News

POST TYPE

EDITORIAL

ထားဝယ်ခရိုင် တရားမဝင် ကုန်သွယ်မှုတားဆီးရေး အထူးအဖွဲ့ အလုပ်မဖြစ်ဟုဝေဖန်
12-Mar-2019
ထားဝယ်၊ မတ် ၁၂

ယမန်နှစ်က စတင်ဖွဲ့စည်းထားသည့် ထားဝယ်ခရိုင် တရားမဝင် ကုန်သွယ်မှု တားဆီးရေးအထူးအဖွဲ့က လုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်နိုင်မှု မရှိကြောင်း အထက်ပါအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်ကျော်ဦးက ဝေဖန်လိုက်သည်။

အဆိုပါ အထူးအဖွဲ့ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက ခရိုင်အလိုက် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး သက်ဆိုင်ရာဌာနများအပါအဝင် လူပုဂ္ဂိုလ် ၂၀ ဦးခန့် ပါဝင်သည်။

ယင်းအဖွဲ့ကို စတင်ဖွဲ့စည်းသည့်အချိန်က အစည်းအဝေးတစ်ကြိမ် ခေါ်ယူခဲ့ဖူးပြီး နောက်ပိုင်းတွင် ခေါ်ယူဆွေးနွေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများ မတွေ့ရတော့ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

“ဒါနဲ့ ပတ်သက်ပြီးဆွေးနွေးမှုလည်းမရှိဘူး၊ သူတို့ဟာသူတို့ လုပ်နေတယ်ဆိုတာတော့ ကိုယ်မသိဘူးပေါ့နော်”ဟု ၎င်းက ပြောသည်။

ပထမအကြိမ်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ကုန်ပစ္စည်းများ သယ်ယူရာ၌ စာရွက်စာတမ်း လိုအပ်ချက်များကို ကုန်သည်များ၊ သယ်ယူပို့ဆောင်နေသည့် ကား၊ စက်လှေပိုင်ရှင်များအား အသိပညာပေးရန် အကြံပြုခဲ့ဖူးကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

အဆိုပါအဖွဲ့တွင် အုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ လဝက၊ သစ်တော၊ ငါးလုပ်ငန်း အစရှိသည့်ဌာနများမှ တာဝန်ရှိသူများ ပါဝင်ပြီး တိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ကျော်ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းဖြစ်သည်။

“အခုက အသိလည်းမပေးဘူး၊ ပြောလည်းမပြောဘူးဆိုတော့ အရင်တိုင်းပဲ သွားနေမှာပေါ့၊ ဖွဲ့သာဖွဲ့ထားတာ အလုပ်မဖြစ်ဘူး၊ ပိုနေမြဲ ကျားနေမြဲပါပဲ”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

ထားဝယ်ခရိုင် တရားမဝင် ကုန်သွယ်မှုတားဆီးရေး အထူးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးကမူ တရားမဝင် ကုန်ပစ္စည်း ပါမပါကို ယင်းအဖွဲ့ဖြင့် တစ်လလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ပုံမှန်စစ်ဆေးနေသည်ဟု ဆိုသည်။

“ဝန်ထမ်းတွေဖြစ်တဲ့အတွက် အလုပ်တော့ များတာပေါ့နော်၊ ပုံမှန်ကတော့ လုပ်တော့လုပ်နေတာပေါ့၊ ဒါကို တစိုက်မတ်မတ် လုပ်ဖို့ဆိုတာကလည်း အခြားအလုပ်တွေရှိတော့ အခါအားလျော်စွာတော့ စစ်ဆေးတာပေါ့”ဟု ဦးအောင်စိုးမိုးက တုံ့ပြန်သည်။

အထက်ပါအထူးအဖွဲ့၏ လုပ်ငန်းတာဝန်များကိုလည်း ထုတ်ပြန်ထားသည်။

ခရိုင်အထူးအဖွဲ့အနေနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို တိုင်းဒေသကြီး တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီးရေး ကွပ်ကဲမှုကော်မတီထံ နှစ်ပတ်လျှင်တစ်ကြိမ် အစီရင်ခံစာတင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ခရိုင်အထူးဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို တိုင်းကော်မတီထံ လစဉ်ပေးပို့နေကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။

တရားမဝင် ကုန်သွယ်မှုတားဆီးရေး အထူးအဖွဲ့များကို သက်ဆိုင်ရာ ခရိုင်အလိုက် ဖွဲ့စည်းထားသည်။

Dawei Watch