News

POST TYPE

EDITORIAL

စစ်မှန်သည့် လူထုနှင့် စစ်မှန်သည့်ရဲဘော်တို့ကို စာနာပါ (Daily Vol-6/No-240)
16-Jan-2019

ဇန်နဝါရီလဆန်းပိုင်း၊ ပထမသီတင်းပတ်အတွင်းကစ၍ တပ်မတော်နှင့် (AA) လက်နက်ကိုင်အဖွဲ့အကြားဖြစ်ပွားနေခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသည် ဦးရေမှာ ရက်အနည်းငယ်အတွင်း အတော်အတန် မြင့်တက်လာသည်ဟု ကြားသိရပေသည်။ အချို့ တိုင်းရင်းသားကျေးရွာငယ်လေးများတွင် နေထိုင်သူများမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ကုလသမဂ္ဂကမူ ယင်းဒေသရှိဒုက္ခသည်များရှိရာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးနှင့် မဆိုင်းမတွပေးခွင့်ပြုရန် မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းထားပေသည်။ ဤကြားထဲတွင် လက်နက်ကိုင်အဖွဲ့ထံသို့ ရိက္ခာများမရောက်ရှိအောင် လမ်းကြောင်းများဖြတ်တောက်ခံထားရသောကြောင့် ဒုက္ခသည်အစစ်အမှန်များမှာ စားစရာပင်မရရှိနိုင်သည့် အနေအထားထဲသို့ ရောက်နေသည်ဟုလည်း ကြားသိရပါသည်။ 

မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် AA အုပ်စုက ရခိုင်ပြည်နယ်ရှိ အင်အားနည်းသော ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ မည်သူ့အလွန်လဲဟု အထူးမေးမနေလိုတော့သော်လည်း ယင်းနယ်မြေတွင် နေထိုင်သော တိုင်းရင်းသားများ မြေစာပင်မဖြစ်စေရန် ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံးက စိုးရိမ်ပူပန်ကြရမည်သာဖြစ်ပေသည်။ တိုက်ပွဲများဖြစ်နေပြီ၊ တစ်နည်းအားဖြင့် စစ်ဖြစ်နေပြီဆိုပါက လက်နက်ကိုင်ထားသူများနှင့် လက်နက်မဲ့သူများအကြား ကြီးစွာသော သံသယနှင့် အမုန်းများ အလိုအလျောက် ပေါ်ပေါက်စမြဲဖြစ်ရာ အပြစ်မဲ့စစ်ဘေးဒုက္ခသည်အစစ်များ လက်နက်ကိုင်သူများ၏ နိုင်ထက်စီးနင်းမှုခံရမည်ကို အထူးပင်စိုးရိမ်မိပေသည်။ ရှည်လျားလှသော မြန်မာနိုင်ငံပြည်တွင်းစစ်ကြီးတွင် ယင်းသို့နိုင်ထက်စီးနင်းမှုများစွာရှိခဲ့သော်လည်း လူမသိသူမသိအနေအထားဖြင့် အသံတိတ်သွားခဲ့ရသည့် သာဓကများစွာကို လက်ရှိစစ်ဘက်ခေါင်းဆောင်များက အထူးပင်သတိထားကာ ကြိုတင်ဟန့်တားပေးကြရန် ကျွန်ုပ်တို့ The Voice သတင်းစာက အထူးပင် မေတ္တာရပ်ခံလိုပါသည်။ 

စစ်တမ်းကောက်ယူထားခြင်းမရှိသော်လည်း ယနေ့ဒီမိုကရေစီခေတ်တွင် မြန်မာပြည်သူအများစုသိလိုသည့်ကိစ္စများအနက် ငြိမ်းချမ်းရေးလည်း ပါဝင်သည်ဟု ဆိုချင်ပါသည်။ “မြန်မာပြည်မှာ စစ်ပွဲတွေဘယ်တော့ရပ်မလဲ” ဟု မေးလျှင် မရေရာ၊ မသေချာသဘောနှင့်သာ ပြီးသွားလေ့ရှိပေသည်။ မြန်မာပြည်အရှေ့ဘက်၊ မြန်မာပြည်အနောက်ဘက်၊ မြောက်ဘက် စသည်ဖြင့် တိုက်ပွဲမဖြစ်ဖူးသည့် နေရာမရှိသလောက်ရှိသွားပြီဖြစ်သော်လည်း တိုက်ပွဲများ တစ်လှည့်စီ၊ တစ်လှည့်စီပြန်ပေါ်နေရသည့် ပြဿနာအဆုံးသတ်ရေးအတွက် ခေါင်းဆောင်များအားလုံး အဖြေပေးချိန်တန်ပြီဟု ထင်ပါသည်။ အမိမြေကို ကျူးကျော်စော်ကားလာသော ပြည်တွင်း၊ ပြည်ပရန်သူကို ချေမှုန်းခြင်းသည် တရားသောစစ်ပွဲဟု စစ်သွေး၊ စစ်မာန်ဖြင့်ဆိုပါက အမှန်တရားတစ်ခုဟု ယူဆကောင်းယူဆနိုင်သော်လည်း တကယ့်လက်တွေ့တွင်မူ ပစ်မိန့်ကိုနာခံကြရသည့် ရဲဘော်စစ်စစ်များနှင့် ပစ်ကွင်းကြားတွင် ပြေးလွှားကြရသော တိုင်းရင်းသား ပြည်သူ(လူထု)စစ်စစ်တို့သာ အမေ့ခံဘဝဖြင့် အဆုံးသတ်ကြရစမြဲပင် မဟုတ်ပါလော။ အဓိကဆိုလိုသည်မှာ စစ်ပွဲမှန်သမျှ မည်သည့်စစ်ပွဲမှ ဂုဏ်ယူဝင့်ကြွား စရာမရှိကြောင်းနှင့် ရခိုင်ပြည်မှ တိုက်ပွဲများအပါအဝင် မြန်မာပြည်တွင်းစစ်အဆုံးသတ်ရေးအတွက် စစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်များအနေနှင့် မိမိတို့လက်အောက်က စစ်မှန်သည့် စစ်သားနှင့် စစ်မှန်သည့်လူထု၏ အကျိုးစီးပွားကို အမှန်တကယ် ရှေ့တန်းတင်စဉ်းစားရတော့မည်ဖြစ်ကြောင်း သတိပေးလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၁၅ - ၁ - ၂၀၁၉ )