POST TYPE

EDITORIAL

ပုဂ္ဂလိကသတင်းစာတစ်စောင်၏ ရင်ဖွင့်စကား (Daily Vol-6/No-235)
10-Jan-2019

စမတ်ဖုန်းနှင့် တက်ပလက်များမှတစ်ဆင့် လူမှုကွန်ရက်မီဒီယာများကို အလွယ်တကူအသုံးပြုနိုင်သော ယနေ့ခေတ်တွင် ပုံနှိပ်မီဒီယာများ၏ အခန်းကဏ္ဍမှာ အကြီးမားဆုံးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့လာရရုံမျှမက ရှေ့ဆက်အသက်ဆက်နိုင်ပါတော့မည်လောဟုပင် မေးရမည့်အခြေအနေသို့ဆိုက်ရောက်လျက်ရှိသည်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ပင်ဖြစ်ပေသည်။ ပုံနှိပ်အက္ခရာ၊ ပုံနှိပ်စကားလုံးထက် ဒစ်ဂျစ်တယ်အက္ခရာ၊ ဒစ်ဂျစ်တယ်စကားလုံးများက လူအများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်နိုင်သည့် အနေအထားရှိလာသည်ကတစ်ကြောင်း၊ လူအများအနေနှင့် သတင်းနှင့် အခြားအကြောင်းအရာမျိုးစုံကို ဒစ်ဂျစ်တယ်စကားလုံးများ သာမက Movie ဖိုင်များ၊ တိုက်ရိုက်ထုတ်လွှင့်သည့် Live Stream များမှတစ်ဆင့် ကြည့်ရှုနိုင်ကြသည်က တစ်ကြောင်းကြောင့် ပုံနှိပ်မီဒီယာများ၏ ရှေ့ရေးမှာ မပီဝိုးတဝါးဖြစ်လာခြင်းပင်။ လူမှုကွန်ရက်မီဒီယာများခေတ်တွင် ပို၍ ရှင်းရှင်းလင်းလင်းဖြစ်လာသည်မှာ သတင်း (News) ဟူသည် လူသားတိုင်း လုံးလုံးလျားလျား အခမဲ့ဖတ်ရှုသိရှိခွင့်ရှိသော အရာဖြစ်သွားခြင်းပင်။ 

ဤသည်ကိုပင် သတင်းမီဒီယာများ၊ အထူးသဖြင့် ပုံနှိပ်သတင်းစာများ နိဂုံးချုပ်ပြီလော၊ တစ်နည်းအားဖြင့် “ပုံနှိပ်သတင်းစာတွေ ကျဆုံးခန်းရောက်ပြီလော”ဟု မေးစရာဖြစ်လာပါသည်။ ရုတ်တရက် အပေါ်ယံစဉ်းစားကြည့်မည်ဆိုလျှင် စာဖတ်သူတွေ (ပြည်သူတွေ) မီဒီယာနှင့် ထိတွေ့မှုမရှိတော့သည့် သဘောမျိုးဖြစ်နေသော်လည်း အမှန်တကယ်တွင်မူ လူအများအနေနှင့် မီဒီယာများနှင့် ယခင်ကထက် ပိုမိုထိတွေ့ခွင့်ရလာသောကြောင့်သာ သတင်းမီဒီယာများ၏ အခန်းကဏ္ဍ အရေးမပါသည့် သဘောမျိုးသို့ သက်ရောက်သွားခြင်းသာဖြစ်ပေသည်။ သို့သော် ဤခေတ်၏ ပြဿနာမှာ တစ်ဖက်တွင် လူမှုကွန်ရက်များပေါ်၌ လူတိုင်း၊ လူတိုင်း သတင်းထောက်ဖြစ်သလို၊ သတင်းဓာတ်ပုံဆရာသဘောမျိုးဖြစ်ကာ သတင်းစီးဆင်းမှု၊ ပျံ့နှံ့မှု အလွန်အားကောင်းသည့် အနေအထားဖြစ်သော်လည်း အခြားတစ်ဖက်တွင် သတင်းတုနှင့် သတင်းအစစ်ခွဲခြားရန် ခက်ခဲလာခြင်းပင်ဖြစ်ပါသည်။ 

ဆိုလိုသည်မှာ လူမှုကွန်ရက်ဟူသည် သတင်းပျံ့နှံ့သွားစေရန်လွန်စွာ ထိရောက်မှုရှိစေသည့် အရာဖြစ်သော်လည်း သတင်းစစ်နှင့် သတင်းတုခွဲခြားရေးအတွက်သော်လည်းကောင်း၊ သတင်းဖြစ်ရပ်များကို ယထာဘူတကျကျ လေ့လာဆန်းစစ်ဝေဖန် ထောက်ပြသည့်အပိုင်းတွင်လည်းကောင်း တာဝန်ခံထားနိုင်မှုအပြည့်အဝရှိသည့် မူလလက်ဟောင်း မီဒီယာများ၏ အခန်းကဏ္ဍမှာ အရေးပါသည့်အနေအထားထဲတွင် ဆက်ရှိနေဆဲသာဖြစ်ပါသည်။ မှန်ပါသည်။ ပုံနှိပ်သတင်းစာများ ရပ်တည်ရန် ခက်ခဲသည်မှာ ငြင်းမရသောကိစ္စဖြစ်သည်။ အမေရိကန်အခြေစိုက် New York Times ဆိုလျှင် တစ်လလုံးအတွက် ၅ ဒေါ်လာမျှဖြင့် ဖတ်ရှုခွင့်ကို အွန်လိုင်းတွင် ရောင်းချနေသည်။ အချို့နာမည်ကြီး သတင်းစာများဆိုလျှင် ဖတ်ရှုခွင့်ကို အခမဲ့ပေးလိုက်ပြီး မီဒီယာဝန်ထမ်းများ (ဂျာနယ်လစ်များ) ရပ်တည်ရေးအတွက် အလှူငွေသဘောမျှသာ သဒ္ဓါသလောက်ထည့်ဝင်ပေးရန် မေတ္တာရပ်ခံလာကြသည်ကို တွေ့ရပေသည်။ ပြင်သစ်နိုင်ငံဆိုလျှင် အစိုးရက သူ့ကို ယထာဘူတကျကျအထိရောက်ဆုံး ဝေဖန်နိုင်သည့် ပုံနှိပ်သတင်းစာများကို ထောက်ပံ့ကြေးပေးသွားရန် စီစဉ်လျက်ရှိသည်ဟု သိရပါသည်။ စမတ်ဖုန်း၊ အင်တာနက်နှင့် ကွန်ပျူတာ စသည့် နည်းပညာခေတ်တွင် သတင်းမီဒီယာများအားလုံးနီးပါး အခက်ကြုံနေကြရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ပုဂ္ဂလိကသတင်းစာ အတော်များများ ရပ်တည်ရန်ခက်ခဲလျက်ရှိသည်။ ယင်းထဲတွင် ၂၀၁၃ ခုနှစ်၊ ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ရချိန်၌ ပထမဆုံးထုတ်ဝေခဲ့သည့် ကျွန်ုပ်တို့ The Voice Daily လည်း ပါဝင်ပေသည်။ မည်မျှအတိုင်းအတာအထိ ကျပ်တည်းသွားသနည်းဆိုလျှင် အိမ်တိုင်ရာရောက် The Voice သတင်းစာပို့ပေးသည့် စနစ်ကိုပင် ယာယီဆိုင်းငံ့လိုက်ရသည့် အခြေအနေသို့ ရောက်သွားခဲ့သလို ဝန်ထမ်းအချို့ကိုပါ ဝမ်းနည်းစွာ လျှော့ချခဲ့ရပေသည်။ ကျွန်ုပ်တို့ သတင်းစာတိုက်မှ အယ်ဒီတာကြီးများမှာ သတင်းကိစ္စ၊ ဆောင်းပါးကိစ္စသာမက သတင်းစာတိုက်ရှေ့ဆက်အသက်ဆက်နိုင်မည့် နည်းလမ်း၊ တစ်နည်းအားဖြင့် Newspaper Business ကိုပါ စားလည်းသည်စိတ်၊ သွားလည်းသည်စိတ်ဖြစ်ဖြင့် အလုပ်နှစ်ဆတိုးလုပ်ကြရပါသည်။ သတင်းအယ်ဒီတာများနှင့် သတင်းထောက်များ အပါအဝင် သတင်းစာတိုက်၏ အရေးကြီးသော ဝန်ထမ်းများအားလုံး၏ ညီညွတ်သောစိတ်နှင့် လုံ့လဝီရိယကြောင့်သာ ကျွန်ုပ်တို့ သတင်းစာတိုက်ပြိုလဲသွားမည့်ဘေးမှ ပွတ်ကာသီကာလွတ်ထွက်လာခြင်းသာဖြစ်ပါသည်။ 

ဆရာကြီးကြေးမုံဦးသောင်းတို့ခေတ်က သတင်းစာဆရာကြီးများ မည်သို့သော အခက်အခဲမျိုးနှင့် ကြုံတွေ့ခဲ့ရသည်ကို ခရေစေ့တွင်းကျမသိသော်လည်း ဤခေတ် ဤကာလကို ထိုသတင်းစာဆရာကြီးများအားတွေ့စေ၊ မြင်စေလိုပေသည်။ မည်သို့ပင် ဆိုစေကာမူ ကျွန်ုပ်တို့သတင်းစာအကျပ်အတည်းဖြစ်နေသည့် ကာလအတွင်း မိမိဘက်က တတ်နိုင်သလောက် အကူအညီပေးရန် ကာယစွမ်းအား၊ ဉာဏစွမ်းအားဖြင့် ကြိုးပမ်းပေးခဲ့သူအားလုံးကို The Voice အနေနှင့် အထူးပင်အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်းနှင့် အခက်အခဲ အကျပ်အတည်းကာလမှ အပြီးပြတ်ရုန်းထွက်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားမည့်အကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၉-၁-၂၀၁၉)