News

POST TYPE

EDITORIAL

အိတ်ရော၊ ဦးနှောက်ပါ ဖောင်းဖို့လိုပါတယ် (Daily Vol-6/No-237)
13-Jan-2019
“အိတ်ဖောင်းလို့ စိတ်ပြောင်းတယ်” ဆိုတဲ့စကားကို မြန်မာတွေအတော်များများ ပြောလေ့ရှိခဲ့ကြပါတယ်။ ငွေရေးကြေးရေး အဆင်မပြေဖြစ်နေချိန်မှာတစ်မျိုး၊ အဆင်ပြေသွားတဲ့အခါတစ်မျိုး လူ့စရိုက်တွေ၊ ပေါင်းသင်းဆက်ဆံမှုပုံစံတွေ အပြောင်းအလဲဖြစ်သွားတတ်တာရယ်၊ ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်နဲ့ ဂုဏ်ဒြပ် စတာတွေ ယခင်ကထက် မြင့်တက်သွားတဲ့အခါ အပြောအဆိုအမူအရာနဲ့ စိတ်နေစိတ်ထားပါ ပြောင်းလဲသွားလေ့ရှိတာရယ် စတာတွေကို ရည်ညွှန်းပြောဆိုကြတာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှ အိတ်ဖောင်းတယ်ဆိုတဲ့ကိစ္စဟာ ငွေရေးကြေးရေးကိစ္စတစ်ခုတည်းကိုပဲ ရည်ညွှန်းတာမျိုးမဟုတ်ဘဲ လူမှုဘဝအဆင့်အတန်းတွေ မြင့်တက်လာတဲ့သဘောကိုပါ ရည်ညွှန်းတဲ့သဘောမျိုးဖြစ်ပါတယ်။

ယခင်က တစ်လကို ဝင်ငွေသောင်းဂဏန်းခန့်ရှိခဲ့ရာမှ ယခုအခါ သိန်းဂဏန်း ဖြစ်လာတာမျိုး၊ ယခင်က တယ်လီဖုန်းတစ်လုံး(နံပါတ်တစ်ခု)ကို မိသားတစ်စုလုံးသာမက တစ်လမ်းတည်းနေ တခြားမိသားစုတွေပါ မှီခိုအသုံးပြုခဲ့ရာမှ ယခုအခါ လူတိုင်း ကိုယ်ပိုင်တယ်လီဖုန်းကိုယ်စီနဲ့ ဖြစ်လာတာမျိုး၊ ယခင်က ကားသစ်တစ်စီးဝယ်ဖို့နေနေသာသာ ကားစုတ်တစ်စီးကိုတောင် မျက်စောင်းမထိုးနိုင်ခဲ့တဲ့အနေအထားကနေ ယခုအခါ အသစ်နီးပါးကောင်းတဲ့ တစ်ပတ်ရစ်ကားတစ်စီးကို အလွယ်တကူဝယ်ယူလာနိုင်တာမျိုး၊ ယခင်က ခြံဝင်းနဲ့တိုက် မဆိုထားနှင့်၊ တိုက်ခန်းတစ်ခန်းကိုတောင် ဝယ်ဖို့ပင် အိပ်မက်မမက်နိုင်ဖြစ်ခဲ့ရာမှ ယခုအခါ တိုက်ခန်းတစ်ခန်းကို အရစ်ကျပေးဝယ်လာနိုင်တာမျိုး စတာတွေဟာလည်း အိတ်ဖောင်းလာတယ်ဆိုတဲ့ကိစ္စအတွက် Indicator တွေလို့ ဆိုရင်ရပါတယ်။ 

နိုင်ငံရေး၊ ပါတီရေး၊ ဂိုဏ်းဂဏအရေးစတာတွေကို ဖယ်ထားပြီး ခေတ်တစ်ခေတ်နဲ့တစ်ခေတ် မတူတဲ့အနေအထားတွေကို ပြန်ကြည့်မယ်ဆိုရင် ယခင်ကထက် လူမှုဘဝအဆင့်အတန်းတွေ မြင့်တက်လာတဲ့သဘော၊ ဖောင်းသင့်သလောက် အိတ်ဖောင်းလာတဲ့ သဘောမျိုးတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ ယခင် မ.ဆ.လ အစိုးရ ခေတ်က ဆပ်ပြာတစ်တုံး၊ ပေါင်ဒါတစ်ဘူးရဖို့ တိုးဝှေ့တန်းစီခဲ့ရတဲ့ ဘဝမျိုးဖြစ်ခဲ့ပြီး မြန်မာ့ရုပ်မြင်သံကြားက အချိန်အကန့်အသတ်နဲ့ ထုတ်လွှင့်ပြသတဲ့အစီအစဉ်တွေကို မကြိုက်လည်းကြည့်၊ ကြိုက်လည်းကြည့်ခဲ့ရတဲ့ နှစ်အတော်များများကို ဖြတ်သန်းခဲ့ကြရတာမဟုတ်ပါလော။ 

အခုဆိုလျှင် ချန်နယ်ပေါင်း တစ်ရာကျော်ပါတဲ့ ပြည်တွင်းကေဘယ်လ်ရုပ်သံလိုင်းတွေတင်မက ဂြိုဟ်တုစလောင်းအမျိုးမျိုး၊ လူမှုကွန်ရက်အမျိုးမျိုးကနေ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသမျှ ကိစ္စအဝဝကို စောင့်ကြည့်နိုင်သည်အထိဖြစ်လာခဲ့တာဟာ လူနေမှုဘဝတွေ အကောင်းဘက်ကို ပြောင်းလဲလာတာပဲဖြစ်ပါတယ်။ ခေတ်စနစ် ကိုယ်က (အခြားဖွံ့ဖြိုးပြီးနိုင်ငံများနှင့် တန်းတူမဖြစ်လျှင်သော်မှ) ကံ၊ ဉာဏ်၊ ဝိရီယ ရှိသူတွေအနေနဲ့ ယခင်ကထက် အိတ်ဖောင်းစေမယ့် အနေအထားမျိုးတွေ ဖြစ်လာအောင် ဖန်တီးလာတယ်လို့ပဲဆိုရမှာပါပဲ။ ရှေ့လာမယ့်အနာဂတ်မှာလည်း နိုင်ငံထဲမှာရှိနေတဲ့ ပြဿနာတွေ တစ်စထက်တစ်စ လျော့ပါးသွားပြီး တက်လာမယ့် အစိုးရသစ်တွေက နိုင်ငံတိုးတက်ရေးကို ဖန်တီးပေးနိုင်လေ အိတ်ဖောင်းတဲ့သူဦးရေတွေ များလာလေပဲဖြစ်မှာပါ။ အဲဒီမှာ တစ်ခုမေးဖို့လိုတာက အိတ်ဖောင်းဖို့တစ်ခုတည်းသက်သက်နဲ့ လူ့ဘဝဟာပြီးပြည့်စုံသွားပြီလားဆိုတဲ့မေးခွန်းက အရေးကြီးလာပါတယ်။ 

လူတစ်ယောက်ဟာ ဝင်ငွေတွေဘယ်လိုပဲကောင်းကောင်း၊ အဆင့်အတန်းမြင့်ပါတယ်ဆိုတဲ့ တိုက်တွေ၊ ကားတွေဘယ်လောက်ပဲ ပိုင်ပိုင်၊ ရာထူး၊ အာဏာတွေ ဘယ်လောက်ပဲရရ သူများနဲ့မတူတဲ့ လေးနက်တဲ့ အတွေးအခေါ်၊ အသိဉာဏ်နဲ့ ဆင်ခြင်တုံ တရားမျိုးမရှိခဲ့ဘူးဆိုရင် သူ့ရဲ့ဘဝဟာ အမြဲတမ်း အဓိပ္ပာယ်မဲ့နေမှာသေချာပါတယ်။ အိတ်ဖောင်းလာတဲ့အလျောက် ဉာဏ်ပညာရယ်၊ ဉာဏ်ပညာကြောင့်ဖြစ်တဲ့ ချစ်ခြင်းမေတ္တာရယ် မြင့်တက်လာပါမှ သူကိုယ်တိုင်လည်း အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပြီး သူ့ရဲ့ပတ်ဝန်းကျင်ကိုလည်း အဓိပ္ပာယ်ရှိရှိ လှပအောင် ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ရင် အိတ်ဖောင်းလို့ စိတ်ပြောင်းပြီး ဆင်ခြင်တုံတရားမဲ့ ထင်ရာစိုင်းတတ်တဲ့ ဘဝမျိုးနဲ့ပဲ အဆုံးသတ်သွားဖို့သာရှိပါတယ်။ အဲဒါကြောင့် မိမိဘဝ၊ မိမိရဲ့မိသားစု ဆွေမျိုးနဲ့ မိမိပတ်ဝန်းကျင် စတာတွေရဲ့ ကောင်းကျိုးကို လိုလားတယ်ဆိုရင် အိတ်ဖောင်းအောင်တစ်ခုတည်းပဲ အာရုံမစိုက်ဘဲ ဖောင်းလာတဲ့အိတ်နဲ့အတူ လေးနက်တဲ့ အသိဉာဏ်တွေ ဆတူတိုးတက်မြင့်မားလာအောင်ပါ ဝါယမစိုက်ထုတ်ကြဖို့ ယခုအယ်ဒီတာ့စကားကို ရေးသားလိုက်ရတာ ဖြစ်ပါတယ်။

အယ်ဒီတာ (၁၂ - ၁ - ၂၀၁၉)