News

POST TYPE

EDITORIAL

လူကြီးတွေထက် တော်သည့် မျိုးဆက် (Daily, Vol-6/No-289)
14-Mar-2019

တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲများ ယမန်နေ့က ပြီးဆုံးသွားပြီ ဖြစ်ပါသည်။ စာမေးပွဲတွင် ဖြေနိုင်သည်ဖြစ်စေ၊ မဖြေနိုင်သည်ဖြစ်စေ ဖြေဆိုခဲ့သူ သား၊ သမီးများကို မိဘ၊ ဆရာသမားများက ဂုဏ်ထူးမှတ်များဖြင့် အောင့်မြင်လိုစိတ် အပြည့်အဝ ရှိခြင်းသည် လောကဓမ္မတာတစ်ခုလိုပင် ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲသည် လွန်စွာမှ နတ်ကြီးသော အရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်သည်ဟု ခေတ်အဆက်ဆက် မိဘ၊ ဆရာများက သတိပေးလေ့ရှိခဲ့ကြသည်မှာ ယင်းစာမေးပွဲဖြေဆိုမှုမှ ထွက်ပေါ်လာမည့်ရလဒ်သည် မြန်မာ့ပညာရေးစနစ်အရ လူတစ်ဦး၏ဘဝလမ်းကြောင်းတစ်ခု ဖြောင့်ဖြူးနိုင်ခြင်း ရှိ၊ မရှိက အတိုင်းအတာတစ်ခုအထိ ပုံဖော်ပေးနိုင်ခြင်းကြောင့်ဖြစ်ပေသည်။

တော်လှန်ရေးကောင်စီ အစိုးရတက်လာသည့် ၁၉၆၂ ခုနှစ်၊ ထိုစဉ်က ယင်းကောင်စီအစိုးရ၏ ပညာရေးတာဝန်ခံဟုဆိုသူက မြန်မာ့ပညာရေးကို အမြစ်မှလှန်ပစ်မည်ဟု ကြုံးဝါးခဲ့သည့်အချိန်မှစ၍ ဆယ်စုနှစ်ငါးခုတာကာလအတွင်း ဆိုးရွားသည့် အပြောင်းအလဲ များစွာသာမက မြေစမ်းခရမ်းပျိုးသဘော စမ်းသပ်မှု အမျိုးမျိုး ပြုလုပ်ခြင်းခံခဲ့ရသည့် မြန်မာ့ပညာရေးသည် ယနေ့အထိ ကမ္ဘာပေါ်တွင် နွမ်းပါးနိမ့်ကျသည့်အဆင့်တွင် ရှိနေဆဲပင်ဖြစ်ပေသည်။
နိုင်ငံရေးအကြောင်းပြောသည့် မိတ်ဆွေ အပေါင်းအသင်းများ၏ စကားဝိုင်း အများစုတွင်မူ မြန်မာ့ပညာရေးသည် စနစ်တကျ ဖျက်ဆီးခံထားရသည်ဟူသော သုံးသပ်ချက်မျိုး ထွက်လေ့ရှိသည်ကို စာဖတ်သူများ နားရည်ဝနေပြီးဖြစ်နေပါလိမ့်မည်။

ပညာရေးနှင့်ပတ်သက်၍ပြောလျှင် စစ်ဗိုလ်ဖြစ်မှ၊ ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ ပညာတတ်စာရင်း အမှန်တကယ် ဝင်မည်၊ တစ်နည်းအားဖြင့် ပို၍လူရိုသေ၊ ရှင်ရိုသေခံရမည်ဟူသည့် အတွေးအခေါ်ထက် သက်ဆိုင်ရာ ဘာသာရပ်၊ ပညာရပ်အလိုက် ထူးချွန်တတ်မြောက်မှုရှိပြီး မိမိလူ့အဖွဲ့အစည်း၏ အကျိုးကိုထိရောက်စွာ အကျိုးပြုနိုင်မည်ဆိုပါက တန်ဖိုးရှိသူ ဖြစ်သည်ဟူသော အတွေးအခေါ်မျိုး နိုင်ငံသားတိုင်းတွင်ရှိနေရန်လိုအပ်ပေသည်။

မြန်မာ့ပညာရေးအပေါ် မည်သို့သော ဝေဖန်မှုအမျိုးမျိုး ရှိနေခဲ့စေကာမူ လက်ရှိအချိန်သည် ပြစ်တင်ဝေဖန်ရမည့်အချိန်မဟုတ်ဘဲ နောင်မျိုးဆက်သစ်များ ပညာရေးစနစ်ကောင်း ရရှိနိုင်ရေးနှင့် ၎င်းတို့ဝါသနာပါရာ၊ ယုံကြည်ရာ ဘာသာရပ်၊ ပညာရပ်အလိုက် အညွှန့်တက်နိုင်မည့် ပတ်ဝန်းကျင်နှင့် အလုပ်အကိုင်များ ပေါ်ထွန်းရေးအတွက် မျိုးဆက်ဟောင်းများက တတ်စွမ်းသလောက် ကြိုးပမ်းပေးရတော့မည့်အချိန်ဖြစ်ပေသည်။

ကွယ်လွန်သူ စာရေးဆရာကြီး ဦးအောင်သင်းက နိုင်ငံတစ်နိုင်ငံတွင် ကလေး(လူငယ်)များ ညံ့နေပြီဆိုပါက ယင်းနိုင်ငံ၌ ကလေးထက် ညံ့သော လူကြီးများ ရှိနေသည်မှာ သေချာသည်ဟု ပညာရေးနှင့်ပတ်သက်၍ သတိပေးခဲ့ဖူးပေသည်။ မြန်မာနိုင်ငံတွင် အိမ်နီးချင်း အာဆီယံသာမက ကမ္ဘာ့နိုင်ငံကြီးများနှင့် ပခုံးချင်း ယှဉ်နိုင်စွမ်းရှိသည့် မျိုးဆက်သစ်များ၊  လူကြီးတွေထက် ပိုမိုးချွန်ထက်မြက်သည့် မျိုးဆက်များ မွေးထုတ်ပေးနိုင်ရေးအတွက် မြေစမ်းခရမ်းပျိုးသဘောမျိုးမဆောင်သည့် အမျိုးသားပညာရေးစနစ်ကောင်းတစ်ရပ် ပေါ်ပေါက်ရန် ဝိုင်းဝန်းအကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၁၃-၃-၂၀၁၉)