POST TYPE

EDITORIAL

ရှေ့ကားကို နောက်ကား အမှန်တကယ်ကျော်လိုလျှင် (Daily, Vol-6/No-259)
07-Feb-2019

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့၏ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို လက်ခံကျင်းပမည့်နိုင်ငံမှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၏ အဖွဲ့ဝင်ဖြစ်သော ဗီယက်နမ်ဟု သိရပါသည်။ ပြီးခဲ့သည့် ဇွန်လက ၎င်းတို့နှစ်ဦးအတွက် ပထမဆုံးထိပ်သီး ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံက ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံကာ လက်ခံစီစဉ်ပေးခဲ့ရာ စင်ကာပူနိုင်ငံ၏ ပုံရိပ်သည် ကမ္ဘာ့အရှေ့ခြမ်းရော၊ ကမ္ဘာ့အနောက်ခြမ်းတွင်ပါ ထွန်းတောက်ခွင့်ရသွားပေသည်။ 

ယခုဆိုလျှင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က အာရှဒေသ၏ ကျားပေါက်များ၊ တစ်နည်းအားဖြင့် ဖွံ့ဖြိုးစနိုင်ငံအဆင့်မှ စီးပွားရေးတောင့်တင်းသည့် နိုင်ငံအဆင့်သို့ တက်လှမ်းမည့်နိုင်ငံများစာရင်းတွင်ပါဝင်ခဲ့သော ဗီယက်နမ်မှာ ထရမ့်နှင့် ကင်ဂျုံအန်း တို့၏ သမိုင်းဝင်မည့် ထိပ်သီးဆွေးနွေးပွဲကြောင့် ထုံးစံအတိုင်း ကမ္ဘာ့အရှေ့ခြမ်းရော၊ အနောက်ခြမ်းတွင်ပါ နာမည်ကျော်ကြားခွင့်ရဦးမည်ဖြစ်ပေသည်။ ထရမ့်နှင့် ကင်ဂျုံအန်းတို့၏ နှစ်ရက်တာ ခရီးစဉ်နှင့်ပတ်သက်သော နေရာများမှာ ဗီယက်နမ်တွင် ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်တစား လည်ပတ်စရာနေရာ ဖြစ်လာတော့မည်။ 

ဗီယက်နမ်သည် ယခုအခါ အခြားနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည်များသာမက မြန်မာနိုင်ငံသားများပါ စိတ်ဝင်တစား သွားရောက်လည်ပတ်ရာ နေရာတစ်ခုဖြစ်လာပြီး တိုရစ်ဇင်လုပ်ငန်း၊ ကော်ဖီနှင့် နဂါးမောက်သီးအပါအဝင် အခြားသော စိုက်ပျိုးသီးနှံများတင်ပို့ရောင်းချမှုမှ ဝင်ငွေအမြောက်အမြား ရှာဖွေနိုင်လျက်ရှိသည်။ ဆင်းရဲနွမ်းပါးမှုကို ဆယ်စုနှစ်အနည်းငယ်အတွင်း သိသိသာသာ လျှော့ချနိုင်ခဲ့သည့် ဗီယက်နမ်၏ ထူးခြားချက်မှာ တစ်ပါတီကွန်မြူနစ်စနစ် ဖြစ်သော်ငြား ဈေးကွက်စီးပွားရေးစနစ်ကို ပီပီပြင်ပြင်ကျင့်သုံးနိုင်ခြင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများဆွဲဆောင်နိုင်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍကို စနစ်တကျ အဆင့်မြှင့်တင်ပေးနိုင်ခြင်းပင်ဖြစ်သည်။ 

သို့အတွက်ကြောင့်လည်း အမေရိကန်နှင့်ဖြစ်ခဲ့သော စစ်မီးကြောင့် ပြာပုံ နီးပါးဖြစ်ခဲ့သော ဗီယက်နမ်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအဆင့်မှ အနိမ့်စား အလယ်အလတ်ဝင်ငွေရှိသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပေသည်။ ယခု ထရမ့်နှင့် ကင်ဂျုံအန်းတို့၏ ဒုတိယမြောက် တွေ့ဆုံပွဲကျင်းပမည့် နေရာအား ဗီယက်နမ်ကို ရွေးချယ်လိုက်သည့်အချက်ကို ကြည့်မည်ဆိုလျှင် အမေရိကန်သည် ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲရန် အဆင်သင့်ဖြစ်နေပြီဟူသော အချက်နှင့် ဗီယက်နမ် -အမေရိကန်အကြား ချစ်ကြည်ရင်းနှီးမှုမှာ ပိုမိုအဆင့်မြင့်သည့် အပိုင်းသို့ ရောက်နေပြီဟူသည့် အချက်တို့ကို တွေ့မြင်ရပေသည်။ 

လူတို့သည် ငယ်စဉ်အခါ စာသင်ကျောင်းတွင် ပညာရေးမှစ၍ စီးပွားရေး၊ လူမှုဘဝတိုးတက်ကောင်းမွန်ရေးတို့တွင် တစ်ဦးနှင့်တစ်ဦး အားကျမခံ ယှဉ်ပြိုင်ကြသည်။ ရှေ့ကသွားသူများကိုကြည့်ပြီး နောက်လူက အမီလိုက်ကြသည်။ ထိုကဲ့သို့ပင် ဥရောပသမဂ္ဂ (အီးယူ) ထဲတွင်လည်း အဖွဲ့ဝင်နိုင်ငံများ သူထက်ငါ ရှေ့ရောက်အောင် ယှဉ်ပြိုင်ကြိုးပမ်းကြသလို အာဆီယံအဖွဲ့ထဲတွင်လည်း ထိုင်း၊ စင်ကာပူ၊ မလေးရှား စသည်ကဲ့သို့ ရှေ့ကရောက်နေသော နိုင်ငံများကို အမီလိုက်နိုင်ရန် နောက်ကျကျန်ရစ်သူများက အင်တိုက်အားတိုက် ကြိုးပမ်းကြသည်။ ထိုသို့ ကြိုးပမ်းချင်စိတ်ဖြစ်အောင်၊ ကြိုးပမ်းနိုင်အောင် ၎င်းတို့အစိုးရနှင့် ခေါင်းဆောင်ပိုင်းတို့က စနစ်တကျဖန်တီးပေးသလို နိုင်ငံသားများကလည်း စည်းကမ်းတကျ လိုက်ပါနိုင်ကြပေသည်။ 

အာဆီယံတွင် ကျွန်ုပ်တို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနေနှင့် မည်သည့်နိုင်ငံကို ကျော်တက်ပြီး မည်သည့်အဆင့်ရောက်အောင် မျှော်မှန်းထားသနည်း ဟူသည်မှာ ဆိုင်ရာခေါင်းဆောင်များ၏ ခေါင်းဆောင်မှုစွမ်းရည်နှင့် သက်ဆိုင်သလို နိုင်ငံသားတစ်ဦးချင်းစီ၏ စစ်မှန်သော နိုင်ငံချစ်စိတ်တို့နှင့်လည်း အထူးပင်သက်ဆိုင်နေပါကြောင်း မီးမောင်းထိုးပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၆-၂-၂၀၁၉)