POST TYPE

EDITORIAL

အမှိုက်တွေကြားကစိန်ခေါ်သံ (Daily, Vol-6/No-293)
19-Mar-2019

ယခုတလော အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာ စိန်ခေါ်သံတွေ တဖြည်းဖြည်း ကျယ်လာတာတွေ့ရပြီး ယင်းစိန်ခေါ်သံကို မြန်မာပြည်တွင် တစ်ရံမလပ်ကြားချင်ပါသည်ဟု ဦးစွာပြောလိုပေသည်။ အကြောင်းမှာ ရန်ကုန်မှာရော၊ တစ်နိုင်ငံလုံးမှာရော နေရာတိုင်းမှာပါ မတွေ့ချင် မမြင်ချင်အဆုံး ဖြစ်နေသည့် အမှိုက်များကိုစိန်ခေါ်ပြီး ရှင်းလင်းကြသည့်ကိစ္စဖြစ်နေ၍ပင်။

လူငယ်လေးတစ်ဦးက သူ၏ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည့် အမှိုက်ပုံတစ်ခုကို မရှင်းခင်နှင့် ရှင်းလင်းပြီးပုံနှစ်ခုတင်ကာ ၎င်းအနေနှင့် အဆိုပါအမှိုက်ပုံကိုစိန်ခေါ်ပြီး ရှင်းခဲ့ကြောင်း ပို့စ်တင်ခဲ့သည်။ အဆိုပါလူငယ်၏ ပို့စ်ကိုအများကဝိုင်းပြီး Share ကြရင်း မြို့ကြီးတချို့ကို ပျံ့သွားရာက နာမည်ရလူငယ်အနုပညာရှင်တချို့ပါ ပူးပေါင်းပါဝင်လာကာ ယင်းစိန်ခေါ်သံ တဖြည်းဖြည်းချင်း ကျယ်လောင်လာခဲ့ပေသည်။

Cleanup Challenge ဟုခေါ်သော ဒီအမှိုက်သန့်ရှင်းရေး စိန်ခေါ်မှုကို လူငယ် တစ်ယောက်စ နှစ်ယောက်စ လက်ခံရာကနေ ယခုဆိုလျှင် လူခြောက်ဆယ်လောက်အထိ လက်ခံပြီး အမှိုက်ကိုစုပေါင်းရှင်းလင်းကြ၊ မရှင်းခင်နဲ့ ရှင်းပြီးပုံတွေ အွန်လိုင်းလူမှုကွန်ရက်ပေါ် တင်ကြနှင့် အပြိုင်အဆိုင် ပြုလုပ်လာကြသည်မှာ လွန်စွာ အားရကြည်နူးစရာ ကောင်းလှပေသည်။

ဤနေရာတွင် ပြောချင်သည်မှာ ထိုကဲ့သို့ စိန်ခေါ်မှုကို စတင်ခဲ့သည်မှာရော၊ ယင်းစိန်ခေါ်မှုကို လက်ခံပြီးနောက်ကနေ ဆင့်ပွားစိန်ခေါ်ကြ၊ လက်ခံပြီး အမှိုက်ရှင်းကြသူ အားလုံးမှာ လူငယ်တွေချည်းသာ ဖြစ်နေခြင်းပင်။ ဆိုရလျှင် ယင်းကိစ္စသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာကောင်းသလို အနာဂတ်မြန်မာ့လူ့အဖွဲ့အစည်းအတွက်လည်း လွန်စွာ အားတက်စရာကောင်းလှပေသည်။

လူငယ်ဟူသည် တက်ကြွခြင်း၊ ဖျတ်လတ်ခြင်း၊ နိုးကြားခြင်း၊ မဟုတ်မခံစိတ်ရှိကာ အမှန်တရားကို မြတ်နိုးခြင်း၊ လက်တွေ့ဆန်ခြင်းစသည့် သဘောသဘာဝတို့နှင့် ပြည့်စုံသူများ ဖြစ်ကြသည်။ အမှားအမှန်နှင့် အကောင်းအဆိုး ခွဲခြားနိုင်သော အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရားသာ ပေါင်းစပ်ပေးလိုက်နိုင်မည်ဆိုပါက မြန်မာ့လူ့အဖွဲ့အစည်းအတွက် မည်သို့သော စိန်ခေါ်မှုမျိုးကိုမဆို လက်ခံရင်ဆိုင်နိုင်ပြီး အောင်မြင်စွာ ကျော်လွှားနိုင်မည်သာပင်ဖြစ်ပေသည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ဧည့်တိုင်းတိုင်းလိုလို ဖော်ရွေမှုရှိကာ ကူညီရိုင်းပင်စိတ်ရှိသည့် မြန်မာပြည်သူများ နှစ်သက်သဘောကျကြသလို လှပသာယာသည့် သဘာဝ ပတ်ဝန်းကျင်နှင့် ရင်သပ်ရှုမောဖွယ် ရိုးရာ အမွေအနှစ် အလှအပတရားများကိုလည်း လွန်စွာ စိတ်ဝင်တစား ရှိကြပေသည်။ သို့သော် စည်းကမ်းမဲ့ စွန့်ပစ်သည့် အမှိုက်သရိုက်များ၊ ကွမ်းတံတွေးများ၊ ကျင်ကြီးကျင်ငယ်နံ့များ ဟောင်နေသော နေရာများကြောင့် နိုင်ငံခြားသားဧည့်သည်များရှေ့တွင် ရှက်စရာ သိက္ခာကျစရာ ဖြစ်နေရပေသည်။

ရှေးလူကြီးများ ဆိုစကားအရ ပြောပါက မျက်နှာမှာ သနပ်ခါး အဖွေးသား လိမ်းကျံထားခြင်းကြောင့် တင့်တင်တယ်တယ်ဖြစ်နေသော်လည်း ခန္ဓာကိုယ်မှာ ချေးအလိမ်းလိမ်း ပေကျံပြီးနံဟောင်နေသည့် မိန်းကလေးတစ်ဦးနှင့်ပင် အလားသဏ္ဍာန်တူနေသည်ဟုဆိုရပေမည်။

ယခုလို လူမှုတာဝန်သိပြီး စေတနာ့ဝန်ထမ်းစိတ်၊ မိမိပတ်ဝန်းကျင် ကောင်းမွန်စေလိုသော စိတ်အပြည့်အဝရှိကြသည့် လူငယ်များ၏ အဆိုပါ စိန်ခေါ်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနှင့် မသိချင်ယောင်ဆောင်မနေဘဲ အသိအမှတ်ပြုသင့်ပေသည်။ သက်ဆိုင်ရာ စည်ပင်သာယာရေး အာဏာပိုင်အဖွဲ့များက ပံ့ပိုးကူညီပေးမည်ဆိုပါက ထိုသို့သော စိန်ခေါ်သံများ တစ်ပြည်လုံး အတိုင်းအတာနှင့် သောသောညံလာကာ နောက်ဆုံးတွင် သန့်ရှင်းသာယာလှပသည့် ပတ်ဝန်ကျင်ကောင်းတစ်ခုကို ဖန်တီးနိုင်မည်မဟုတ်ပါလော။

သို့အတွက်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စိန်ခေါ်သံ ကျယ်ကျယ်ကြားရအောင် မီဒီယာတွေကတစ်ဆင့် ပဲ့တင်ထပ်၊ အသံချဲ့ပေးပြီး တစ်နိုင်ငံလုံးက သတ္တိကောင်းသည့်လူငယ်၊ လူလတ်၊ လူကြီးတွေပါမကျန် စိန်ခေါ်မှုကိုလက်ခံကာ အမျိုးသားအဆင့် အမှိုက်ရှင်းလင်းရေးမှု စိန်ခေါ်ပွဲကြီးတစ်ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပစေချင်မိပေသည်။

သို့သော်လည်း သတိပြုရမှာက အမှိုက်ပုံကို ဒီလိုစိန်ခေါ်ပြီးရှင်းလိုက်ရုံနဲ့ တစ်ခါတည်း သန့်ရှင်းတောက်ပြောင်တဲ့ မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာတွေ ဖြစ်မသွားနိုင်သည့်အချက်ပင်။လူအများ၏ စည်းမဲ့ ကမ်းမဲ့ တွေ့ကရာ အမှိုက်ပစ်တတ်သည့် အကျင့်စရိုက်ဆိုးကို မပြုပြင်နိုင်သေးသမျှ ထိုသို့သော စိန်ခေါ်သံများကို ထပ်ကြားနေရဦးမည်သာပင်ဖြစ်သည်။

အရေးကြီးသည့် အချက်မှာမူကြို၊ မူလတန်းအဆင့်ကနေ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ်အဆင့်အထိ ပညာရေး သင်ခန်းစာတွေမှာ စာတွေ့၊ လက်တွေ့ အမှိုက် စနစ်တကျ စွန့်ပစ်ရန်စည်းကမ်းလိုက်နာကြရန် စသည့်အချက်တွေ ပါဝင်သော ပြည်သူ့နီတိကို ထည့်သွင်းပေးပြီး ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ဟန်ချက်ညီနေအောင် ပြုပြင်ပြောင်းလဲပေးရေးပင်ဖြစ်သည်။

သို့အတွက် လွှတ်တော်၊ အစိုးရနှင့် ပြည်သူ ပူးပေါင်းမှရမည်ဖြစ်သည်။ နိုင်ငံအချို့တွင် အစိုးရများက ထက်မြက်ထူးချွန်သည့်အတွက် ပြည်သူကို ၎င်းတို့ လိုချင်သည့် အဆင့်အတန်းအထိ မြင့်တက်လာအောင် မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်းတွေချပြကာ ဆွဲခေါ်မြှင့်တင်ပေးနိုင်ပေသည်။ အချို့နိုင်ငံများတွင်မူ ထက်မြက်ထူးချွန်ပြီး နိုင်ငံကြီးသား ပီသသော လူငယ်တွေက လူမှန် နေရာမှန်မဖြစ်ဘဲ အပျင်းထူနေသည့် အစိုးရအာဏာပိုင်များကို လှုပ်နှိုးပေးတတ်ကြသည်။

မြန်မာပြည်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံက ကနဦးနိဒါန်း ချီပေးခဲ့သော်လည်း အချိန်တော်တော်ကြာငိုက်မြည်း၊ မိန်းမောနေခဲ့ကြသည့် အစိုးရတာဝန်ရှိသူများနှင့် လူကြီး၊ လူလတ်ပိုင်းများမှာ လူငယ်များ၏ အမှိုက်သန့်ရှင်းရေး စိန်ခေါ်သံနှင့်ကျမှ လန့်နိုးလာတော့သည်ဟု ဆိုရပေမည်။ မည်သူတွေ အိပ်ငိုက်နေရာက လန့်နိုးလာမည်၊ မည်သူတွေ အိပ်ချင်ယောင်ဆောင်နေမည် မည်သူတွေ ဘယ်လောက်အထိ စိန်ခေါ်မှုကို လက်ခံလာကြမည်ဟူသည်ကို စောင့်ကြည့်ရမည်သာ ဖြစ်ပေသည်။

အယ်ဒီတာ (၁၈-၃-၂၀၁၉)