သူတို့က ကိုယ့်ကို ဖျောက်ထားချင်တာလေ။ ကိုယ့်ရဲ့အားနည်းချက်တွေကို ဖြန့်၊ ကိုယ့်အားသာချက်တွေကို ဝှက်ထားတာလေ။ သူတို့ခွင်အတွင်း (ဌာနအတွင်း) ကဆို သူတို့လက်ထဲ လုပ်ချင်သလို လုပ်လို့ရတယ်လေ။ သူ့လူသူ ပင်းပြီးတက်ကြမှာလေ။ သာတူညီမျှမှုမှ မရှိ၊ တရားမျှတမှု မရှိ၊ အရည်အချင်းကို အသိ အမှတ်မပြုဘဲ လူကြီးနဲ့ အဆင်ပြေမှုအပေါ်မူတည်ပြီး နေရာပေးမှာလေ။ ဒီလိုဆိုရာမှာ နေရာရသွားတဲ့သူတိုင်းကို အရည်အချင်းမရှိဘူးလို့ ဆိုလို တာမဟုတ်ပါဘူး။ သို့သော်ကိုယ်က သူတို့ထက်သာတယ်၊ လုပ်ကိုင်နိုင် တယ်ဆိုတာ သိနေတယ်။ ကိုယ်က အပြင်ရောက်သွားပြီဆိုရင် လုပ်နိုင်သလောက် တိုးတက်တယ်။ အရည်အချင်း စစ်မှန်တယ်ဆိုရင်ပေါ့။ ကိုယ် တိုးတက်လေ၊ အောင်မြင်လေ၊ တစ်ချိန်က ကိုယ့်ကို နှိပ်ကွပ်တဲ့သူ၊ အကောင်းမပြောတဲ့သူတွေ ကိုယ်နဲ့ယှဉ်ရင် သူတို့ အသုံးမကျဘူးဆိုတာ အများအမြင်မှာ ပေါ်လွင်စေတာပေါ့။

မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကြည့်။ မခံချင်စရာတွေ အတော်များတယ်။ အစိုးရရုံးကိစ္စတွေဆို အဆင်မပြေတာများတယ်။ ပြုပြင် ပြောင်းလဲတယ်ဆိုရင်လည်း သိသာတဲ့တိုးတက်မှုက မမြင်ရဘူး။ ပြောနေတာပဲ။ သုံးနှစ်ပဲ ရှိသေးလို့ပါ။ ငါးနှစ်လောက်နဲ့ ဘယ်ဖြစ်မလဲ။ မဟုတ်ဘူးဗျ။ လွဲနေတယ်။ တိုးတက်မှုကို မတွေ့ရလို့ တောင်းဆိုပြန်ရင်လည်း ပြဿနာရှာတယ်ဆိုပြီး ထောင်ထဲရောက်မယ်။ ဒီတော့ စာတတ်တဲ့သူတွေက စကားသိပ်မပြောတော့ဘူး။ တော်လှန်ရေးပဲ စဉ်းစားတယ်။ အင်အားရှိပြီဆိုမှ ထုတ်ပြတယ်။ ကိုင်တွယ်ရခက်ပြီပေါ့။ ယုံကြည်မှုကလည်း ပျောက်ဆုံးနေပြီလေ။ ဒီနိုင်ငံမှာ တစ်ခုခုဆို အင်မတန် အချိန်ဆွဲတယ်။ ပြဿနာကို ဖြေရှင်းတာမဟုတ်ဘဲ အဆင်ပြေသလို ကိုယ့်လက်ထက်မှာ ပေါက်ထွက်မလာအောင် ထိန်းထားတာပဲရှိတယ်။ တစ်ဖက်သား ခံစားစိတ်၊ ကိုယ်ချင်းစာမှု နည်းပါးတယ်။ ရခိုင်ကိစ္စဆိုတာ ဒီသဘောပဲ။ လူတွေ လေဗျာ။ တစ်ချိန်လုံး ပိတ်လှောင်ထားလို့ မရဘူး။ ဖြေရှင်းနည်းတစ်ခုတော့ ရှိရမယ်။ ရှိတယ်ဆိုရင်လည်း ပြတ်ပြတ်သားသား လုပ်ပြနိုင်ရမယ်။ ယုံကြည်မှု တည်ဆောက်နိုင်ရမယ်။ အခု အဲဒီလိုမဟုတ်ဘူး။ ဟိုအပြစ်တင်၊ ဒီအပြစ်တင်နဲ့ နောက်ဆုံး အစိုးရကပဲ ရှင်းရတာပေါ့။ ငြိမ်းချမ်းရေးလည်း ဒီလိုပဲ။ တစ်ချိန်က ငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတာ တစ်ဖက်ကို အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေပေးပြီး တည်ဆောက်ခဲ့တာဖြစ်တယ်။ အခု စစ်မတိုက်ရင်ပြီးရော သဘောဖြစ်တယ်။ နောင်ဖြစ်တာ နောက်လူ ကြည့်ရှင်းပဲ။ နိုင်ငံသားစိစစ်ရေးကတ်ပြားပဲ ကြည့်လေ။ ဘယ်သူမှ ဖြစ်နိုင်ရင် အစိုးရရုံးတွေ မသွားချင်ဘူး။ ဘာသာခြား၊ လူမျိုးခြား မဟုတ်သေးဘူး။ ကိုယ့် လူမျိုးတူအချင်းချင်းတောင် အလွယ်တကူမရဘူး။ အလွယ်တကူဆိုတာ မလိုအပ်ဘဲ ထောက်ခံစာတွေ၊ နယ်ခရီးပြန်တာတွေ အများကြီး လုပ်ရတယ်။ အချို့ စည်းမျဉ်းတွေက လိုအပ်တယ်ဆိုပေမယ့် ဌာနတွင်းမှာ အရင်ရှင်းလို့ရတာ ရှင်းသင့်တယ်။ လုပ်ထုံးလုပ်နည်းတွေ လျှော့ချသင့်တယ်။ အစိုးရ ဌာနတွေမှာ အချိန်တိုအတွင်း ပြုပြင်ပြောင်းလဲလို့ရတာတွေ အများကြီးရှိတယ်။ သို့သော် လုပ်သင့်သလောက် မလုပ်ဘူးလို့ လူတွေက မြင်တယ်။ ဒီတော့ လူတွေမှာ အစိုးရရုံးတွေနဲ့ ဆက်ဆံပြီးရင် မကျေနပ်စိတ်က ရှိနေတယ်။ မကျေနပ်စိတ်ဆိုတာ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေတယ်။

မြန်မာနိုင်ငံမှာ တော်လှန်ရေးတွေ လျော့နည်းပပျောက်ချင်တယ်ဆိုရင် တော်လှန်ရေးရဲ့ သဘောသဘာဝကို နားလည်ဖို့လိုတယ်။ တစ်ဖက်ကိုတင် အပြစ်ပြောလို့မရဘူး။ ကိုယ့်ဘက်က တိုးတက်အောင် အရင်လုပ်ပြဖို့ လိုတယ်။ ကိုယ်ကလည်း မသွား၊ သူ့ဆီသွားတာလည်း မကြိုက်၊ ပိတ်လှောင် ချောင်ပိတ်ရိုက်တဲ့အကျင့် မြန်မာတွေမှာ ရှိတယ်နော်။ အချိန်ဆွဲပြီး အင်အားချည့်နဲ့ တွေဝေအောင်လုပ်တာပေါ့။ ဂုဏ်သိက္ခာရှိတဲ့ ထွက်ပေါက်မပေး တတ်ဘူး။ အဲဒါ သိပ်မှားတယ်။ ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ဖော်ဆောင် ပြနိုင်ဖို့လိုတယ်။ ရန်ကုန်တစ်မြို့တည်း၊ မန္တလေးတစ်မြို့တည်း ဖွံ့ဖြိုးနေလို့မရဘူး။ ဆင်းရဲတဲ့ဒေသတွေ တစ်ပြေးညီဖွံ့ဖြိုးဖို့လိုတယ်။ အခုတော့ မသိဘူး။ စာရေးသူ အစိုးရအလုပ်လုပ်တုန်းက အစိုးရရုံးတွေမှာ ပြစ်ဒဏ်ထိပြီ၊ ပြစ်ဒဏ်ပေးပြီးဆိုရင် ဟိုး အဝေး မဖွံ့ဖြိုးတဲ့ တိုင်းရင်းသားဒေသတွေဆီ လွှတ်တယ်။ အကျင့်ပျက်တဲ့၊ အရည်အချင်းနည်းပါးတဲ့ဝန်ထမ်းကို မဖွံ့ဖြိုး တဲ့နေရာ လွှတ်တယ်ဆိုတော့ စဉ်းစားကြည့်လေ။ ဘယ်လိုလုပ် အဲဒီဒေသတွေ တိုးတက်မလဲ။ တကယ်တော့ ဖွံ့ဖြိုးရေးဆိုတာ တစ်ခုပဲရှိပါ သေးတယ်။ ကျန်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခွင့်အလမ်းတွေ မပါသေးဘူး။ တစ်ချိန်က အရမ်းဆင်းရဲ၊ မဖွံ့ဖြိုးတဲ့တိုင်းရင်းသားဒေသတွေ ရှိတယ်။ ဘယ်သူမှ မသွားဘူး။ နောက် အဲဒီကို ဘာသာခြား သာသနာ ပြုအဖွဲ့တွေ ရောက်သွားတယ်။ အဲဒီဒေသက ဘာသာခြားတွေ ဖြစ်သွား တယ်ဆိုပါတော့။ အဲဒီကျမှ အမျိုး၊ ဘာသာ၊ သာသနာဆိုပြီး ကြွေးကြော်ကြတယ်။ တစ်ချိန်က ကူးစက်ရောဂါသည်တွေ၊ အနာကြီးရောဂါသည်တွေ ရှိတယ်။ သူတို့ဆီ ဘယ်သူမှ မသွားဘူး။ နောက် အဲဒီကို ဘာသာခြားတွေ ရောက်သွားတယ်။ အဲဒီရောဂါသည်မိသားစုအချို့ ဘာသာခြားတွေ ဖြစ်ကုန်တယ်။ အဲဒီကျမှ အမျိုး၊ ဘာသာ၊ သာသနာဆိုပြီး နောက်ကလိုက်ကြတယ်ဆိုပါစို့။ မဖြစ်ခင်က ကြိုတင်လုပ်ဆောင်ရမယ်၊ မဖြစ်ခင်က ကြိုတင်ကာကွယ်ရမယ်ဆိုတဲ့ အလေ့အကျင့်၊ အမြော်အမြင်၊ လုပ်ဆောင်မှုတွေ မြန်မာတွေမှာ အင်မတန်နည်းတယ်။ တော်လှန်ရေးမဖြစ်ခင်၊ တော်လှန်ရေးကို တားဆီးနိုင်ဖို့လိုတယ်။

အဲဒီလိုတားဆီးဖို့ဆိုတာ လက်နက်တစ်ခုတည်းနဲ့ မရဘူး။ ကိုယ်ချင်းစာမှု၊ အမြော်အမြင်ရှိမှု၊ သာတူညီမျှမှုတွေ ဖန်တီးတည်ဆောက်နိုင်ဖို့လိုတယ်။ အခုဟာက တော်တော်လွဲနေတာတွေ ရှိတယ်။ ကိုယ့်ဘက်ကို နည်းနည်းထိပြီဆိုရင် ဆိုရှယ်မီဒီယာတွေမှာ အရည်မရ၊ အဖတ်မရ တစ်ချိန်လုံး ဝင်ဆဲနေကြတယ်။ နည်းနည်းပါးပါး ဝင်ရှင်းပြလို့တောင် မရဘူး။ မြန်မာတွေ သွေးဆူပြီဆိုရင် ဘာမှမမြင်တော့ဘူး။ တစ်ဖက်က ကိုယ့်ကို အမြဲအကဲခတ်နေတာလေ။ သူတို့က ကိုယ့်အကြောင်းသိသွားပြီ။ ဘယ်လောက် ရိုင်းစိုင်းတယ်။ သွေးဆူတယ်။ သွေးဆာတယ်။ သိသွားပြီ။ ဘာမှ မပြောတော့ဘူး။ ပြောနေလည်း မထူးဘူး။ တော်လှန်ရေးလုပ်မှရမယ်ဆိုတဲ့စိတ်တွေ ဖြစ်ကုန်တာပေါ့။ မြန်မာသမိုင်းကိုလည်း ပြန်ကြည့်လေ။ တစ်ချိန်လုံး သတ်နေကြတာဖြစ်တယ်။ ကနောင်လည်း အချင်းချင်းသတ်တာပဲ။ အောင်ဆန်းလည်း အချင်းချင်းသတ်တာပဲ။ အခုခေတ်က အရင်ခေတ်တွေလို စာသင်ခန်းက သင်တာလောက်ပဲ သိတဲ့ခေတ် မဟုတ်တော့ဘူး။ ဆိုရှယ်မီဒီယာတွေမှာ၊ အပြင်မှာ လိုချင်တာ အကုန်ဖတ်လို့ရတယ်။ သမိုင်းတွေ အသစ်ပြင်ဆင်ရေးသားနေကြတာရှိတယ်။ လူတွေက စာတတ်ကုန်ပြီ။ အကုန်ရှုပ်ထွေးကုန်ပြီ။ အသိပညာကို ဘောင်ခတ်လို့ မရတော့ဘူး။ အသိမမှားအောင်၊ အထင်လွဲမှု မကြီးမားအောင်သာ လုပ်ဆောင်လို့ ရတော့မယ်။ တိုင်းရင်းသားတွေကို အောင်ဆန်းနဲ့ ပင်လုံလောက်ပြောပြီး စည်းရုံးလို့ရတော့တဲ့ခေတ် မဟုတ်တော့ဘူး။

မြန်မာတွေ အုပ်စုဖွဲ့မိရင် ကြည့်လေ။ အချင်းချင်းတောင် သူ့လူသူပဲ နေရာပေးချင်တယ်။ အခြား လူဘယ်လောက်တော်တော်၊ ဘယ်လောက်ကောင်းကောင်း အခွင့်အရေးပေးမယ်၊ မြေတောင်မြှောက်ပေးမယ်ဆိုတာမျိုး မရှိဘူး။ ကိုယ့်ပါတီက မဟုတ်ရင် မဲမပေးဘူးဆိုတဲ့ အုပ်စုစွဲ၊ ပါတီစွဲစိတ်တွေများတယ်။ ဘက်လိုက်တယ်ဆိုတာ လူ့သဘောသဘာဝ ဖြစ်တယ်။ သို့သော် ဒီနိုင်ငံမှာ အန္တရာယ်ရှိလောက်အောင်ကို ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကြီးမားနေတာ ဖြစ်တယ်။ ပြီးရင် ဆိုရှယ်မီဒီယာတွေမှာ ဟိုပြော၊ ဒီပြော၊ စိတ်မကောင်းပါဘူးတို့၊ လူငယ်တွေ ရင့်ကျက်အောင် ဖြည့်ဆည်းကြပါတို့၊ ဘာတို့၊ ညာတို့၊ အမှန်တော့ ဒီနိုင်ငံရဲ့ ပြဿနာက လူကြီးတွေဖြစ်တယ်။ အဲဒီလူကြီးတွေက သူတို့နဲ့ အဆင်ပြေတဲ့လူငယ်တွေကို နေရာပေး၊ လူငယ်တွေက လူကြီးဖြစ်၊ စိတ်ဓာတ်တွေက တစ်တွဲကြီး၊ မပြောင်းလဲဘူး။ ဒီလိုနဲ့ လုပ်ရင်းနဲ့သင်၊ လူကောင်းရင် ပြီးရော၊ လူတော်ဖို့ မလိုဘူး။ လူတော်ရင် သူတို့ကို ပခုံးချင်းယှဉ်မှာ စိုးတယ်။ လူကြီးအားလုံးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနိုင်ငံမှာ လူကြီးတော်တော်များများ အဲဒီပုံစံပဲ။ သူတို့ငယ်စဉ်ကတည်းက ဝန်းကျင်က အဲဒီလိုဖြစ်နေတာကိုး။ သူတို့စည်းထဲကမဟုတ်တဲ့ ပြင်ပက လူငယ်တွေ သူတို့ထက်လုပ်နိုင်တယ်၊ သာလွန်တယ်ဆိုတာ မဖြစ်စေချင်ဘူး။ ငြိမ်းချမ်းရေးဆိုတာ ပြောရင် အဲဒါတွေပါ ပါတယ်နော်။ တော်လှန်ရေး အကြောင်းပြောရင် အဲဒါတွေပါ ပါတယ်နော်။

တော်လှန်ရေး သဘောသဘာဝတွေ ဆက်ပြီးဆွေးနွေးမယ်ဆိုရင် အများကြီးပါ။ ဒီနိုင်ငံဝန်းကျင် မကောင်းဘူး။ သမိုင်းလည်း မကောင်းခဲ့ဘူး။ ဝန်းကျင်နဲ့ သမိုင်းကို ဖန်တီးတာ အဲဒီနိုင်ငံမှာ နေထိုင်တဲ့လူတွေဖြစ် တယ်။ ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အစည်းမှ ရာနှုန်းပြည့် ကောင်းမွန်တယ်ဆိုတာ မရှိပါဘူး။ လူ့အဖွဲ့အစည်းတိုင်းမှာ ပဋိပက္ခတွေ၊ တော်လှန်ရေးတွေဟာ အသွင်အမျိုးမျိုးနဲ့ တည်ရှိနေပါတယ်။ သို့သော် တော်လှန်ရေးဆိုတာ သူတို့ဆီမှာ တစ်ဦးချင်း ဖြစ်နေကြတာ များပါတယ်။ နိုင်ငံပြင်ပအထိ ပွင့်အံထွက်မလာပါဘူး။ စာရေးသူတို့ဆီမှာ ဖြစ်နေတာတွေကတော့ လက်နက်ကိုင် ပဋိပက္ခတွေဆီအထိ ဦးတည်နေတာဖြစ်ပါတယ်။ အရပ်ကူပါ၊ လူဝိုင်းပါ အခြေအနေမျိုးပါ။ အနောက်နိုင်ငံတွေလည်း ပါတယ်။ တရုတ်နိုင်ငံလည်း ပါတယ်။ ဂျပန်လည်းပါတယ်။ အာဆီယံလည်းပါတယ်။ နိုင်ငံတကာမှာ၊ ဒေသတွင်းမှာ ရှက်တတ်မယ်ဆိုရင် အင်မတန်ရှက်ဖို့ကောင်းပါတယ်။ ဒီနိုင်ငံမှာ လူတွေရဲ့ အတွေးအမြင်၊ ပြုမူလုပ်ဆောင်မှုတွေ မပြောင်းလဲသမျှ တော်လှန်ရေးတွေ အတောမသတ် ရှိနေပါလိမ့်မယ်။ တော်လှန်ရေးများရဲ့ အဆုံးသတ်က ဘာလဲ။ ကျွန်တော် မသိပြီ။ သိလည်း မသိချင်ပြီ။

အောင်အောင် (IR)