News

POST TYPE

EDITORIAL

ဆင်တုပ်ကွေးရောဂါ ထားဝယ်မြို့နှင့် အခြား မြို့နယ်များအထိ ပျံ့နှံလာ
25-Apr-2019
ထားဝယ်၊ ဧပြီ ၂၅

ထားဝယ်မြို့နှင့် မိုင်နှစ်ဆယ်ကျော် ကွာဝေးသည့် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ဘဝါကမ်းခြေကျေးရွာတွင် အစုလိုက် အပြုံလိုက်ဖြစ်ပွားခဲ့သည့် ဆင်တုပ်ကွေးရောဂါသည် ထားဝယ်မြို့နှင့် အခြားမြို့နယ်များကိုပါ ပျံ့နှံ့လာကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ဆင်တုပ်ကွေးရောဂါသည် ယခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင်၍ ဘဝါကမ်းခြေကျေးရွာတွင် စတင်ဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာတာဝန်ခံထံမှ သိရသည်။

ဆင်တုပ်ကွေးရောဂါမှာ လက်ရှိတွင် ထားဝယ်မြို့အတွင်း အပါအဝင် သရက်ချောင်း၊ လောင်းလုံး အစရှိသည့် မြို့နယ်များအထိ ပျံ့နှံ့ဖြစ်ပွားလာသည်ဟု ကြားသိရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ပိုးမွှားများမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့ (ရ.ပ.က.န) ခေါင်းဆောင် ဒေါက်တာနန္ဒဝင်းက ပြောသည်။

ထားဝယ်မြို့အတွင်းရှိ ကျောက်မော်ရပ်ကွက်၊ ညောင်ရမ်းတောင်၊ ကြက်စားပြင်၊ ဆန်းချီ၊ ဝဲကျွန်းရပ်ကွက် အစရှိသည့် ရပ်ကွက်များတွင် ဧပြီလဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသည်ဟု ကြားသိရကြောင်း ဒေါက်တာနန္ဒဝင်းက ဆိုသည်။

ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားပါက အပြင်းဖျားခြင်း၊ ခြေဆစ်လက်ဆစ် နာကျင်ကိုက်ခဲခြင်း၊ အနီကွက်ထခြင်း အစရှိသည့် လက္ခဏာများဖြစ်ပေါ်လေ့ရှိပြီး အသက်သေဆုံးသည်အထိ ဖြစ်လေ့မရှိကြောင်း ဒေါက်တာနန္ဒဝင်းက ဆိုသည်။

“ပိုကြောက်လွန်းရင်လည်း မကောင်းဘူး၊ မကြောက်ဘဲ နေပြန်ရင်လည်း မကောင်းဘူး၊ အစွန်းနှစ်ဖက်လွတ်စေချင်တယ်”ဟု ဒေါက်တာနန္ဒဝင်းက ပြောသည်။

လက်ရှိတွင် မြို့နယ်ကျန်းမာရေးဌာနများကို ရောဂါဖြစ်ပွားမှုအခြေအနေကို စောင့်ကြည့်ရန်နှင့် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ၎င်းကဆိုသည်။

ဆင်တုပ်ကွေးရောဂါပိုးမှာ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်သည့် နေ့ခင်းဘက်ကိုက်သည့် ခြင်ကျား (အသေး) ကိုက်ခံရခြင်းမှတစ်ဆင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေါက်တာနန္ဒဝင်းက ရှင်းပြသည်။

ထိုကြောင့် ဖြစ်ပွားသည့် ရပ်ကွက်များတွင် ရေတွင်အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

အဆိုပါရောဂါမှာ သေစေနိုင်သည်အထိ အသက်အန္တရာယ်မရှိသော်လည်း လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများရှိနေသည့်အတွက် ခြင်နှိမ်နင်းရေး လုပ်ဆောင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ကြောင်း ထားဝယ်မြို့ အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

“လက်ကမ်းစာစောင်တွေ ဖြန့်ဝေနိုင်အောင် ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်သင့်တယ်”ဟု ဦးနိုင်မျိုးသွင်ကဆိုသည်။

လူထုအသိပညာပေးလုပ်ငန်းများကို လာမည့် ၁၀ ရက်အတွင်း လုပ်ဆောင်မည်ဖြစ်ပြီး လူထုအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါက်တာနန္ဒဝင်းက ပြောသည်။

ပြီးခဲ့သည့် မတ်လအကုန်အထိ နဘုလယ်ဒေသရှိ ဘဝါကမ်းခြေကျေးရွာတွင် တစ်ရွာလုံးနီးပါး ဖျားနာခဲ့ပြီး ဆင်တုပ်ကွေးရောဂါလက္ခဏာများကို ခံစားခဲ့ရကြောင်း ကျေးရွာတာဝန်ခံထံမှ သိရသည်။

ဆင်တုပ်ကွေးရောဂါ ခံစားရသူ အားလုံးနီးပါးသည် အဆစ်အမြစ် ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ အရေပြားအနီကွက်ပေါ်ခြင်း စသဖြင့် ရောဂါလက္ခဏာများ ခံစားရပြီး အများစုမှာ ရက်သတ္တပတ် အနည်းငယ်အတွင်း ပျောက်ကင်းလေ့ရှိသော်လည်း အချို့မှာ အဆစ်နာကျင်ခြင်းကို လပေါင်းများစွာ ခံစားရနိုင်ကြောင်း ထားဝယ်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးတစ်ဦးက အသိပေး ထုတ်ပြန်ထားသည်။

Dawei Watch