News

POST TYPE

EDITORIAL

ဘာကြောင့် ယာဉ်မတော်တဆ အဖြစ်များနေတာလဲ (Daily, Vol-6/No-303)
31-Mar-2019

အဝေးပြေးလမ်းမများပေါ်မှာ ခရီးသည်တင်ယာဉ်တွေ မကြာခဏ မှောက်ပြီး အသက်ဆုံးရှုံးရတဲ့သတင်းတွေ လေ့လာကြည့်တော့ ပေါ့ဆမှုဆိုတဲ့ အကြောင်းအရင်းကို တွေ့ရတယ်။ ပေါ့ဆမှုဆိုတာ ယာဉ်ပိုင်ရှင်၊ ယာဉ်လိုင်းတာဝန်ရှိသူ၊ ယာဉ်မောင်း၊ ယာဉ်အကူနဲ့ ခရီးသည်တွေရဲ့ ပေါ့ဆမှုလို့ အများစု မြင်ကြမယ်။

တကယ်တမ်းကျတော့ ယာဉ်နဲ့တိုက်ရိုက်သက်ဆိုင်တဲ့သူတွေရဲ့ ပေါဆမှုချည်းပဲ ပြောလို့မရဘူး။ အဲဒီယာဉ်တွေ၊ ယာဉ်လိုင်းတွေကို ကြီးကြပ်တဲ့ အာဏာပိုင်အဖွဲ့၊ အဲဒီအဖွဲ့ကိုအပေါ်က စီမံခန့်ခွဲတဲ့ဒေသ ဒါမှမဟုတ် ပြည်ထောင်စုအဆင့် အစိုးရဌာနနဲ့ အဲဒီလိုကြီးကြပ်နိုင်အောင် တိတိကျကျ ပြဋ္ဌာန်းပေးထားတဲ့ဥပဒေအထိ တာဝန်ရှိနေတယ်။

ရန်ကုန် - မြစ်ကြီးနား တိုက်ရိုက်ပြေးပြီး အင်္ဂလိပ်လို နာမည်ပေးထားတဲ့ အိတ်စ်ပရက်စ်ကားက ခရီးသည်ထိုင်ခုံတွေမှာ ခါးပတ်တွေမပါဘူး။ သတိရှိပြီး အန္တရာယ်ကို ကြိုတင်ကာကွယ်လိုတဲ့ ခရီးသည်က မေးမှ ရောက်ပြန်ထွက်တဲ့ကားတွေမို့ ပြင်ချိန်မရှိလို့၊ ခရီးသည်တွေက ခါးပတ်ပတ်တဲ့အကျင့် မရှိလို့၊ မပတ်တတ်တဲ့ ခရီးသည်ကြောင့် ခါးပတ်ခေါင်းတွေ ကွဲသွားလို့ဆိုတဲ့ ဖြေရှင်းချက်တွေ ထွက်လာတယ်။

ဒီလောက် မိုင်အရှည်ကြီးမောင်းရမယ့် လမ်းခရီးမျိုးကို ခေါက်ပြန်ထွက်တဲ့ ကားနဲ့ခရီးသည်တွေ သယ်ပို့ပေးနေတာရော၊ ကားရဲ့ကြံ့ခိုင်မှု၊ လုံခြုဘေးကင်းမှုကို မစစ်ဆေးဘဲ ပြန်ထွက်မယ့်ကားနဲ့ အဲ့ဒီကားကို ထွက်ခွင့်၊ ပြေးဆွဲခွင့်ပေးတဲ့ အသင်းတို့ရဲ့ ပေါ့ဆမှုကို ချက်ချင်းမြင်ရတယ်။

တစ်ဆက်တည်းမှာပဲ ခရီးသည်တွေ အများကြီးရဲ့အသက်တွေကိုထမ်းပိုးပြီး သွားနေတဲ့ခရီးလမ်းမျိုး၊ မော်တော်ယာဉ်မျိုးကို ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် မစဉ်းစားဘဲ၊ ကားရဲ့ ကြံ့ခိုင်၊ လုံခြုံရေးကို မစစ်ဆေးဘဲ ထွက်ခွင့်ပေးတဲ့ ကားအသင်းတာဝန်ရှိသူတွေရဲ့ပေါ့ဆမှု၊ ယာဉ်လိုင်းတွေ၊ အသင်းတွေကို စီမံခန့်ခွဲတဲ့ အာဏာပိုင်အဖွဲ့၊ အစိုးရဌာနနဲ့ မော်တော်ယာဉ်နဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဥပဒေတွေရဲ့ အားနည်းချက် စတာတွေကို တစ်ဆင့်ပြီးတစ်ဆင့် မြင်ရတယ်။

တကယ်တမ်းချုပ်ပြောရရင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းရဲ့ ပေါ့ဆမှုက အခရာပဲ။ ယာဉ်မောင်းလိုင်စင် ခွင့်ပြုတဲ့နေရာကနေ အများပြည်သူသုံး လမ်းမတွေပေါ်ကို ဘီးစလှိမ့်တဲ့အချိန်ကစပြီး မဖြစ်မနေ လိုက်နာရမယ့်စည်းကမ်း၊ ဥပဒေတွေက ခေတ်နဲ့လျော်ညီအောင် အမြဲမပြတ် ဆန်းစစ်သုံးသပ်၊ ပြင်ဆင်နေရမယ်။ ဥပဒေနဲ့ မညီတာမှန်သမျှ ခွင့်ပြုမပေးရဘူး။ ဥပဒေ စည်းကမ်း လိုက်နာနေအောင်လည်း အမြဲမပြတ် ပညာပေး၊ စစ်ဆေး၊ ဆွေးနွေး၊ နားချ၊ အရေးယူ အပြစ်ပေးမှုတွေ ရှိနေရမယ်။

မြန်မာပြည်မှာဖြစ်တဲ့ ယာဉ်မတော်တဆ တိမ်းမှောက်မှုတွေ၊ ယာဉ်တိုက်မှုတွေ၊ ယာဉ်မီးလောင်မှုတွေကြောင့်သေဆုံး၊ ဒဏ်ရာရဖြစ်စဉ်တွေကိုကြည့်လိုက်ရင် ခရီးသည်တွေရဲ့ ပေါ့ဆမှုထက် စောစောကပြောတဲ့ သက်ဆိုင်ရာ အဆင့်ဆင့်အလိုက် တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုက ပိုများတာတွေ့ရမယ်။

နိုင်ငံတကာမှာ ယာဉ်မောင်းလိုစင်ရဖို့ တစ်ကြိမ်တည်းနဲ့ ဘယ်လိုမှ မအောင်နိုင်တဲ့စနစ်မျိုး၊ စစ်ဆေးမှုမျိုးနဲ့ ယာဉ်မောင်းလိုင်စင်ရဲ့ အဆင့်အတန်းကို မြှင့်ပေးထားတဲ့မူဝါဒ သုံးနေတဲ့အချိန် မြန်မာပြည်မှာ မနေ့တစ်နေ့ကမှ ကားမောင်းတတ်တဲ့သူက လိုင်စင်ချက်ချင်းရတဲ့စနစ် သုံးနေဆဲပဲ။

ခရီးသည်တင်ယာဉ်တွေ မောင်းမယ့်သူတွေအတွက် လိုင်စင်ဆိုရင် မောင်းမယ့်သူရဲ့စိတ်ရှည်သည်းခံစိတ်၊  ဆင်ခြင်တုံတရား၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကျေညက်လိုက်နာမှု၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု စတာတွေကအစ အဆင့်ဆင့် စစ်ဆေးပြီးမှ ယာဉ်မောင်းလိုင်စင်ထုတ်ပေး၊ လိုင်စင် အဆင့်တင်ပေးတယ်။ 

မြန်မာပြည်မှာတော့ နှစ်ရက်တစ်ပိုင်းလောက် ယာဉ်နောက်လိုက်ုပ်ဖူးတဲ့သူတွေက ဧရာမ ဘတ်စ်ကားကြီတွေ၊ ခရီးသည်တင် အဝေးပြေးကားကြီးတွေ တက်မောင်းနေကြတယ်။ များသောအားဖြင့် စည်းကမ်းအချိုးဖောက်ဆုံး၊ ယာဉ် မတော်တဆ ထိခိုက်မှု အများဆုံးကလည်း ယာဉ်မောင်းသက် သိပ်နုသေးတဲ့သူတွေပဲ။ အတွေ့အကြုံနည်းသေးတဲ့အပြင် စည်းကမ်းကလည်းမရှိ စိတ်ကိုလည်း မထိန်းနိုင်ကြတော့ ယာဉ်မတော်တဆမှု၊ ယာဉ်တိုက်မှုတွေ သိပ်ကို များလာတယ်။

ခရီးသည်တွေအတွက် အကျိုးဆက်က ကားတစ်ခုခုဖြစ်ရင် ကိုယ့်သေလမ်းကိုကိုယ့်ဘာသာ ပိုက်ဆံပေးပြီး ထွက်ရှာနေကြရတဲ့လူတွေလို ဖြစ်လာတယ်။ နယ်မှာဆို မော်တော်ဆိုင်ကယ်မှောက်လို့၊ ကားနဲ့တိုက်မိလို့ သေတဲ့လူဦးရေက တဖြည်းဖြည်း တိုးလာတယ်။

ပုံမှန်အားဖြင့် မော်တော်ဆိုင်ကယ်ကို သတ်မှတ်ခံနိုင်ရည်ရှိတဲ့ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားရင် အထိအခိုက် သက်သာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မော်တော်ဆိုင်ကယ် မတော်တဆမှုကြောင့် သေဆုံးသူ အများစုက ခေါင်းနဲ့ လမ်း ဒါမှမဟုတ် တစ်ခုခုနဲ့တိုက်ပြီး အသက်ဆုံးကြသူ များနေလို့ပဲ။

ကားမှာကျတော့ ယာဉ်မောင်းသူ၊ ယာဉ်စီးသူအားလုံး ထိုင်ခုံခါးပတ်ပတ်ရင် အတောအသင့် မတော်တဆမှုလောက်တော့ အန္တရာယ်မဖြစ်အောင် အကာအကွယ်ပေးတယ်။ အခုမြန်မာပြည်မှာ ယာဉ်မတော်တဆမှုဖြစ်တိုင်း အသက်ဆုံးရှုံးနေကြတာက စောစောပိုင်းက အပန်းမကြီးတဲ့ကိစ္စလေးတွေ ပျက်ကွက်လို့ ပေါ့ဆလို့ ဆိုတဲ့အချက်က အဓိက ဖြစ်နေတယ်။
ဒါကိုတတ်နိုင်သလောက် လျှော့ချဖို့၊ အကာအကွယ်ပေးဖို့ဆိုရင် ဥပဒေတွေ သေချာပြန်ပြုပြင်ရေးဆွဲရမယ်။ အဲဒီဥပဒေတွေအတိုင်း အတိအကျ လိုက်နာရမယ်။ လိုက်နာလာအောင် တာဝန်ရှိသူတွေက ကြီးကြပ်၊ ထိန်းမတ်၊ အရေးယူရမယ်။ အသက်အရွယ်အလိုက်၊ အတန်းစဉ်အလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ယဉ်ပါးနေအောင် ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်ပေးရမယ်။ ယာဉ်မောင်းလိုင်စင် ထုတ်ပေးတဲ့စနစ်၊ ယာဉ်မောင်းလိုင်စင်ဖြေဆို၊ စစ်ဆေးတဲ့စနစ်တွေကို အခုထက်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမယ်။


အဲလိုမလုပ်ဘဲ ဖမ်းဆီး၊ ဒဏ်ရိုက်၊ လိုင်စင်သိမ်း၊ ပြစ်ဒဏ်တိုး၊ တစ်နှစ်တစ်ခါလောက် ကျောင်းတွေသွားပြီး အလုပ်သဘောဆန်ဆန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးနေတဲ့ ပုံစံခွက်ထဲက မထွက်နိုင်သေးရင် တန်ဖိုးရှိတဲ့ လူ့အသက်တွေ၊ အချိန်၊ ငွေ၊ လုပ်အားတွေ အလဟဿ ဆုံးရှုံးနေဦးမှာပဲဆိုတာ သိစေချင်လို့ပါ။

အယ်ဒီတာ (၃၀-၃-၂၀၁၉)