News

POST TYPE

EDITORIAL

လာရင်းကိစ္စ (Daily, Vol-7/No-03)
02-Apr-2019

“လူ့ဘဝဟူသည်မှာ ဖြစ်ချင်တာတစ်ခုအတွက် မလုပ်ချင်တာ တော်တော်များများကိုလုပ်ရင်း စောင့်ရသည်မျိုးပင် ဖြစ်တော့သည်”ဟု ပညာရှင်တစ်ဦးက ရေးသားခဲ့ဖူးပါသည်။ဤနေရာတွင် ဖြစ်ချင်တာတစ်ခုအတွက် ဆိုသော လာရင်းကိစ္စနှင့် အခြားအခြားသော မလုပ်ချင်တာများကို ခွဲမြင်နိုင်ရန် အထူးအရေးကြီးကြောင်း ထောက်ပြလိုပါသည်။

လူတို့သည် ဖြစ်ချင်တာတစ်ခုအတွက်ဆိုသော “လာရင်းကိစ္စ”ကို လမ်းခရီးတွင် မေ့သွားတတ်ကြသောကြောင့် ဖြစ်ပါသည်။နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သော အခြေခံအကြောင်းရင်းမှာ Good Governance (GG) ဖြစ်ပါသည်။ ရွေးကောက်ပွဲများဆိုသည်မှာ မည်သူသည် နိုင်ငံအတွက် Good Governance ကို ဆောင်ကြဉ်းနိုင်မည်နည်းဟု ရွေးချယ်ကြခြင်း ဖြစ်ပါသည်။ ပြည်သူများက မဲထည့်ကြခြင်းသည် Good Governance ကိုရည်စူး၍ မဲထည့်ကြခြင်း ဖြစ်ပါသည်။

သို့သော်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ သွေးဆူလာသောအခါများတွင် ဟိုဘက်ဒီဘက် သူ့ဘက်ငါ့ဘက် ဆိုသည်များကို Us Them ခွဲကြရင်း “လာရင်းကိစ္စ”ဖြစ်သည့် Governance အကြောင်းကို စဉ်းစားပြောဆို ဆွေးနွေးကြရန် မေ့သွားကြသည်ကို တွေ့ရပါသည်။ သူ့ဘက် ငါ့ဘက်ကိစ္စများက အရေးကြီးသွားပြီး Good Governance အကြောင်းကို မေ့သွားတတ်ကြသည်ကိုတွေ့ရသည်။ ကြာလာသောအခါ Good Governance အကြောင်းကို တွေးပင်မတွေးမိတော့ဘဲ ကိုယ်နိုင်ရေး သူနိုင်ရေး ကိစ္စများက ပို၍ အရေးကြီးလာသည်ကို တွေ့ရပါသည်။

“လာရင်းကိစ္စ”(Good Governance) ကို အုပ်စုကိစ္စ Us Them နှင့် ခွဲခြားစဉ်းစားနိုင်ခြင်းပြုနိုင်မှသာလျှင် မြန်မာနိုင်ငံတော်တွင် တည်ဆောက်နေသည့် နိုင်ငံတော်သစ်ဆိုသည်မှာ ထူးခြားမှုရှိလိမ့်မည်ဟု ဆိုချင်ပါသည်။

အယ်ဒီတာ (၂-၄-၂၀၁၉)

(၂၅-၂-၂၀၀၉ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)