News

POST TYPE

EDITORIAL

တန်ဖိုးထားရမည့် သမိုင်းဆိုင်ရာ စာအုပ်၊ ရုပ်ရှင်နှင့် ပြတိုက်များ (Daily Vol-6/No-245)
22-Jan-2019

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ထုတ်ဝေနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိရာ စာမူကြမ်းအဆင့်ရောက်အောင် ရေးသားပြုစုထားပြီးဖြစ်သည်ဟု ယင်းဝန်ကြီးဌာန၏ အကြောင်းကြားချက်ကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လွှတ်တော်၌ ကိုးကားပြောကြားသွားသည်ဟု သိရပေသည်။ မည်သည့်သမိုင်းပညာရှင်များနှင့် စာပေပညာရှင်များက စာမူကြမ်းအဆင့် ပြီးအောင် ရေးသားသွားခဲ့သည်ကို မသိရသော်လည်း အဆိုပါ အတ္ထုပ္ပတ္တိစာအုပ်တွင် ဗိုလ်ချုပ်၏ ငယ်ဘဝမှ အမျိုးသားခေါင်းဆောင်ကြီးဖြစ်လာသည့် ဘဝအထိ အခန်းပေါင်းခြောက်ခန်းတိတိဖြင့် ရေးသားခြယ်မှုန်းထားသည်ဟု သိရပါသည်။ 

မြန်မာနိုင်ငံတွင် ယခင်ခေတ်ကာလများက ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းစာအုပ်မျိုး ထုတ်ဝေဖို့ မပြောနှင့်၊ ဓာတ်ပုံတစ်ပုံ တရားဝင်ထုတ်ဝေရန်ပင် မဖြစ်နိုင်ခဲ့သည့် အခြေအနေမျိုးရှိခဲ့ရာမှ ယခုအခါ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးသည့်အဖွဲ့က ရိုက်ကူးလျက်ရှိပြီး အတ္ထုပ္ပတ္တိရေးသူများက အလေးထားရေးသားနေကြသည်ကိုတွေ့ မြင်လာရသည်မှာ အပြောင်းအလဲကြီးများထဲက တစ်ခုဟု ဆိုရပါမည်။ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ၊ ဗိုလ်ချုပ်ရုပ်ရှင်တို့ဟူသည် ဖြစ်ကတတ်ဆန်းရေး၊ ဖြစ်ကတတ်ဆန်းရိုက်ကူး၍ မရနိုင်သည့် ကိစ္စများဖြစ်ပြီး သမိုင်းကြောင်းထဲက ဖြစ်ရပ်မှန်အားလုံးကို ထင်ဟပ်စေရေးအတွက် သမိုင်းမှတ်တမ်းများကို အသေးစိတ်အချိန်ယူလေ့လာရန် အထူးအရေးကြီးပေသည်။ ထို့ပြင် သမိုင်းအတ္ထုပ္ပတ္တိ၊ မော်ကွန်းဝင်ရုပ်ရှင်တို့ဟူသည် ဘုန်းတော်ဘွဲ့ကို အသားပေးသည့် သာမန်ညောင်ည ဇာတ်ကားမျိုး လုံးဝမဟုတ်သည်ကိုလည်း အထူးပင်သတိချပ်သင့်သည်။ ဆိုလိုသည်မှာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ လူသိများသော အပိုင်း၊ တစ်နည်းအားဖြင့် ကောင်းသည့်အချက်အလက်များကိုသာ ဖော်ကျူးပြသရမည်ဖြစ်သလို အငြင်းပွားစရာများနှင့် အခြားအားနည်းချက်များကိုလည်း မဖြစ်မနေထည့်သွင်းမှသာ စစ်မှန်သော သမိုင်းစာပေနှင့် မော်ကွန်းဝင် ရုပ်ရှင်အဖြစ် သတ်မှတ်ခံရမည်ဖြစ်ပေသည်။ 

နောက်ကိစ္စတစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ၈၈ မျိုးဆက် ငြိမ်း/ပွင့် အဖွဲ့တို့က ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းကစတင်က ရှစ်လေးလုံးသမိုင်း ပြတိုက်ကြီးတစ်ခုကို သုံးနှစ်အတွင်း တည်ဆောက်နိုင်ရန် စီစဉ်လျက်ရှိပါသည်။ ယင်းပြတိုက် တည်ဆောက်မှုအခြေအနေ မည်သည့်အခြေအနေသို့ရောက်ရှိနေသည်ကို မသိရသေးသော်လည်း ၎င်းတို့ခန့်မှန်းထားချက်အရဆိုပါက နှစ်အနည်းငယ်အတွင်း ယင်းပြတိုက်ဖွင့်လှစ်နိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။ ယနေ့မြန်မာနိုင်ငံ၏ တက္ကသိုလ်အသီးသီးတွင် သမိုင်းပညာရပ်ကိုလေ့လာသင်ယူနေသူ ကျောင်းသားများနှင့် သမိုင်းပညာဌာန ပါမောက္ခများနှင့် ကထိကတို့ကလည်း ၈၈ သမိုင်းကြောင်းကို Academic ရှုထောင့်မှ ရေးသားပြုစုမှုများ ပြုလုပ်သင့်သည်ဟု တိုက်တွန်းလိုပေသည်။ ထို့အတူ အခြားသမိုင်းကြောင်းများဖြစ်သည့် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး စသည်တို့ကိုလည်း သမိုင်းဌာနမှ တာဝန်ရှိသူများအနေနှင့် သမိုင်းရေးသားကြရန် တစ်ဆက်တည်းတိုက်တွန်း လိုပေသည်။ 

သမိုင်းကို အချို့က လွမ်းဆွတ်အောက်မေ့ဖွယ် အတိတ်ဖြစ်ရပ်ဟု ဆိုကြပြီး အချို့က အငြင်းအခုံ (Argument) ဟု သတ်မှတ်ကြသည်။ အချို့ကမူ မျိုချ၍ မရနိုင်သည့် အမှန်တရားဟုလည်းဆိုသလို အချို့က စိတ်အနာတရများကို ပြန်လည်နှိုးဆွပေးသည့် အကြောင်းအရာအဖြစ် သတ်မှတ်ကြပါသည်။ မြန်မာနှင့် ကမ္ဘာသိသမိုင်း ပညာရှင်ကြီး ဒေါက်တာသန်းထွန်းကမူ လူအ၊ လူနများမဖြစ်စေရန် သမိုင်းကို လေ့လာကြရမည်ဟု သတိပေးခဲ့ဖူးပေသည်။ မည်သို့ပင်မတူညီသည့် မှတ်ချက်များရှိသည် ဖြစ်စေ၊ မတူညီသည့် နိုင်ငံရေးအရောင်အသွေးများရှိသည်ဖြစ်စေ သမိုင်းပညာရှင်များ၊ သမိုင်းစိတ်စားသူများအနေနှင့် မိမိတို့နိုင်ငံ၊ လူ့အဖွဲ့အစည်းတွင်း အမှန်တကယ် တွေ့ကြုံခဲ့ရသည့် ဖြစ်ရပ်များနှင့် အတွေ့အကြုံများကို ရာစုနှစ်ပေါင်းများစွာ တိုင်အောင် ကမ္ပည်းထိုးနိုင်ရေးအတွက် ဘက်လိုက်မှုကင်းစွာ ရေးသားပြုစုကြရမည်သာဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၂၁-၁-၂၀၁၉)