News

POST TYPE

EDITORIAL

ပြည်သူ့ခေတ်ထဲမှာ မျက်နှာကြီးရာ ဟင်းဖတ်မပါစေချင် (Daily, Vol-6/No-280)
03-Mar-2019
ယမန်နေ့က လူသိများသော စင်ကာပူသတင်းစာတစ်စောင်ဖြစ်သည့် The Straits Times က Living Among The Dead ဟူသောခေါင်းစဉ်ဖြင့် ယင်းနိုင်ငံရှိ သုသာန်တစ်ခုတွင် ကြုံသလိုနေထိုင်ကြရသည့် မြန်မာအလုပ်သမားအချို့၏ လူမှုဘဝကို ဘဝသရုပ်ဖော် ဆောင်းပါးတစ်ခုအဖြစ် ရေးသားဖော်ပြခဲ့သည်ကို စိတ်မကောင်းစွာ ဖတ်ရှုလိုက်ရပေသည်။ ပို၍စိတ်မကောင်းစရာဖြစ်ရသည်မှာ ထိုသို့မြန်မာအလုပ်သမားများ သုသာန်တွင်နေထိုင်နေသည်ကို ရဲကသိသော်လည်း ယင်းနိုင်ငံတွင် သုဘရာဇာကဲ့သို့သော အလုပ်မျိုးလုပ်မည့်သူ ရှားပါးခြင်းကြောင့် မသိချင်ယောင်ဆောင်ကာ ခွင့်ပြုထားသည်ဟုဆိုထားခြင်းပင်။ 

မကြာသေးခင်က မြန်မာတို့၏ အိမ်နီးချင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ နာမည်ကြီး တံတားတစ်စင်းသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားများကို တရုတ်အာဏာပိုင်များက ရိုင်းပျစွာပြောဆိုခြင်း၊ ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ယူနန်ပြည်နယ်ထဲသို့ သွားရောက်မည့်သူများအကြား စိုးရိမ်ထိတ်လန့်ခဲ့ကြရပေသည်။

ထိုကြားထဲ သခင်စစ် ဆိုသည့်ကုမ္ပဏီက မြစ်ကြီးနား အခြေစိုက်သတင်းထောက်နှစ်ဦးအပေါ် သတင်းရေးသားမှုအပေါ် မကျေနပ်၍ တစ်ဦးကို ထိုင်ထလုပ်ခိုင်းခြင်း၊ နောက်တစ်ဦးက ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းတို့ ပြုလုပ်ခဲ့သူများအပေါ် ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းမျိုး မရှိသေးသည်မှာ နိုင်ငံသားများကို အကာအကွယ်ပေးနိုင်မှုနှင့်  ပတ်သက်၍ မေးစရာများ ဖြစ်လာစေသည်။ 

ထို့ပြင် ကချင်ပြည်နယ်ထဲသို့ ဝင်ရောက်ကာ တစ်သျှူးငှက်ပျောစိုက်ပျိုးနေသည့် တရုတ်ကုမ္ပဏီ၏ ပရမ်းပတာဆန်သော စိုက်ပျိုးမှုပုံစံကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိခိုက်ပျက်စီးမည်ကို ဒေသခံများ စိုးရိမ်မကင်း ဖြစ်နေရသည့်အတွက်လည်း သက်ဆိုင်ရာက ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။ အိမ်နီးချင်းနိုင်ငံမှ တရုတ်လူမျိုးများ မြန်မာနယ်နိမိတ်ထဲသို့ ဝင်ရောက်ကာ လက်နက်များဖြင့် ပြဿနာ ဖြေရှင်းမှုများ၊ ခြိမ်းခြောက်များ ပြုလုပ်သည့် သတင်းများ မကြာခဏ ထွက်ပေါ်လာသည်မှာလည်း ဒုစရိုက်မှု၊ ခိုက်ရန်ဖြစ်မှုဟုမည်သို့ပင် ခေါင်းစဉ်တပ်ကာ ပြောဆိုသော်ငြား အချုပ်အခြာအာဏာထိပါးသည်အထိ အပြစ်မြောက်ပေသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်းပင် မြန်မာသိ နိုင်ငံခြားသတင်းစာဆရာ ဘာတေးလ် လစ်တနာက “မြန်မာနိုင်ငံရှိ တောခေါင်ခေါင် တစ်နေရာတွင် ထူးခြားစွာ ပေါ်ထွက်လာသည့် တရုတ်မြို့တစ်မြို့”ဟူသည့်ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးပြီး ထိုင်း - မြန်မာ နယ်စပ်အနီး မြန်မာဘက်အခြမ်းရှိ ရွှေကုက္ကိုမြို့တွင် တရုတ်တို့ ဝင်ရောက်အခြေချလာပုံများကို မီးမောင်းထိုးပြသွားသည်မှာ မျက်လုံးပြူးစရာပင် ကောင်းလှပေသည်။

မြန်မာတို့သည် ပြည်ပရောက်သည်ဖြစ်စေ၊ ပြည်တွင်း၌နေသည်ဖြစ်စေ ပြည်ပ နိုင်ငံသားများနှင့် အရေးကိစ္စတစ်ခုခုဖြစ်တိုင်း နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရတို့၏ အကာအကွယ်ပေးမှု မရရှိခဲ့သလောက်ပင် ဖြစ်ပေသည်။ ယခင်ခေတ်ကဆိုလျှင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနေနှင့် ထိုင်းနိုင်ငံသားတို့နှင့် ပြဿနာဖြစ်၍ ဘန်ကောက် အခြေစိုက် မြန်မာသံရုံးသို့ သွားရောက်တိုင်တန်းသောအခါ ထိုသို့သော လူစားမျိုးများ၏ ပြဿနာများဖြေရှင်းရန် သံရုံးလာဖွင့်ထားခြင်းမဟုတ်ဟုပင် သံရုံးမှဝန်ထမ်းများ၏ ငေါက်ငမ်းပြောဆိုခဲ့သည်အထိ ရှိခဲ့ဖူးပေသည်။

မြန်မာတို့သည ်ဒီမိုကရေစီခေတ်၊ တစ်နည်းအားဖြင့် ပြည်သူတွေ မျက်နှာရသည့်ခေတ်ကို အချိန်ကာလ ကြာမြင့်စွာ မျှော်လင့်ခဲ့ကြသည်။ ဒီမိုကရေစီ တိုက်ပွဲအတွက် အသက်ပေါင်းများစွာ၊ ဘဝပေါင်း များစွာ စတေးခဲ့ကြသည်။ သို့သော် ယနေ့အချိန်အထိ ပြည်သူလူထုမှာ အာဏာပိုင်နှင့်ဆက်ဆံရလျှင်လည်း မျက်နှာငယ်ရ၊ နိုင်ငံခြားသားနှင့်ဆက်ဆံရလျှင်လည်း မျက်နှာငယ်ရစမြဲဖြစ်နေဆဲပင်။ ပြည်နယ်၊ တိုင်းဒေသ တိုးတက်ရေး၊ နိုင်ငံတိုးတက်ရေးအတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို မလွဲမသွေ ကြိုဆိုကြရမည်ဖြစ်သော်လည်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုအကြောင်းပြုပြီး မိမိပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျလာနိုင်သူများအတွက်ဘီလူးစည်း လူ့စည်းကို ပီပီပြင်ပြင် နားလည်သဘောပေါက်အောင် ဖန်တီးပေးရန် လိုအပ်နေပြီဖြစ်ကြောင်း သတိပေးလိုရင်း ဖြစ်ပေသည်။

အယ်ဒီတာ (၃-၃-၂၀၁၉)