News

POST TYPE

EDITORIAL

မြန်မာတွေ မနာလိုစိတ် များသလား၊ ဘယ်လိုကုစားကြမလဲ (Daily, Vol-6/No-255)
03-Feb-2019

ဒီနေ့ မြန်မာလူမှုပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရင် ရင့်ကျက်မှု၊ သဘောထားကြီးမှု၊ ခွင့်လွှတ်သည်းခံမှု၊ အနစ်နာခံမှု၊ အများအကျိုးအတွက် စေတနာ့ဝန်ထမ်းမှု၊ အများအတွက်၊ တစ်ပါးသူအတွက် ဦးစားပေး စဉ်းစားမှုဆိုတာတွေ တဖြည်းဖြည်း နည်းသထက် နည်းလာသလားလို့။

အတွေ့ရများလာတာတွေက အထက်မှာ ဆိုခဲ့တာတွေနဲ့ ပြောင်းပြန်တွေ ချည်းလို့ပြောရမလားပဲ။ ကိုယ်နဲ့ မသင့်တာတွေ၊ မထိုက်တန်တာတွေ လိုချင်၊ ရချင်စိတ် လောဘပိုကြီးလာကြတယ်။ အရာရာအပေါ်မှာ အလိုမကျ၊ မကျေနပ်စိတ်နဲ့ ကြမ်းတမ်းခက်ထန်ပြီး ဒေါသပိုများလာကြတယ်။ မသိနားမလည် အသိခေါက်ခက် အဝင်နက် မောဟပိုကဲလာကြတယ်။

သာမန်ပြောရရင် လောဘ၊ ဒေါသ၊ မောဟစိတ်ဆိုတာ လူတိုင်းမှာ အနည်းနဲ့ အများ ရှိကြတာချည်းပဲ။ ဒါပေမဲ့ ရှိသင့်တာထက် ပိုလာရင် ပြဿနာဖြစ်တော့ တာပဲ။ အဲဒီသုံးခုထက် ပိုဆိုးတာက မနာလိုစိတ်ပဲ။ မနာလိုစိတ်က လူပီသတဲ့စိတ်ကို အဖျက်ဆီးဆုံးလို့ ပြောစရာကောင်းလောက်အောင် အနှောင့်အယှက်ကြီးတယ်။

“ကိုယ့်ထက်သာ မနာလို”ဆိုတဲ့ ဆိုရိုးစကားက တခြားလူ့အဖွဲ့အစည်းတွေမှာတော့မသိဘူး၊ မြန်မာလူ့အဖွဲ့အစည်းမှာတော့ တစ်နေ့တခြား ထုထည်ကြီးကြီးလာတယ်။ အာဏာကို ဦးတည်တဲ့ နိုင်ငံရေးနယ်ပယ်၊ လောဘကို အထိုင်ပြုတဲ့ စီးပွားရေး လောကမဆိုထားနဲ့ အများအကျိုးဆောင်ပေးရတဲ့ လူမှုရေးနယ်ပယ်မှာတောင် သိပ်ကို ဒုက္ခပေးနေပြီ။

ဒီနေ့ မြန်မာလူ့အဖွဲ့အစည်းမှာ ကြုံနေရတဲ့ ပြဿနာတွေကို စေ့ငုကြည့်လိုက်ရင် အရင်းစစ်က မနာလိုမှုက အရင်းခံအကြောင်းတရားများလေလားလို့တောင် တွေးစရာ ဖြစ်လာတယ်။ ဘယ်အဖွဲ့အစည်းမျိုးမှာမဆို အထက်လူ၊ တန်းတူနဲ့ လက်အောက် ငယ်သား အချင်းချင်းအကြားက တစ်နေရာရာမှာ မနာလိုမှုတွေရှိတယ်။ 

ခံစားခွင့် လစာလည်းကောင်း၊ အလုပ်အကိုင်ကလည်း လူရိုသေ၊ ရှင်ရိုသေ ရှိဆိုရင် အဲဒီအဖွဲ့အစည်းထဲမှာရှိတဲ့ မြန်မာတွေ အချင်းချင်းအကြား မနာလိုမှုကြောင့်ဖြစ်တဲ့ ပြဿနာတွေ သေချာပေါက်ပေါ်ပြီ။ မနာလိုတယ်ဆိုတာက ကိုယ့်ထက်ပိုပြီး လစာကောင်း ရာထူးတက်သွားမှာ၊ ကိုယ့်ထက် သူ့ကို ဘော့စ်က ပိုပြီး အရေးပေး အရာထားမှာ၊ ကိုယ့်ထက် ပိုပြီး အရည်အချင်းမြင့် ပညာပိုတတ်သွားမှာ၊ ကိုယ့်ထက် ပိုပြီးလူသိများ ကျော်ကြားသွားမှာ၊ ကိုယ့်ထက် ပိုပြီး ခေါင်းတစ်လုံး ပိုမြင့်သွားမှာဆိုတဲ့ စိတ်ခံစားမှုမျိုးတွေပေါ့။

မနာလိုစိတ်က နောက်တစ်ဆင့်တက်ပြီး တစ်ဖက်သားကို ဒုက္ခပေးဖို့၊ ချောက်တွန်းဖို့၊ အဆင်းဘီးတပ်ဖို့၊ ခြေထိုး၊ ထောင်ချောက်ဆင်ဖို့၊ အကွက်ဆင်လုပ်ကြံဖို့အထိ မီးထိုးပေးတတ်တယ်။ တချို့အဖွဲ့အစည်းတွေမှာ ထက်မြက်သူတွေ၊ လူတော်၊ လူကျော်တွေ ကြာကြာနေလို့မရတာ အဲဒီ မနာလိုစိတ်အခံ ရှိသူတွေကြောင့်ပဲ။

မနာလိုစိတ်အခံရှိသူအများစုမှာ ကိုယ်ပိုင်အရည်အချင်း နည်းကြတယ်။ တချို့ကျတော့ အရည်အချင်း မနိမ့်လှပေမယ့် ဖြတ်သန်းလာတဲ့ စိတ်နဲ့ ရုပ်ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကြောင့် မနာလိုစိတ်ရဲ့ ချုပ်ကိုင်စေစားတာကို ခံကြရတယ်။ အဲဒါကြောင့် အဖွဲ့အစည်းထဲမှာ ကိုယ်နဲ့ အရည်အချင်း မတိမ်းမယိမ်းရှိသူ၊ ကိုယ့်ထက်သာသူတွေ ရှိနေရင် ကိုယ်နေရာမရမှာစိုးပြီး တစ်နည်းဆိုရရင် မနာလိုစိတ်အခံနဲ့ နည်းမျိုးစုံ သုံးပြီး အဲဒီလူတွေ အဖွဲ့အစည်းကနေ ထွက်သွားအောင်လုပ်တယ်။

ကြာလာတော့ လူ့အဖွဲ့အစည်းအတွက် ထိပ်တန်းအရေးကြီးတဲ့ အင်စတီကျူးရှင်းတွေ၊ အဖွဲ့အစည်းတွေမှာ လူတော်၊ လူမှန်၊ လူရိုး၊ လူဖြောင့်တွေထက် မနာလိုစိတ် အားကြီးတဲ့ လူရှော်၊ လူလည်၊ လူရှုပ်၊ လူယုတ်တွေပဲ ကြီးစိုးသွားတတ်တယ်။ အဲဒီအခြေအနေကို ခေါင်းဆောင်လုပ်သူတွေက မရိပ်စားမိရင်၊ မသိရင်၊ သိအောင်လည်း အားမထုတ်ရင် အဲဒီအဖွဲ့အစည်းတင်မကဘဲ ချိတ်ဆက်နေတဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးအထိပါ ထိခိုက်နစ်နာရတယ်။

ဒီနေ့ မြန်မာလူ့အဖွဲ့အစည်းရဲ့ အတွင်းစရိုက်သဘောကို ချောင်းကြည့်လို့ရတဲ့ အပေါက်တစ်ပေါက်က အွန်လိုင်းလူမှုကွန်ရက်ပဲ။ အဲဒီမှာ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုနဲ့ ပတ်သက်လို့ဖြစ်ဖြစ် ဝင်ပြီး ပေးကြတဲ့ မှတ်ချက်တွေကို အချိုးချကြည့်လိုက်ရင် မနာလိုစိတ်ကို အခြေခံပြီး ထွက်လာတဲ့ အနုတ်လက္ခဏာသဘောက ရှိသင့်ရှိထိုက်တဲ့ ရာခိုင်နှုန်းထက် တော်တော်များများ ကျော်နေတာတွေ့ရမယ်။ 

မနာလိုစိတ်က လူတစ်ယောက်ရဲ့ ကြီးပွားတိုးတက်မှုကို အဟန့်အတား ဖြစ်စေသလို မနာလိုစိတ်အားကြီးတဲ့ လူ့အဖွဲ့အစည်းအတွက်လည်း ဖွံ့ဖြိုးစည်ပင်တိုးတက် ဖို့ အကြီးမားဆုံး အနှောင့်အယှက်ပဲ။ ဒီကနေ့ မြန်မာပြည်မှာ ထိပ်ဆုံးရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးကတောင် အိမ်နိမ့်စံဘဝမှာတုန်းက မြန်မာလူမျိုးတွေရဲ့ အကြီးမားဆုံး ပြဿနာက မနာလိုစိတ်ပဲလို့ ပြောဖူးတယ်။

အာဏာရှင်စနစ်အောက် အချိန်ကြာကြာနေခဲ့ရပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ မနာလိုစိတ်ပေါ်ဖို့ ပိုအခွင့်အလမ်းများတယ်။ ဘယ်လောက် အနှစ်သာရရှိတဲ့ လောကလုံးဆိုင်ရာ အမှန်တရားတွေကို ဟောညွှန်ပြနိုင်တဲ့ အဆုံးအမတရားတွေ ရှိနေပေမယ့် ကျင့်သုံးတဲ့ စနစ်မကောင်းရင် တရားဓမ္မကလည်း လူများများကို မကယ်နိုင်ဘူး။

ဒါဆို ဒီပြဿနာကို ဘယ်လို ကုစားကြမလဲ။ ရေတိုအားဖြင့်တော့ ဘာသာရေး အပါအဝင် နယ်ပယ်အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေကိုယ်တိုင် မနာလိုစိတ် ဘယ်သူ့အပေါ်ကိုမှ မထားမိအောင် ဆင်ခြင်ပြီး ကိုယ့်အဖွဲ့အစည်း၊ နယ်ပယ်မှာ စံပြဖြစ်ဖို့လိုမယ်။ ရေရှည်အတွက်တော့ လူတွေ ဝင်ငွေတိုးလာအောင်၊ တိုင်းပြည် စီးပွားတက်လာအောင်၊ ပညာရေးစနစ် အဆင့်မြင့်လာအောင်၊ ကိုယ်ကျင့်တရား၊ ကျင့်ဝတ် စံနှုန်းတွေ မြင့်မားလာအောင်၊ လောကနီတိကို လေးစားလိုက်နာလာအောင် ပြုပြင်တည်ဆောက်ယူရမယ်။

လက်တွေ့အကျဆုံးကတော့ နိုင်ငံသားတစ်ဦးချင်းစီက မနာလိုစိတ် တတ်နိုင်သလောက် ကင်းစင်အောင် ကိုယ်တိုင် လက်တွေ့ကျင့်ကြံအားထုတ် နေထိုင်၊ ပြုမူဆောင်ရွက်တာပါပဲ။

အယ်ဒီတာ (၂-၂-၂၀၁၉ )