News

POST TYPE

EDITORIAL

မော်ရင်ဟိုနဲ့ ဆိုးရှားတို့အသင်းက ပေးတဲ့အတွေးစ (Daily, Vol-6/No-261)
10-Feb-2019

မြန်မာနိုင်ငံမှ ဘောလုံးအားကစား ပရိသတ်အများစု နှစ်သက်အားပေးကြတဲ့ မန်ချက်စတာယူနိုက်တက် (မန်ယူ) အသင်း နည်းပြ အပြောင်းအလဲဖြစ်ပြီးနောက် ယှဉ်ပြိုင်တဲ့ပွဲတွေမှာ နိုင်ပွဲတွေဆက်တိုက်မြင်တွေ့လာရတာနဲ့ ပတ်သက်ပြီး အများစုက နည်းပြသစ် အိုလီဂန်နာဆိုးရှားအပေါ် ချီးမွမ်းခန်းဖွင့်ကြတာကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်စိတ်ဝင်စားသူတွေ ကောင်းစွာသိကြမှာပါ။ မန်ယူအသင်းဟာ နည်းပြသစ် ဆိုးရှားလက်ထက်ရောက်မှ ခုလိုနိုင်ပွဲတွေ ရလာတာလား၊ ယခင်နည်းပြဟောင်း မော်ရင်ဟိုလက်ထက်တုန်းကရော နိုင်ပွဲတွေမရဖူးဘူးလားလို့မေးရင် မော်ရင်ဟိုလက်ထက်မှာ ဖလားတောင်သုံးလုံးအထိရခဲ့တာကို တွေ့ရပါမယ်။ 

ဒါပေမဲ့ မော်ရင်ဟိုနဲ့အသင်းရဲ့ အရေးပါတဲ့လူငယ်ကစားသမားတချို့ကြားက ဆက်ဆံရေးပြဿနာကြောင့် ဆိုးရှားမလာခင်ပွဲအတော်များများမှာ မန်ယူအနေနဲ့ ရှုံးပွဲတွေများပြီး အရှက်တကွဲ အကျိုးနည်းပုံစံဖြစ်ခဲ့ရပါတယ်။ အဲဒါကြောင့် နောက်ဆုံး မော်ရင်ဟိုမရှိတော့မှ၊ တစ်နည်းအားဖြင့် ဆိုးရှားရောက်လာတော့မှ မန်ယူအနေနဲ့ ဟိုးယခင်က ခြေစွမ်းမျိုးတွေပြန်ရလာတဲ့ သဘောမျိုး ပရိသတ်တွေအကြား ပြောမဆုံးပေါင်ဖြစ်နေကြတာပါ။ မော်ရင်ဟိုလောက် သဘောထား မတင်းမာဘူးလို့ ယူဆရတဲ့ ဆိုးရှားက လူငယ်ကစားသမားတွေကို သူတို့လုပ်ချင်တာလေးတွေ လုပ်ခွင့်ပေးလိုက်တဲ့အတွက်ကြောင့် အသင်းဟာ တက်တက်ကြွကြွနဲ့ အောင်မြင်တဲ့လမ်းကြောင်းပေါ်ကို ပြန်ရောက်လာတယ်လို့ပဲ ကောက်ချက်ချရမှာပါပဲ။ 

တကယ်တော့ မန်ယူအသင်းကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်မျိုးတွေဟာ ကစားသမား ၁၁ ဦးပါဝင်တဲ့ ဘောလုံးအသင်းတစ်သင်းမှာတင် ဖြစ်တတ်တာမဟုတ်ပါဘူး။ အခြားနိုင်ငံရေးနဲ့ စီးပွားရေးနယ်ပယ်က အသင်းအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းတွေမှာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စမျိုးပါပဲ။ ဦးဆောင်တဲ့သူနဲ့ နောက်လိုက်တွေကြားမှာ အသေးအဖွဲပြဿနာဖြစ်တာ၊ ဆက်ဆံရေးမပြေပြစ်တာကစပြီး နောက်ဆုံး အသင်းအဖွဲ့တစ်ခုလုံး ပြိုလဲသွားတဲ့အထိဖြစ်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေ မနည်းပါဘူး။ ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် လူကြီးနဲ့ လူငယ်ဆိုတဲ့ မတူညီတဲ့ မျိုးဆက်တွေအကြား သဟဇာတဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတော့ဘူးဆိုရင် အဲဒီအဖွဲ့အစည်းအနေနဲ့ ရလဒ်ကောင်းတွေကို ဖန်တီးနိုင်ခြေနည်းသွားပြီလို့ပဲ ဆိုရပါမယ်။ 

ဘောလုံးစကားနဲ့ပြောမယ်ဆိုရင် နောက်တန်းအားသန်တဲ့သူကို တိုက်စစ်မှူး လုပ်ခိုင်းပြီး၊ တောင်ပံအားသန်တဲ့သူကို ကွင်းလယ်ကစားခိုင်းတာမျိုးတွေ လုပ်နေမယ်ဆိုရင် အဲဒီအသင်းအဖွဲ့ကို ဦးဆောင်တဲ့ခေါင်းဆောင်အနေနဲ့ အတိတ်ကာလမှာ ဘယ်လိုမျိုးဆုတံဆိပ်တွေ၊ အမှတ်ကောင်းတွေပဲရခဲ့သည်ဖြစ်စေ ကိုယ့်အဖွဲ့အစည်း မပျက်ပျက်အောင် ဖျက်ဆီးနေသူလို့ပဲသတ်မှတ်ခံရမှာဖြစ်ပါတယ်။ 

အဲဒီထက်ပိုသတိထားရမှာက မိမိအတ္တတစ်ခုတည်းကိုသာရှေ့တန်းတင်ပြီး မိမိ၏ ဟဒယနဲ့ မကိုက်ညီတဲ့သူတွေကို အရည်အချင်းပြခွင့်မပေး၊ နေရာမပေးဘဲ ချောင်ထိုးထားတာမျိုးပါ။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက်ပြောရမယ်ဆိုလျှင် ဘယ် အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် မတူညီတဲ့မျိုးဆက်တွေကြားမှာ လူကြီးတွေဆိုတာ လူငယ်တွေအပေါ် အထင်အမြင်သေးလေ့ရှိပြီး လူငယ်တွေကလည်း လူကြီးတွေကို ခေတ်နှင့်ညီသည့် အတွေးအမြင်မရှိတဲ့သူတွေလို့ သဘောထားကြတာက များကြတာပဲ မဟုတ်ပါလော။ ခေါင်းဆောင်လူကြီးတွေဘက်က ကိုယ့်ကို ကဏ္ဋကောစ လုပ်နေတယ်လို့ ထင်တဲ့သူတွေကို နေရာမပေး၊ အရည်အချင်းပြခွင့်မပေးဘဲထားပြီး လူငယ်တွေဘက်ကလည်း ကိုယ့်ကိုနေရာမပေးတဲ့သူကို ကဏ္ဋကောစပဲ လုပ်နေမယ်ဆိုရင် ကိုယ့်အဖွဲ့အစည်းအတွက် လှပတဲ့အနာဂတ်တစ်ခုကို ဘယ်သူမှ ဖန်တီးနိုင်မှာ မဟုတ်ဘူးလို့ သတိပေးလိုတာပဲဖြစ်ပါတယ်။ 

အယ်ဒီတာ (၉ -၂-၂၀၁၉)