News

POST TYPE

EDITORIAL

ပြည်သူ့မျက်နှာကိုကြည့်ပြီး ပြတ်ပြတ်သားသားလုပ်ပါ (Daily Vol-6/No-238)
14-Jan-2019
ပြီးခဲ့သည့် ရက်ပိုင်းက ၂၀၁၈ ခုနှစ်အတွက်ထွက်လာသော ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်ဝါဒထူပြောမှု ညွှန်းကိန်းတွင် ကျွနု်ပ်တို့မြန်မာနိုင်ငံမှာ ၁၃ ဆင့်မြင့်တက်လာကာ အဆင့် ၂၄ နေရာသို့ရောက်ရှိလာသည်ကို ဝမ်းနည်းစွာပင် တွေ့မြင်လာရပါသည်။ အကြမ်းဖက်ဝါဒ၏ ဂယက်ရိုက်ခတ်ခြင်းခံရမှုကို လေ့လာတိုင်းတာသည့် အဆိုပါညွှန်းကိန်းသည် နိုင်ငံတစ်နိုင်ငံ၏ အစိုးရ သို့မဟုတ် စစ်တပ် စသည့်အဖွဲ့အစည်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုတို့ကို ထည့်သွင်းခြင်းမျိုးမဟုတ်ဘဲ အစိုးရမဟုတ်သော အခြားလက်နက်ကိုင် အုပ်စုများ၏ တိုက်ခိုက်မှုများကိုလေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ပေသည်။ တစ်နည်းအားဖြင့်ဆိုပါက နိုင်ငံအလိုက် အကြမ်းဖက်ဝါဒထူပြောလာမှုကို အဆင့်ဖြင့်သတ်မှတ်ဖော်ပြခြင်းဖြစ်ရာ ကျွနု်ပ်တို့နိုင်ငံသည် မတက်သင့်သည့်ကိစ္စတွင် အဆင့်တက်သွားသည်ဟုပင်ဆိုရပေမည်။ 

ယခင်အချိန်ကာလများက အကြမ်းဖက်ဝါဒ၊ အကြမ်းဖက်တိုက်ခိုက်မှုစသည်တို့ဆိုလျှင် မြန်မာနှင့် မဆိုင်သလိုသာဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ မြန်မာနိုင်ငံတွင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများမှာ အကြမ်းဖက်မှု သို့မဟုတ် အကြမ်းဖက်အုပ်စုတို့၏ ခြိမ်းခြောက်မှုကို တစ်စတစ်စ ရင်ဆိုင်နေကြရပြီဖြစ်ပေသည်။ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှု စတင်ပြီးတစ်နှစ် ကျော်ကာလအတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခမှာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုနှင့် အကြမ်းဖက်ဝါဒသန္ဓေတည်အောင် အစပျိုးပေးလိုက်သကဲ့သို့ရှိပေသည်။ ရန်၊ ငါ စည်းခြားသည့်အတွေးအမြင်မျိုးကို ရှေ့တန်းမတင်လိုသော်လည်း ရခိုင်ကိစ္စသည် မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအိပ်မက်ကို တစ်စုံတစ်ယောက်က အကွက်ကျကျ အညွှန့်ချိုးလိုက်သည့်ပုံစံမျိုးဖြစ်သွားခဲ့ပေသည်။ 

တစ်နည်းအားဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ အညှာကို ကောင်းစွာသိထားသူများက ရခိုင်ကိစ္စကို အမျိုးသားရေးအပါအဝင် ခေါင်းစဉ် မျိုးစုံတပ်ပြီးအမြတ်ထုတ်ခဲ့ကြရာ လက်ရှိမြန်မာ့ခေါင်းဆောင်များအပါအဝင် ကျွနု်ပ်တို့ တိုင်းပြည်သည် ကမ္ဘာ့အလယ်တွင်လူကြမ်း၊ လူရမ်းကားများ နေထိုင်သည့် အရပ်ဒေသတစ်ခုသဖွယ် သမုတ်ခံရသည်အထိဖြစ်လာခဲ့တော့သည်။ လူမှုကွန်ရက် Twitter ကိုထူထောင်ခဲ့သည့် ဂျက်ဒေါ်ဆေးဆိုလျှင် မန္တလေးနှင့် ပြင်ဦးလွင်ဘက်က ကမ္မဋ္ဌာန်းရိပ်သာတစ်ခုတွင် ဝိပဿနာအကျင့်များလာရောက် ကျင့်ကြံအားထုတ်မိ၍ အနောက်ကမ္ဘာက ပြင်းပြင်းထန်ထန်ဝေဖန်ခံရသည်အထိဖြစ်သွားခဲ့ဖူးသည်ကို စာဖတ်သူများမှတ်မိကြပါလိမ့်မည်။ 

ထိုအထဲတွင် အင်မတန်ဝမ်းနည်းစရာအကောင်းဆုံးသောကိစ္စတစ်ခုမှာ ကမ္ဘာလှည့်ခရီးသည်များအကြား(အထူးသဖြင့် အနောက်နိုင်ငံမှ ကမ္ဘာလှည့် ခရီးသည်များ) “ Is that ethical to visit Myanmar? ”ဟူသည့်ကိစ္စ ပျံ့နှံ့ခဲ့ကြခြင်းပင်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်မည်ဆိုပါက လူ့ကျင့်ဝတ်နှင့် ကိုက်ညီပါမည်လောဟူသည့် သဘောမျိုးအနောက်နိုင်ငံသားများအကြား ပြောဆိုလာကြကြောင်း The Voice သတင်းစာ၏ မိတ်ဆွေအချို့က ပြောပြ၍ သိရပါသည်။ ရှင်းရှင်းပြောရလျှင် နောက်ဆုံးတွင် တိုင်းပြည်နှင့် တိုင်းရင်းသား ပြည်သူလူထုမှာ အကြမ်းဖက်တိုက်ခိုက်မှုလည်းခံရသလို တစ်ဖက်တွင် အကြမ်းဖက်သမားများအဖြစ်ပါပုံဖော်ခံလိုက်ရသည့် အခြေအနေအထဲသို့ရောက်ရှိသွားရသည်မှာ အဆိုးဆုံးပင်ဖြစ်ပေသည်။ 

အစကတည်းက ညီညွတ်မှုမရှိခဲ့သည်ကတစ်ကြောင်း၊ ညီညွတ်မှုကို ဆောင်ကြဉ်းနိုင်မည့် တိကျပြတ်သားသော မူဝါဒများကို လက်ရှိအစိုးရအနေနှင့် မဖော်ထုတ်နိုင်သေးသည်ကတစ်ကြောင်း၊ နိုင်ငံရေးအမြတ်ထွက်ရေးနှင့် အာဏာရှင် စနစ်သက်ဆိုးရှည်ရေးလောက်သာသိကြသည့် အင်အားစုများက ဥပဒေကို ကောင်းစွာမထီမဲ့မြင်လုပ်နိုင်သေးသည်ကတစ်ကြောင်း စသည့်တို့ကြောင့် ပြောင်းလဲချိန်တန်ပေမယ့် အပြောင်းအလဲမဖြစ်သလို ဖြစ်နေခဲ့ပေသည်။ ပွင့်ပွင့်လင်းလင်းထပ်ပြောရမည်ဆိုပါက ဒီမိုကရေစီအစိုးရအနေနှင့် တိကျပြတ်သားသည့် မူဝါဒများကို ထိထိရောက်ရောက်ချမှတ်နိုင်ခြင်းမရှိခဲ့ပါက ဒီမိုကရေစီရေးပန်းတိုင်များ ဝေးသည်ထက်ဝေးဖို့သာရှိတော့ကြောင်း သတိပေးလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၁၃ - ၁ - ၂၀၁၉)