News

POST TYPE

EDITORIAL

ကျန်းခံ့သာသော ပြန်လည်သင့်မြတ်မှု (Daily Vol-6/No-236)
11-Jan-2019

ပြီးခဲ့သည့် ၁၀ ရက်ကျော်ခန့်က သက်ကြီးစာပေပညာရှင်များအား ဂါရဝပြုသည့် အခမ်းအနားတစ်ခုတွင် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတစ်ဦး ကန်တော့ခံပုဂ္ဂိုလ်အဖြစ် ပါဝင်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ စာရေးဆရာများအကြားတွင်သာမက လူမှုကွန်ရက် အသုံးပြုသူ မြန်မာပြည်သူများအကြား ပွက်လောညံသွားခဲ့သည်ကို စာဖတ်သူများ မှတ်မိနေလိမ့်ဦးမည်ဟု ထင်ပါသည်။ အချို့က ယင်းပွဲစီစဉ်သူ (အဆိုပါ အငြိမ်းစား ဗိုလ်ချုပ်ကြီးကို ဖိတ်ကြားခဲ့သူ) ကို ပြစ်တင်ရှုတ်ချပြီး အချို့က ၎င်းကို ရှိခိုးကန်တော့ခဲ့သူများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပေသည်။ ကန်တော့ခဲ့သူများတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်လည်း ပါဝင်နေပေရာ ၎င်းကို မနှစ်မြို့သည့် အုပ်စုများအတွက် ပြောစရာနှင့် ဆိုစရာသာမက ဆဲစရာကိစ္စပါထပ်ရသွားပြန်တော့သည်။ 

တစ်ဖက်တွင် ကိုယ့်ထက်အသက် တစ်ရက်၊ တစ်မနက်ကြီးသူကို အရိုအသေပြုသည့် မြန်မာ့အလေ့အထရှိပြီး နိုင်ငံရေးအရ မည်သို့မျှ ဥဒါန်းကျေ၍ မရနိုင်သော ကိစ္စများရှိနေပြန်ရာ ယင်းကန်တော့ပွဲကိစ္စတွင် မည်သူကမှားသည်၊ မည်သူမှန်သည်ကို ဤနေရာတွင်မပြောလိုတော့ပေ။ ယင်းကိစ္စထက် အဆိုပါကန်တော့ပွဲနှင့်အတူ အသံထွက်လာသည့် ပြန်လည်သင့်မြတ်ရေးအတွက်ဟူသည့်ကိစ္စကိုသာ ဦးစားပေးပြောလိုပါသည်။ နိုင်ငံတကာသုံးဘာသာစကားဖြင့် Reconciliation ဟုခေါ်သည့် ပြန်လည်ရင်ကြားစေ့ရေး သို့မဟုတ် ပြန်ပေါင်းထုပ်မိရေးဟူသည့် ကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပညာရှင်များက အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြသည်ကို ယင်းအကြောင်းလေ့လာလိုက်စားသူမည်သူမဆို သိရှိထားပြီး ဖြစ်ပေသည်။ နိုင်ငံ၊ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်များကြောင့် အဓိပ္ပာယ်ဖွင့်ဆိုမှုများ မည်သို့ပင်ကွဲပြားခြားနားသည်ဖြစ်စေ စင်စစ်အားဖြင့် လူမှုဆက်ဆံရေးသဘောတရား တစ်ခုသာဖြစ်သော ပြန်လည်သင့်မြတ်ရေးကိစ္စအတွက် အဓိကလိုအပ်ချက်မှာ ခွင့်လွှတ်မှုနှင့် ဝန်ချတောင်းပန်မှု နှစ်ရပ်ကသာ အဓိက အခရာကျပေသည်။ 

ကျွန်ုပ်တို့ဖြတ်သန်းနေရသော လူမှုပတ်ဝန်းကျင်တွင် “သူနဲ့တော့ ဘယ်လိုမှ လက်တွဲမလုပ်နိုင်ဘူး”၊ “သူကမှ မတောင်းပန်ဘဲ၊ ငါကဘယ်လိုခွင့်လွှတ်ပေးရမှာလဲ”၊ “သူလုပ်ခဲ့တာ ငါဘယ်တော့မှမမေ့ဘူး” စသည့် အပြောများကို စာဖတ်သူတို့ ကျိန်းသေကြားဖူးကြပါလိမ့်မည်။ ဆက်ဆံရေး မပြေမလည်ဖြစ်သွားခဲ့သူနှစ်ဦး၊ တစ်နည်းအားဖြင့် ရန်ငြိုးရှိသွားသူနှစ်ဦး ပြန်လည်သင့်မြတ်ရေးတွင် ဖြစ်ခဲ့သမျှကို တစ်ဖက်သတ်ခွင့်လွှတ်ပေးနေရုံမျှလည်း ကိစ္စမပြီးပြတ်သလို လုပ်ခဲ့သမျှကို ဝန်ချတောင်းပန်ရုံနှင့်လည်း မပြီးပြတ်ပေ။ တောင်းပန်သူက တောင်းပန်သလို၊ ကျေအေးသူကလည်း ကျေအေးပေးပါမှ အမှန်တကယ်ရေရှည်ခံမည့် ရင်ကြားစေ့ရေး တစ်ရပ်ကို ဖန်တီးနိုင်မည်သာပင်ဖြစ်သည်။ 

ထိုသို့မဟုတ်ဘဲ ပြဿနာတစ်ရပ် အမှားလုပ်သူက တောင်းပန်မှုမရှိဘဲ ကျေအေးပေးရန်သာ တစ်ဖက်သတ်ဖိအားပေးတောင်းဆိုခံနေရမည်ဆိုပါက အက်ကြောင်းထနေသည့် ဖန်ပုလင်းထဲ၌ ရေထည့်သိမ်းဆည်းရန် ကြိုးစားနေသလိုသာ ဖြစ်နိုင်သောကြောင့်ပင်။ ဆိုလိုသည်မှာ အမှန်တကယ်စစ်မှန်သည့် ရင်ကြားစေ့မှု မဖြစ်သည်ကို ရင်ကြားစေ့သွားပြီဟူသော အထင်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို အကောင်အထည်ဖော်မိပါက အလွယ်တကူအောင်မြင်မှုရနိုင်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ တစ်ဖက်သတ်ကျေအေးပေးမှု သို့မဟုတ် တစ်ဖက်သတ်ဝန်ချ တောင်းပန်မှုမျိုးဖြစ်ခဲ့မည်ဆိုပါက အနုတ်လက္ခဏာဆောင်သည့် ငြိမ်းချမ်းမှု (စိတ်ချလို့မရနိုင်သေးသည့် ငြိမ်းချမ်းရေး) လောက်ကိုသာ ဖန်တီးနိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာ့အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် မည်ကာမတ္တ ကြိုးစားအားထုတ်မှုမျိုးလောက်ဖြင့် ဖြစ်နိုင်ခြေမရှိကြောင်း မီးမောင်းထိုးပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၁၀-၁-၂၀၁၉)