POST TYPE

EDITORIAL

ပုဂ္ဂိုလ်ရေးအားပြု နိုင်ငံရေးများ ပြောင်းလဲချိန်တန် (Daily, Vol-6/No-256)
04-Feb-2019

ဒေသခံ တိုင်းရင်းသားများက ကန့်ကွက်နေလင့်ကစား ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် စိုက်ထူလိုက်ခြင်းသည် လူပုဂ္ဂိုလ်အားပြု နိုင်ငံရေးကို ဦးတည်နေကြောင်း သက်သေပြလိုက်ခြင်းဖြစ် သည်။

လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို ရုပ်တုများထုလုပ်ကာ တစ်ဆောင်တစ်ယောင်ထားခြင်းသည် ၎င်းအပေါ် ကြည်ညို၊ လေးစား၊ ချစ်ခင်ကြောင်း၊ အလေးထားကြောင်း ပြသခြင်းဟု ယူဆနိုင်သည်။ 

သို့သော် ထိုရုပ်တုကိုအကြောင်းပြုကာ အငြင်းပွားဖွယ်ကိစ္စရပ်များ၊ နောက်ဆက်တွဲ ပေါ်ပေါက်လာခြင်းမှာမူ ကောင်းသည့် လက္ခဏာမဟုတ်ပေ။

အထူးသဖြင့် လက်ရှိ အာဏာရပါတီ စွဲကိုင်ထားသော အမျိုးသားပြန်လည်သင့်မြတ်ရေးမူနှင့် ချိန်ထိုးကြည့်သည့်အခါ တိုင်းရင်းသားဒေသများတွင် ဒေသခံတိုင်းရင်းသားအားလုံးက သဘောမတူသည့်အခြေအနေတွင် ဖြစ်သည့်နည်းနှင့် စိုက်ထူခြင်းသည် ဝိဝါဒဖြစ်စရာများ ရှိနေသည်။ တစ်ခါတစ်ရံ သာမန် ဝိဝါဒ ဖြစ်စရာထက်ပိုကာ ပြောင်းပြန်အကျိုးဆက် သို့မဟုတ် ဆုံးရှုံးမှုများ ဖြစ်ပေါ်သွားနိုင်သည်။

ယင်းနှင့်ပတ်သက်၍ မွန်ပြည်နယ် ဒေသခံပြည်သူများ၊ မွန်ပါတီများက ကန့်ကွက်နေသည့်ကြားက မော်လမြိုင်၊ ချောင်းဆုံ မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု လွှတ်တော်အထိတင်ကာ အမည်ပြောင်းလဲခြင်းကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားခဲ့သော်လည်း ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိသွားခဲ့ခြင်းမှာ အထင်ရှားဆုံး သက်သေဖြစ်သည်။

ထိုစဉ်ကလည်း နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ သတင်းမီဒီယာများက ဝေဖန်အကြံပြု ထောက်ပြနေသည့်ကြား၊ ဒေသခံပါတီ၊ ပြည်သူများက ဝေဖန် ဆန့်ကျင် ဆန္ဒပြကန့်ကွက်နေသည့်ကြားက ပြည်ထောင်စုလွှတ်တော်အထိ တင် မဲခွဲကာ မူလအမည် သံလွင်မြစ်ကူး (ချောင်းဆုံ) တံတားနာမည်မှ ဗိုလ်ချုပ်အောင်ဆန်းတံတားဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။

ယင်းကြောင့် ကြုံခဲ့ရသော နောက်ဆက်တွဲ အကျိုးဆက်မှာ မဲရှုံးခြင်း တစ်ခုသာမက ဒေသခံ တိုင်းရင်းသားပါတီများ၊ ဒေသခံတိုင်းရင်းသားများ၏ အာဏာရပါတီနှင့် အာဏာရ အစိုးရအပေါ် ယုံကြည်လေးစားမှုပါ လျော့ကျ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ 

ပြည်နယ်အစိုးရက ကိုင်တွယ်ဆောင်ရွက်နေသောကိစ္စ ဖြစ်သော်ငြား ကြေးရုပ်စိုက်ထူခြင်းကို ဦးဆောင်ကန့်ကွက်သော ကရင်နီလူငယ်များကို ငြိမ်းစုစီဥပဒေဖြင့် တရားစွဲခြင်း၊ ကြေးရုပ်စိုက်ထူခြင်းကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်ပွဲများဖြင့် တန်ပြန်ခြင်းတို့မှာ ရင်ကြားစေ့ခြင်းထက် ပို၍ဝေးကွာသွားစေရန် စည်းခြားသည်ထက်ခြားသည့် သဘောဆောင်နေပေသည်။

ထိုသို့ ထင်ရှားသိသာသည့် သာဓကရှိနေပါလျက် ကယားပြည်နယ်တွင် ဒုတိယ ချောင်းဆုံပြဿနာမျိုး ထပ်မံဖန်တီးခြင်းသည် အာဏာရပါတီ၏ နိုင်ငံရေးပါးမဝခြင်းလော၊ မိမိတို့ ကိုယ်ပိုင်အရည်အချင်းထက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် မှီခိုအားကိုးလွန်းခြင်းလော မေးခွန်းထုတ်စရာ ဖြစ်စေခဲ့သည်။

ထို့ထက်ပို၍ စိုးရိမ်ဖွယ်ရာရှိသည်မှာ ဖခင်ဗိုလ်ချုပ်အောင်ဆန်း နာမည်ကို မှည့်ခေါ်ခြင်း၊ ကြေးရုပ်စိုက်ထူခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ သစ္စာရှိ၊ လူယုံအဖြစ် ပြသခြင်း၊ ခေါင်းဆောင်၏ အသိအမှတ်ပြုမှုကို ရယူခြင်း တစ်နည်း ဆိုရပါက ခေါင်းဆောင်အကြိုက် ဖျော်ဖြေတင်ဆက်သည့်သဘောမျိုး ဖြစ်လာခြင်းပင်။

ထိုအခြေအနေတွင် အကဲဆတ်လွန်းသော အကြောင်းအရာအချို့ကို နိုင်ငံရေး အချေအတင်ဖြစ်မှုများ သိသိသာသာ ဖြစ်ပေါ်လာစေမည့်၊ တရားခံရှာ လက်ညှိုးထိုးကာ blame game ကို အားပေးသည့်ပုံစံမျိုးဖြင့် နိုင်ငံရေးစတန့်ဆန်ဆန် ကစားကွက်ခင်းခြင်းမျိုးကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးမူနှင့် ဖီလာပြု မပြု ဆန်းစစ်သုံးသပ်သင့်လှသည်။

တိုင်းရင်းသားပါတီများ၊ ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများ၊ တပ်မတော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်ကိုပင် စာလုံးပေါင်းမှန်မှန် မရေးနိုင်သေးသော အချိန်မျိုးတွင် လူပုဂ္ဂိုလ်အားပြု နိုင်ငံရေးမျိုးမှ လူကြီးလူကောင်းဆန်သော၊ လိမ္မာပါးနပ် ထက်မြက်သော နိုင်ငံရေးမျိုးသို့ ပြောင်းလဲချိန်တန်ပြီဖြစ်ကြောင်း အကြံပြု ထောက်ပြအပ်ပေသည်။

အယ်ဒီတာ (၃-၂-၂၀၁၉)