News

POST TYPE

EDITORIAL

GGS ကုမ္ပဏီ၏ ဂက်စ်ဖိုးအကြွေး အရစ်ကျဆပ်မည်ဟုဆို
01-May-2019
ထားဝယ်၊ ဧပြီ ၃၀

ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနေသည့် GGS ကုမ္ပဏီက အစိုးရသို့ပေးရန် ကျန်ရှိနေသည့် ဂက်စ်ဖိုးအကြွေးကို အရစ်ကျပြန်ဆပ်ရန် သဘောတူထားကြောင်း တနင်္သာရီတိုင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးက ပြောသည်။

Global Grand Service (GGS) ကုမ္ပဏီသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ဂက်စ်ဖိုးငွေ ၁၀ ဘီယီယံခန့် ပေးရန် ကျန်နေခြင်းဖြစ်သည်။

ယင်းဂက်စ်ဖိုးငွေ အကြွေးများကို ဧပြီလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ လေးကြိမ်ခွဲပြီး ပေးဆပ်ရန် GGS ကုမ္ပဏီ၏ ကမ်းလှမ်းချက်ကို ပြည်ထောင်စုအစိုးရက သဘောတူထားကြောင်း တနင်္သာရီတိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

GGS ကုမ္ပဏီသည် ထားဝယ်ခရိုင်တွင် လျှပ်စစ်ထုတ်လုပ်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရနှင့်သာစာချုပ်ချုပ်ဆိုထားခြင်းကြောင့် ဂက်စ်ဖိုးအကြွေးကို တနင်္သာရီတိုင်းအစိုးရကသာ တာဝန်ယူတောင်းပေးရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောဆိုထားသည်။

GGS ကုမ္ပဏီသည် ထားဝယ်ခရိုင်အတွက် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ခဲ့သည့် ၂၀၁၇ ဇူလိုင်လကတည်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ဂက်စ်ဖိုးပေးသွင်းခဲ့ခြင်းမရှိကြောင်း ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောဆိုထားသည်။

အစိုးရသို့ ပေးချေရန် ကျန်ရှိသည့် ဂက်စ်ဖိုးအကြွေးငွေကိစ္စနှင့် ပတ်သက်၍ GGS ကုမ္ပဏီတာဝန်ရှိသူသုံးဦးအား တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် ထားဝယ်အကျဉ်းထောင်၌ ချုပ်နှောင်ထားသည်။

Dawei Watch