News

POST TYPE

EDITORIAL

ရခိုင်ပြဿနာ၊ အရင်းခံအကြောင်းတရားများနှင့် ယဉ်ကျေးသောနိုင်ငံရေး (Daily Vol-6/No-247)
24-Jan-2019

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့် တစ်ဆက်တည်း အွန်လိုင်းလူမှုကွန်ရက်ပေါ်မှတစ်ဆင့် ဗမာနှင့် ရခိုင်လူမျိုးစုနှစ်ခုအကြား တင်းမာသည့် သဘောထားများဖြင့် အပြန်အလှန် စွပ်စွဲပြစ်တင်မှုများ မြင့်တက်လာသည်ကို တွေ့ရသည်။

ရပ်တည်ချက်၊ ခံယူချက်အပေါ်မူတည်၍ သာမန်သဘောထားကွဲလွဲ၊ အချေအတင်ငြင်းခုံကြခြင်းမှာ ပြဿနာမရှိသော်လည်း ရန်ဘက်အသွင်ဆောင်သွားစေရန် လှုံ့ဆော်မှုဆန်သော မယဉ်မကျေး အစွန်းရောက်မှတ်ချက်များ၊ ရန်လိုအမုန်းပွား စကားလုံးများ ပါဝင်လာခြင်းမှာမူ ကောင်းသည့် လက္ခဏာမဟုတ်ပေ။

အဆိုပါပြဿနာနှင့်ပတ်သက်၍ အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင်လည်းကောင်း၊ ပင်မသတင်းမီဒီယာကြီးများတွင်လည်းကောင်း ရေးသား၊ ဖော်ပြ၊ ထုတ်လွှင့်လျက်ရှိသည့် သတင်းများ၊ သတင်းဆောင်းပါးများ၊ ကိုယ်ပိုင်အမြင်သုံးသပ်ချက်ဆောင်းပါးများ အောက်တွင် စိတ်ခံစားချက်ကဲသော ကြမ်းရှရှ၊ ရိုင်းပျပျ၊ အစွန်းရောက်၊ အန္တရာယ်ရှိ မှတ်ချက်များမှာလည်း မြန်မာလူ့အဖွဲ့အစည်းကို အနုတ်လက္ခဏာ သက်ရောက်မှုများ ဖြစ်ပေါ်စေသည်။

ရခိုင်ပြဿနာနှင့်ပတ်သက်ပြီး ပင်မသတင်းမီဒီယာများတွင် ဖော်ပြသော ကိုယ်ပိုင်အမြင်သုံးသပ်ချက် ဆောင်းပါးအများစုမှာ အရင်းခံအကြောင်းတရားများကို ထောင့်စုံလေ့လာမှု အားနည်းပြီး မြင်သာထင်သာရှိသော သို့မဟုတ် လူအများ အလွယ်တကူ ကောက်ချက်ချနိုင်သော အချက်အလက်များ၊ ထင်မြင်ယူဆချက်များ၊ တင်ကူးမှန်းဆချက်များကို အခြေခံရေးသားထားကြသောကြောင့် များစွာ ယေဘုယျဆန်လှသည်။

နိုင်ငံပိုင် အစိုးရသတင်းမီဒီယာများကိုယ်တိုင် သောင်းကျန်းသူဟု ကင်ပွန်းတပ်ဖော်ပြထားပြီး အခြားသော ပုဂ္ဂလိက သတင်းမီဒီယာအများစုတွင် များသောအားဖြင့် AA ကို တစ်ဖက်သတ်လွန်ကျူးသူအသွင်မျိုး သက်ရောက်သော အမြင်သုံးသပ်ချက်များသာတွေ့ရပြီး ရခိုင်အသိုင်းအဝိုင်းတွင်သာ ယင်းနှင့် ဆန့်ကျင်စွာ ရခိုင်တစ်မျိုးသားလုံးအတွက် တိုက်ပွဲဝင်နေသည့်သဘောမျိုး ဆန်ဆန် အရေးအသား၊ မှတ်ချက်များ တွေ့ရသည်။

ဤနေရာတွင် လူအများစု မေ့လျော့နေသော သို့မဟုတ် ထည့်သွင်းဝေဖန်ပြောဆိုရန် လက်တွန့်နေသော သို့မဟုတ် မတွေးမိသော အချက်အချို့ရှိနေနိုင်သည်။ တစ်နည်းအားဖြင့် ပြဿနာနောက်ကွယ်တွင် ပုန်းလျှိုးတွန်းအားပေးနေသော ကြီးကြီးမားမား အရင်းခံအကြောင်းတရားများ ရှိနေနိုင်သည်။

အထူးသဖြင့် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံအကြား ဒုတိယစစ်အေးသဖွယ် နိုင်ငံရေး၊ စစ်ရေးအရ အကြီးအကျယ် အားပြိုင်ကာ နှစ်နိုင်ငံမိတ်ဖက်နိုင်ငံများအကြား၊ အာဆီယံကဲ့သို့ ကြားအုပ်စုဝင် နိုင်ငံများအကြားတွင်သာမက မြန်မာ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်ကဲ့သို့ တရုတ်နှင့် အစဉ်အလာပြိုင်ဘက် အိန္ဒိယနိုင်ငံကိုပါ ထိန်းညှိပြိုင်ဆိုင်ရန် ထိုနိုင်ငံကြီးနှစ်ခုတို့ အသည်းအသန် ကစားကွက်ရွှေ့နေကြခြင်းကလည်း နောက်ကွယ်အကြောင်းရင်းတစ်ခုဖြစ်သည်။

ထို့အပြင် ရခိုင်ဒေသခံတို့၏ စရိုက်သဘာဝ၊ တပ်မတော်၏ အတိပ်အရိပ်ဆိုးများနှင့် လက်ရှိအစိုးရ၏ ရခိုင်ဒေသနှင့် ရခိုင်ဒေသခံပါတီများအပေါ် ထားရှိသည့် နိုင်ငံရေးဗျူဟာလွဲချော်မှုတို့ကလည်း ရေရာသေချာမှုမရှိသော ပန်းတိုင်သတ်မှတ်ထားသည့် ကောက်ရိုးမီးဆန်သော AA လက်နက်ကိုင်အဖွဲ့အပေါ် မဆန့်ကျင်လိုကြခြင်း သို့မဟုတ် ထောက်ခံမှုမြင့်တက်လာစေသော အခြားအရင်းခံအကြောင်းတရားများ ဖြစ်ကြသည်။

သမိုင်းကြောင်းအရသော်လည်းကောင်း၊ အစိုးရအဆက်ဆက်၏ စီမံခန့်ခွဲ အုပ်ချုပ်မှုအရည်အချင်း လိုအပ်ချက်အရ သော်လည်းကောင်း ဖွံ့ဖြိုးမှု နောက်အကျဆုံး ရခိုင်ပြည်နယ်ရှိ ဒေသခံများအကြားတွင် အခြေခံအားဖြင့် သဘောထားတင်းမာသူနှင့် အလယ်အလတ်သဘောထားရှိသူ အုပ်စုနှစ်စုရှိပြီး တပ်မတော်အပေါ်တွင်လည်း များစွာ နှစ်လိုသောသဘောထားမျိုး မရှိလှပေ။ 

သို့သော် ၂၀၁၂ ခုနှစ် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း စတင်အကောင်အထည်ဖော်သည့်နှစ်တွင် ကျောက်နီမှော် ပြဿနာအခြေခံ ပေါ်ပေါက်ခဲ့သည့် ဘင်္ဂါလီပြဿနာဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ဒေသခံများ၏ အမြင်သဘောထားအချို့ စတင်ပြောင်းလဲသွားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကာလနှင့် ရွေးကောက်ပွဲအပြီး အာဏာရ NLD ပါတီ၏ ရခိုင်ဒေသခံပါတီများအပေါ် သဘောထား၊ ရခိုင်ဒေသဆိုင်ရာ အာဏာခွဲဝေမှုတို့တွင် ပါးနပ်လိမ္မာထက်မြက်သည့် မူဝါဒ၊ နည်းလမ်းအသုံးမပြုခဲ့ခြင်း၊ ရခိုင်ပြဿနာဆိုင်ရာ စုံစမ်းရေးကော်မရှင်များ ဖွဲ့စည်းရာတွင်လည်း ဒေသခံ ရခိုင်ပါတီများအား ကြိုတင်အသိပေး၊ ညှိနှိုင်းတိုင်ပင်မှု မရှိခဲ့ခြင်းတို့က မူလကပင် နာကြည်းချက်ရောစွက်နေသော ရခိုင်တိုင်းရင်းသားများ၏ မာနနှင့် အငုံ့စိတ်ကို မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

ဆက်တိုက်ဆိုသကဲ့သို့ လူသိများထင်ရှားသူ ရခိုင်နိုင်ငံရေးသမားအချို့နှင့် ရခိုင်ပါတီအချို့အပေါ် ပြုမူဆက်ဆံပုံမှာ ပျော့ပျောင်းညင်သာမှုနှင့် တန်းတူရည်တူ သဘောထားမရှိသည့်အသွင်ဆောင်လာသည်ဟု အဓိပ္ပာယ်ကောက်လာကြခြင်းတို့ကလည်း တပ်မတော်အပေါ် အမြင်ပြောင်းသွားစေရန်နှင့် AA ကဲ့သို့ လက်နက်ကိုင် လမ်းစဉ်မျိုးကို ရခိုင်လူငယ်များ အာရုံညွတ်သွားစေရန် သွယ်ဝိုက်ပံ့ပိုးသကဲ့သို့ ဖြစ်သွားခဲ့သည်။

ထိုအခြေအနေတွင် အွန်လိုင်းလူမှုကွန်ရက်ပေါ်မှတစ်ဆင့် တိုင်းရင်းသား အချင်းချင်းအကြား ပို၍ရန်မီးပွား၊ အထင်အမြင် လွဲမှားစေရန် မယဉ်မကျေး၊ ရိုင်းပျကြမ်းရှသော စကားလုံးများဖြင့် စွပ်စွဲ၊ တံဆိပ်ကပ်၊ တိုက်ခိုက်၊ အပြစ်ဖို့၊ ရန်ရှာလာသည့် အဆိုးမြင်သက်သက်မှတ်ချက်များ၊ အမျိုးသားရေးတံခွန်ထူလွန်းသော ပြောစကားများက လူမျိုးစုများအကြားတွင်ပါ ပဋိပက္ခဖြစ်စေရန် မီးထိုးလှုံ့ဆော်သည့် အသွင်ဆောင်လာသည်။

နိုင်ငံတကာက ရခိုင်ပြဿနာကို အကြောင်းပြုကာ ပြင်းထန်ကြီးမားသော ဖိအားပေး အကျပ်ကိုင်မှုများဖြင့် ဆင်းရဲတွင်း နက်နေဆဲ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကိုပါ ခြိမ်းခြောက်လာသည့် အခြေအနေမျိုးတွင် အချင်းချင်း ရန်စောင်၊ တိုက်ခိုက်နေခြင်းထက် မိမိတို့ ကိုယ်စီထံတွင် ရှိနေသော မူဝါဒ၊ လမ်းစဉ်၊ ချဉ်းကပ် အကောင်အထည်ဖော်သည့် ဗျူဟာများ၊ နည်းလမ်းများ၊ အကောင်အထည် ဖော်ပုံများကို ပြန်လည်စဉ်းစား ချင့်ချိန် သုံးသပ်ခြင်း၊ ဒေသခံတိုင်းရင်းသားပါတီများနှင့် တန်းတူရည်တူသဘောထားကာ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့် ယဉ်ကျေးပြီး လူကြီးလူကောင်းဆန်သော နိုင်ငံရေးမျိုးကို စတင်ကြပါမည့်အကြောင်း တိုက်တွန်းအကြံပြုအပ်ပေသည်။ 

အယ်ဒီတာ (၂၃-၁-၂၀၁၉ )