News

POST TYPE

EDITORIAL

စနစ်သစ်အတွက် စဉ်းစားပုံအဟောင်းများ ပြောင်းလဲချိန်တန် (Daily, Vol-6/No-283)
06-Mar-2019

တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းများကို ပုံစံသစ်ဖြင့် ပြောင်းလဲလိုက်ခြင်းသည် ကျောင်းသားများ၏ ကိုယ်ပိုင်တွေးခေါ် စဉ်းစားဆင်ခြင် သုံးသပ်နိုင်စွမ်းကို စမ်းသပ်ပေးနိုင်သည့်အတွက် ကြိုဆိုအပ်သည်။

သို့သော် ယခုစာသင်နှစ်အတွင်း ၎င်းတို့အား မည်သို့ လေ့ကျင့်သင်ကြားပေးထားသနည်း၊ ထိုသင်ကြားပေးရမညို့်ဆရာ၊ ဆရာမများ၏ အရည်အချင်းများကို စာမေးပွဲပုံစံသစ်နှင့် ကိုက်ညီစေရန် မည်မျှ အချိန်ယူ လေ့ကျင့်မြှင့်တင်ပေးထားသနည်းဆိုသော မေးခွန်းများမေးရန်ရှိလာသည်။

မြန်မာနိုင်ငံသည် ယနေ့အချိန်အထိ သင်ရိုးညွှန်းတမ်းများကို အနုလုံ ပဋိလုံ နားလည်သဘောပေါက်စေရန်ထက် စာမေးပွဲတွင်အမှတ်များများရစေရန် ပုံစံကျ စကေးကိုက် နည်းလမ်းများဖြင့် အလွတ်ကျက်၊ အသေမှတ်ခြင်းကိုသာ သင်ကြားပေးနေဆဲဖြစ်ရာ လက်ရှိမေးခွန်းပုံစံသစ်နှင့် သင်ကြားနည်းအဟောင်းတို့ သဟဇာတဖြစ်ရန် ခက်ခဲနိုင်ပေသည်။

သို့သော် မေးခွန်းများသည် ကျောင်းသားတို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဖောက်ထွက်တွေးနိုင်မှု၊ တစ်ခုထက်ပိုသောအဖြေနှင့် နည်းလမ်းများ ရှာဖွေပေးနိုင်သော အရည်အချင်းတို့ကို ဆွဲထုတ်ပေးနိုင်စေမည့် လွယ်ကူရိုးရှင်းသော မေးခွန်းများဖြစ်ရန်လိုပေသည်။

ထို့အပြင် ကျောင်းသူ၊ ကျောင်းသားများအနေနှင့် ယခု တက္ကသိုလ်ဝင်တန်း စာသင်နှစ်တစ်ခု သာမက အဆင့်ဆင့် ဖြတ်သန်းလာခဲ့သော အတန်းစဉ်တစ်လျှောက် သင်ကြားထိတွေ့လာခဲ့သော သင်ကြားနည်းစနစ်၊ စာမေးပွဲပုံစံ၊ လက်တွေ့ဆောင်ရွက်မှုတို့ အကူအပံ့မရှိဘဲ ယခုစာမေးပွဲတွင်မှ ပုံစံသစ်မေးခွန်းများနှင့် ရုတ်ခြည်း ထိတွေ့ရလျှင်လည်း ရှောရှူစွာဖြေဆိုရန် ခက်ခဲနိုင်သည်။

စင်စစ်အားဖြင့် စာမေးပွဲတို့မည်သည် စာသင်နှစ်တစ်နှစ်လုံး သင်ကြားလေ့လာခဲ့သော သင်ခန်းစာများ၊ လက်တွေ့လုပ်ငနးများကို ကျောင်းသူ၊ကျောင်းသားများ မည်မျှ နားလည်သဘောပေါက်သည်၊ မည်သို့ ကိုယ်ပိုင်တွေးခေါ် သုံးသပ်ဆင်ခြင်နိုင်သည်၊ မည်သို့ ထုတ်နုတ်အသုံးပြုနိုင်သည်ဆိုခြင်းကို စစ်ဆေးတိုင်းတာခြင်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် အခြေခံပညာအဆင့်မှ အတန်းစဉ်အလိုက် စာမေးပွဲအားလုံးမှာ သင်ကြားသော သင်ခန်းစာများက ကိုယ်ပိုင် ဆင်ခြင်သိဖြင့် နားလည်သဘောပေါက်ရန်၊ ပိုင်နိုင်တတ်ကျွမ်းရန်ထက် စာမေးပွဲအောင်သော၊ အမှတ်များသော ကျောင်းသူ၊ကျောင်းသားများကိုသာ မွေးထုတ်ပေးသကဲ့သို့ ဖြစ်နေသည်။

မြန်မာ့ပညာရေးစနစ်သည် အလွတ်ကျက် အာဂုံဆောင်စေခြင်း၊ ပုံသေကား ကျမှတ်ယူစေခြင်း၊ ဆရာက တစ်ဖက်သတ် သင်ကြားပို့ချပေးခြင်း တစ်နည်းအားဖြင့် လုံးစေ့ပတ်စေ့ အရသာမသိဘဲ ဗိုက်ပြည့်စေရန်သက်သက် ထမင်းကိုဝါးပြီး ခွံ့ကျွေးသည့်ပုံစံမျိုးများသာ ဖြစ်နေခြင်းကြောင့် ပြန်လှန် မေးခွန်းထုတ်ခြင်း၊ စောဒကတက်ခြင်း၊ အခြားနည်းလမ်းဖြင့် အဖြေရှာခြင်းတို့ ဆိတ်သုဉ်းလုနီး ဖြစ်နေခဲ့သည်။
ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများ၊ ဆရာဖြစ် သင်တန်းများသည်လည်း များသောအားဖြင့် ပုံစံဟောင်း သို့မဟုတ် ဥခွံအဟောင်းအတွင်းရှိ  ပညာရေးစနစ် အဟောင်းနှင့် အသားကျလာခဲ့သူ အများစုဖြစ်နေသောကြောင့် မိမိတို့ သားသမီးများကို အတန်းမှန်မှန် တက်သွားရေး၊ စာမေးပွဲအောင်မြင်ရေး၊ အမှတ်များများရရှိရေး၊ ဝင်ငွေကောင်းသော အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဝင်ခွင့်ရရှိရေးကိုသာ ဇောင်းပေးလာခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ အမြန်ကမ္ဘာကြီး၏ အလျင်နှုန်းကို အမီလိုက်နိုင်ရန်မှာ ပညာရေးက အခရာကျနေသောကြောင့် မှတ်ဉာဏ်ကိုဦးတည်သော သင်ကြား၊ စစ်ဆေး၊ အကဲဖြတ်သည့်ပုံစံမျိုးမှ ကိုယ်ပိုင်တွေးခေါ်၊ စဉ်းစား၊ ဆင်ခြင်၊ ဆန်းစစ်၊ သုံးသပ်နိုင်စွမ်းက အားပေးသော ပုံစံသို့ မဖြစ်မနေ ကူးပြောင်းရမည် ဖြစ်သောကြောင့် ကျောင်းသား၊ ဆရာနှင့် မိဘ သုံးဦးသာမက မူဝါဒချမှတ်၊ ဆုံးဖြတ်သူများလည်း ရှုထောင့်သစ်မှ ပြောင်းကြည့်ချိန် တန်ပြီဖြစ်ကြောင်း အကြံပြု တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ(၆-၃-၂၀၁၉)